မိုင်းကိုင်တွင် ကျောက်မီးသွေးတူးဖော်သည့် ကုမ္ပဏီမှ လုပ်ငန်းများ ရပ်ဆိုင်းခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်နေသဖြင့် သံဃာတော်များမှ ကန့်ကွက်နိုင်ရေး ဆောင်ရွက်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းကိုင်တွင် ကျောက်မီးသွေးတူးဖော်သည့် ကုမ္ပဏီမှ လုပ်ငန်းများ ရပ်ဆိုင်းခြင်းမပြုဘဲ ဆက်လက်ဆောင်ရွက်နေသဖြင့် သံဃာတော်များမှ ကန့်ကွက်နိုင်ရေး ဆောင်ရွက်နေ



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း


ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် ဟိန်းမေတ္တာ ကုမ္ပဏီသည် ဧပြီလ ၁၃ ရက်၊ ဒေသခံလူထုနှင့်တွေ့ဆုံစဉ်က ပေးခဲ့သည့်ကတိအရ တစ်လပြည့်သည့် မေလ ၁၃ ရက်တွင် လုပ်ငန်းများ ရုတ်သိမ်းရမည်ဖြစ်သော်လည်း ကတိအတိုင်း မရုတ်သိမ်းသည့်အပြင် ၀ါးတားဂိတ်များ၊ ဆိုင်းဘုတ်များကို အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်လာသောကြောင့် သံဃာတော်များမှ လုပ်ကွက်သို့ သွားရောက်ကာ တွေ့ဆုံမှတ်တမ်းယူကာ ဆက်လက် ကန့်ကွက်နိုင်ရေးအတွက် နည်းလမ်းရှာ လုပ်ဆောင်နေကြောင်းကြောင်း သိရသည်။


ယင်းကိစ္စနှင့် ပတ်သက်၍ RCSS နယ်မြေတာဝန်ခံမှ သံဃာတော်များနှင့် တွေ့ဆုံရန်လျှောက်ထားခဲ့သော်လည်း ယနေ့ထိ လာရောက်တွေ့ဆုံခြင်း မရှိသေးကြောင်း သံဃာတော်များထံက သိရသည်။

“ခွင့်တောင်းပြီး ၀င်ရတယ်၊ ယခင်က မရှိတဲ့ ၀ါးတားဂိတ်နဲ့  ဆိုင်းဘုတ်တွေ တွေ့လာတယ်၊ အ၀င်မှာ ဂိတ်စောင့်နေတဲ့ မိုင်းကိုင်မြို့နယ် NLD  ဒုဥက္ကဌ ဦးတင်ဦးဆိုသူက ဘယ်ကလဲ ဘာညာ မေးပြီး မှတ်တမ်းယူတယ်၊ ပြီးတော့ အရပ်ဝတ်နဲ့RCSS အဖွဲ့ဝင်တွေကိုလည်း တွေ့ရတယ်၊ ကုမ္ပဏီတာဝန်ရှိသူကို မေးမြန်းဖို့လုပ်တော့ မန်နေဂျာက ကုမ္ပဏီဥက္ကဌကဆီက ဘာမှညွှန်ကြားမှုမရှိလို့ ရုတ်သိမ်းမှုမရှိသေးဘူးလို့ ပြောတယ်၊ RCSS က အရပ်ဝတ်နဲ့လုံခြုံရေးယူနေသူတွေကိုမေးတော့ ၁၅ ရက်လောက်ရှိပြီ၊ အမိန့်အရ လာရတာလို့ ပြောတယ်၊ ဒီကိစ္စအရ RCSS နယ်မြေ(၇) (၉)နယ်မြေတာဝန်ခံတွေနဲ့ တွေ့မယ်၊ ဌာနချုပ်လွယ်တိုင်းလျန်းအထိ တက်မယ်၊ ဌာနချုပ်က ခွင့်ပြုထားတယ်ဆိုရင် ဆန္ဒ ဆက်ပြမယ်၊ ခွင့်ပြုမထားဘူးဆိုရင်တော့ ကုမ္ပဏီကို ရုတ်သိမ်းဖို့ ပြောမယ်“ဟု ဆရာတော်များက မိန့်ကြားသည်။

လူထုရှေ့က ရပ်ရမည့်၊ အဖွဲ့အစည်း၊ ပါတီတွေက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့် ကုမ္ပဏီ၏ရှေ့ မှ လူထုနဲ့ ဆန့်ကျင်ပြီး ရပ်လာတာကို သဘောမတွေ့ကြောင်း လုပ်ကွက်သို့ သွားရောက်မှတ်တမ်းရယူသည့် မွေတော်မြောက်ကျောင်းမှ ဆရာတော် ဦးသောစေယျကလည်း မိန့်ကြားသည်။


ယင်းသို့သွားရောက်ရာတွင် လွိုင်လင်ဆရာတော် ဦးအဂ္ဂသေန၊ ၀မ်ဖွီးကျောင်းဆရာတော် ဦးအာလောက၊ ဟိုခဲကျောင်း ဆရာတော် ဦးအာလိယ၊ ထိုင်းနိုင်ငံမဟာချုလာလောင်ကွန်းတက္ကသိုလ်မှ စာသင်သားဆရာတော် ဦးဝါလိန္ဒနှင့် ကျောင်းခမ်းမှ ဦးပဇ္ဈင်းတစ်ပါး၊ မြို့လူထု စိုင်းခေးလျန်းတို့ ပါဝင်ကြောင်း သိရသည်။

