ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှုအတွက် အယူခံတစ်လကို သုံးကြိမ်မြောက်ထပ်မံတောင်းဆိုရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှုအတွက် အယူခံတစ်လကို သုံးကြိမ်မြောက်ထပ်မံတောင်းဆိုရရှိ



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ဗဟိုတရားရုံးသို့ အယူခံတင်သွင်းရမည့်ရက်ကို မေလ ၂၃ ရက်ဟု သတ်မှတ် ထားသော်လည်း နောက်ဆုံးအယူခံလွှာဖြစ်သည့်အတွက် စနစ်တကျပိုမိုပြင်ဆင်နိုင်ရန်အတွက် ထိုင်းရှေ့နေများကောင်စီမှ အချိန်တစ်လ ထပ်မံတိုးပေးရန် မေတ္တာရပ်ခံလိုက်သည့်အတွက် ထိုင်းတရားရုံးမှ အယူခံတင်မည့်ရက်ကို ၂၀၁၇ခုနှစ်၊ ဇွန်လ ၂၃ ရက်သို့ ထပ်မံခွင့်ပြုလိုက်ကြောင်း ထိုင်းရောက်မြန်မာနိုင်ငံသားများအရေးဆောင်ရွက်ပေးနေသည့် ပညာရေးနှင့် ဖွံဖြိုး တိုးတက်ရေးဖောင်ဒေးရှင်း FED မှ သတင်းရရှိသည်။
.
.
ယင်းကိစ္စနှင့်ပတ်သက်၍ လွိုင်ကော်အခြေစိုက် FED ကိုယ်စားလှယ် ဦးဗညားက မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။
.
အဆိုပါရက်တိုးတောင်းခြင်းကို  မေလ ၁၆ ရက်က မူလတရားရုံးဖြစ်သည့် ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့စမွေ တရားရုံးသို့ ထိုင်းရှေ့နေကောင်စီ၏လုပ်ပိုင်ခွင့် လွှဲပြောင်းစာနှင့်အတူ ဒေသခံရှေ့နေများမှ သွားရောက်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကော့စမွေအယူခံရုံးမှ ဇွန်လ ၂၃ ရက်နေ့သို့ အယူခံတင်ရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါခွင့်ပြုမိန့်ကို လူသတ်မှုဖြင့် ဖမ်းဆီးချုပ်နှောင်ထားသည့် ၀င်းဇော်ထွန်းနှင့်ဇော်လင်းတို့ကို ၄င်းတို့ရှိရာ နွန်ထပူရီခရိုင်၊ ဘန်ခွန်အကျဉ်းထောင်တွင် လာရောက်ဖတ်ကြားပြခဲ့ခြင်းဖြစ်ကြောင်း FED မှအမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ဆိုသည်။
.
ကော့စမွေ အယူခံတရားရုံးမှ အယူခံလွှာကို ဖေဖော်ဝါရီ ၂၃ ရက်က ပယ်ချခဲ့ပြီးနောက် ဗဟိုတရားရုံးသို့နောက်ဆုံး အယူခံ တင်သွင်းရန် ရက်ရွှေ့ဆိုင်းခွင့်ရခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် သုံးကြိမ်မြောက်ရှိပြီးဖြစ်သည်။
.
ထိုင်းရှေ့နေများကောင်စီအနေဖြင့် ဗဟိုတရားရုံးသို့တင်သွင်းရန် အယူခံလွှာမှာ အဆင်သင့်ဖြစ်နေပြီးဖြစ်သော်လည်း လိုအပ် သည့် အသေးစိတ်အချက်အလက်များနှင့် မြန်မာအစိုးရမှ ခန့်အပ်ထားသည့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေနှင့်လိုအပ်သည် များ ထပ်မံဖြည့်စွက်နိုင်ရန်အတွက် ထိုင်းဥပဒေကြောင်း(ရပိုင်ခွင့်)အရ အချိန်ထပ်မတိုးတောင်းနေခြင်းဖြစ်ကြောင်း FED ၏ မန်းနေဂျင်းဒါရိုက်တာ ဦးထူးချစ်က ဆိုသည်။
.
မေလ ၁၂ ရက်နေ့က ပင် FED အနေဖြင့် ရန်ကုန်မြို့ Orchid Hotel တွင် “လိပ်ကျွန်းက ပဲ့တင်သံ“ ရုပ်သံမှတ်တမ်းနှင့် သတင်းစာရှင်းလင်းပွဲကိုပြုလုပ်ခဲ့သေးကြောင်း၊ မြန်မာလုပ်သားနှစ်ဦးလွတ်မြောက်ရေးအတွက် မြန်မာအစိုးရအနေဖြင့် ပြည် ထောင်စုအဆင့်ဖြင့်တိုက်တွန်းညှိနှိုင်းဆောင်ရွက်ရန် ယင်းသတင်းစာရှင်းပွဲတွင် ဦးထူးချစ်ကတောင်းဆိုခဲ့သေးသည်ဟုဆိုသည်။
.
မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားများဖြစ်သည့် ၀င်းဇော်ထွန်းနှင့်ဇော်လင်းတို့သည် ထိုင်းနိုင်ငံလိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသားနှစ်ဦဖြစ်သည့် David Miller နှင့် Hannah Witheridge တို့ကို သတ်ဖြတ်ခဲ့မှု ဖြင့်  ထိုင်းတရားရုံးမှ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats