တာချီလိတ်တွင် အမျိုးသား တစ်ဦး ရေသောက်ရင်း လဲကျသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် အမျိုးသား တစ်ဦး ရေသောက်ရင်း လဲကျသေဆုံး



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်တွင် မေလ ၁၄ ရက်နေ့ နံနက်(၁၀)နာရီက အမျိုးသားတစ်ဦးသည်
လမ်းဘေး ရေချမ်းစင်ရှေ့တွင် လဲကျသေဆုံးသဖြင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ၏ အကူအညီတောင်းခံချက်အရ လိုအပ်သည်များ ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းမှ သိရသည်။


“ရပ်ကွက်ရုံးက ဖုန်းဆက်လာလို့ သွားတော့ ကချင်ရွာအ၀င် ရေအိုးစင်ရှေ့မှာလဲကျနေတာ တွေ့ရတယ်၊ ရေသောက်ရင်း ရေသီးတာလား မသိပါဘူး၊ ဆေးရုံပို့မယ်လုပ်တုန်း ဆုံးသွားပါတယ်၊ ရေအိုးအဖုံးလည်း ပွင့်နေတယ်“ဟု တာချီလိတ် နာရေးကူညီမှု အသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။

အဆိုပါ သေဆုံးသူမှာ ဦးစိန်သန်း(ခ) ကရင်(၄၃)နှစ်ဖြစ်ပြီး အိမ်ခြေမဲ့သူ တစ်ဦးဖြစ်သည်ဟု သိရပြီး အလောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တို့မှ စစ်ဆေးချက်များ ပြုလုပ်ပြီးနောက် ဆရာဝန်များ စစ်ဆေးနိုင်ရန်အတွက် တာချီလိတ်ပြည်သူ့ဆေးရုံရေခဲတိုက်သို့ ပို့ဆောင်ပေးခဲ့ပြီး ဆရာဝန်ဆေးစစ်ချက် ပြီးဆုံးပါက တာချီလိတ်နာရေးကူညီမှု အသင်းမှ ကောင်းစွာမီးသဂြိုလ်ပေးသွားမည်ဖြစ်ကြောင်း ဦးလှမိုးက ဆိုသည်။

တာချီလိတ်မြို့သည် ရွှေတြိဂံဒေသ နယ်စပ်မြို့ဖြစ်သည်နှင့်အညီ ရပ်နီးရပ်ဝေးမှ အကြောင်းအမျိုးမျိုးဖြင့် လာရောက်ကြသူ များပြားသလို၊ မူးယစ်ဆေးစွဲပြီးဘ၀ပျက်နေသူများ၊ စိတ်မနှံ့သူများ၊ အိမ်ခြေယာမဲ့များ ပေါများသည့်အလျောက် ၄င်းတို့မှာ မကြာခဏဆိုသလို ကျန်းမာရေးစောင့်ရှောက်ခံရမှု၊ စားဝတ်နေရေးခက်ခဲမှုများကြောင့် လမ်းဘေးနှင့် လူသူဝေးရာများတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။

Journal Download

Photo of three cats