တွေ့ဆုံမှုနှင့် ပတ်သက်၍ မေလ ၁၃ ရက်က ခိုလမ်မြို့ရှိ RCSS ဆက်ဆံရေးရုံး တာဝန်ခံ စ၀်ဒေ၀ိန်ထံသို့ ဦးသောစေယျက ဖုန်းဖြင့်ပြောကြားရာတွင် ဆက်ဆံရေးတာဝန်ခံမှ ဓာတ်ပုံအထောက်အထားအပြည့်အစုံဖြင့် ဌာနချုပ်သို့ သွားရောက်တွေ့ဆုံသင့်ကြောင်း အကြံပြုလျှောက်ထားခဲ့သည်ဟု ဆရာတော် ဦးသောစေယျထံမှ သိရသည်။

နယ်မြေတာဝန်ခံ စိုင်းထွန်းထွန်းမှ လာရောက်တွေ့ဆုံလိုကြောင်း ပြောကြားလာသော်လည်း ယနေ့အချိန်ထိ လာရောက်တွေ့ဆုံခြင်း မရှိသေးကြောင်း၊ နယ်မြေတာဝန်ခံထံမှ ဂဃနဏသိပြီးပါက ဆက်လုပ်မည့်ကိစ္စများကို သံဃာနှင့် လူထုစည်းဝေး၍ တိုင်ပင်သွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စအတွက် Tai Yong Network အဖွဲ့မှ လူငယ်များလည်း သံဃာတော်များနှင့် လာရောက်ပူးပေါင်းရန်ရှိကြောင်း ဦးသောစေယျက မိန့်ကြားသည်။


၎င်းအပြင် ကုမ္ပဏီဒါရိုက်တာမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံသို့  ဆက်သွယ်၍ တာဝန်ရှိသူများထံမှ လုပ်ကိုင်ခွင့် လက်မှတ် ရထားပြီးကြောင်း၊  နိုင်ငံခြားတွင် ကျောက်မီးသွေးကြောင့် ဆိုးကျိုးမရှိသည်ကို လွှတ်တော်ကိုယ်စားလှယ်(၃)ဦး၊ သံဃာတော်(၃)ပါး၊ ရပ်မိရပ်ဖအချို့ကို လေ့လာစေချင်သဖြင့် ၄င်းအစီအစဉ်ကို ဖော်ဆောင်ရန် ဦးစိုင်းလုံမှ စည်းရုံးပေးစေလိုကြောင်း ပြောကြားရာ ဦးစိုင်းလုံမှ ၄င်းအနေဖြင့်  ခွင့်ပြုသည်ဆိုသည်ဆိုသော စာကို ပြနိုင်မှသာ လူထုကို တင်ပြပေးနိုင်မည်ဖြစ်ကြောင်းပြောရာ၊ ဒါရိုက်တာမှ ခေတ္တသာပြနိုင်မည်၊ မိတ္တူကူးယူခွင့်မပြုနိုင်ဟု ပြောသဖြင့် ဦးစိုင်းလုံမှ ကုမ္ပဏီမှ လူထုသို့သာ တိုက်ရိုက် ပြောကြားစေလိုသည်ဟု ပြောကြားခဲ့ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက ပြောပြသည်။

အဆိုပါ ကျောက်မီးသွေးတူးဖော်မှုကုမ္ပဏီသည် ၄င်းတို့ အသုံးပြုနေသည့် စက်ယန္တရားများကို တာချီလိတ်ဘက်ရှိ စက်ယန္တရားကုမ္ပဏီတစ်ခုမှ ငှါးရမ်းလုပ်ကိုင်နေသည်ဖြစ်ရာ ပျက်စီးသွားသည့် ယန္တရား(၂)စက်အတွက် လျော်ကြေးတောင်းခံရန်နှင့် ငှားရမ်းထားသည့် စက်ယန္တရားများ ပြန်လည်ရုတ်သိမ်းရန်အတွက် စက်ယန္တရားကုမ္ပဏီ၏ ကိုယ်စားလှယ်ဖြစ်သူသည် မိုင်းကိုင်သို့ ရောက်ရှိနေကြောင်း ဒေသခံများထံက သိရသည်။

ဒေသခံလယ်ယာမြေများသို့  ရေသွယ်ယူနေသည့် ရေသွယ်မြောင်းများ ပျက်စီးမှု၊ ထင်းရူးတောများ ပျက်စီးမှု၊ ဇာတိမြေ သဘာဝန်းကျင် ပျက်စီးမှုတို့ကြောင့် သံဃာတော်များနှင့် လူထုမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် ကန့်ကွက်ခဲ့ရာ ပြည်သူ့လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းဖြင့် မေးမြန်းခဲ့သော်လည်း ယခုချိန်ထိ ရုတ်သိမ်းမှုမပြုသေးသည့်အတွက် ဧပြီလ ၁၁ ရက်က ဒေသခံလူထု အင်အား(၄၀၀၀)ကို သံဃာတော်များမှ ဦးဆောင်၍ ကျိန်စာတိုက်ကန့်ကွက်ခဲ့ကြပြီး၊ ကုမ္ပဏီမှ တစ်လအတွင်း လုပ်ငန်းများ ရုတ်သိမ်းပေးမည်ဟု ကတိခံပြီးနောက် ယခုအခါတွင် ကတိမတည်မှုကြောင့်  သံဃာတော်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံလူထုများနှင့် သဘောထား တင်းမာလာလျက် ရှိနေကြောင်း သိရသည်။

Journal Download

Photo of three cats