လားရှိုးရှိ ဟိုတယ်ကြီး ၁၀ ခုကို လက်နှက်ကိုင်အဖွဲ့စည်းတစ်ခုမှ ဆက်ကြေးတောင်းစာနှင့် သေနတ်ကျည်ဆံ တစ်တောင့် ပေးသွားမှုကြောင့် ဒေသခံများ စိုးရိမ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးရှိ ဟိုတယ်ကြီး ၁၀ ခုကို လက်နှက်ကိုင်အဖွဲ့စည်းတစ်ခုမှ ဆက်ကြေးတောင်းစာနှင့် သေနတ်ကျည်ဆံ တစ်တောင့် ပေးသွားမှုကြောင့် ဒေသခံများ စိုးရိမ်



လင်းလင်း (လားရှိုး)၊ ကမ္ဘောဇတိုင်း
.
လားရှိုးမြို့တွင်းရှိ ဟိုတယ်ကြီးများသို့ မေလ(၂၃)ရက် ညပိုင်းတွင် လူငယ်နှစ်ဦးမှ စာတစောင် လာရောက်ကာ ပေးပို့သွားပြီး ထိုစာအိတ်အတွင်း သေနတ်ကျည်တစ်တောင့်နှင့် စာတစ်စောင်ပါရှိကြောင်း၊ ထိုစာမှာ ယင်း ဟိုတယ် မှ ၄င်းတို့အဖွဲ့အစည်း PSLF/TNLA အခွန်ဦးစီးဌာနသို့ ရန်ပုံငွေပေးဆောင် ရမည်ဖြစ်ပြီး ၂၄-၅-၂၀၁၇ နေ့ နောက်ဆုံးထားကာ ပေးဆောင်ရမည်ဖြစ်ကြောင်း ရေးသားထားသော ဆက်ကြေးတောင်း သည့်စာဖြစ် ကြောင်း နှင့် PSLF / TNLA အခွန်ဦးစီးဌာန လူပုဂ္ဂိုလ် အမည်တခုပေါ်တွင် လက်မှတ်ရေးထိုးထားပြီး မေ (၂၂) ရက်၊ နေ့စွဲပါ စာဖြစ်ကြောင်းသိရှိရသည်။ 
.
.
ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် နယ်မြေခံရဲတပ်ဖွဲ့များ၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ပါ ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ ရပ်ကွက်(၁) ဘူတာလမ်းရှိ  ဟိုတယ်တစ်ခုအား ဆက်ကြေးတောင်းသည့် စာကိုလာရောက်ပေးပို့သွားသော လူငယ်နှစ်ဦး တရုတ်နိုင်ငံထုတ် 125 အမျိုးအစား ဆိုင်ကယ်နှင့် စီးနင်းထွက်သွားစဉ် ၄င်းဆိုင်ကယ်နောက်သို့ ထပ်ချပ်မကွာ လိုက်လံဖမ်းဆီးရမိရေး ပြုလုပ်ခဲ့ရာတွင် ရပ်ကွက်(၁၁) မြို့ဝမ်လမ်းခွဲအနီး၌ မျက်ခြေပြတ် သွားသဖြင့် ထိုနေ့ညပိုင်း အတွင်းမှာပင်  လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ၏အနီးကပ်ကြီးကြပ် ကွပ်ကဲမှုဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူး  ဦးစီးအဖွဲ့၊  ရပ်ကွက်(၁၀) ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ၊ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့၊ ထိုပူးပေါင်းတပ်ဖွဲ့ များမှ ထိုနေ့၏ည (၈း၂၅) အချိန်မှ စတင် ကာလားရှိုးမြို့ရှိ ပလောင်လူမျိုး အများစုနေထိုင် သော ရပ်ကွက်များ၊ နယ်မြေများသို့ ပိတ်ဆို့ရှာဖွေ စစ်ဆေး မှုများ ပြုလုပ်လျှက်ရှိကြောင်း လားရှိုးမြို့ရှိ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး မှသိရသည်။
.
“ကျွန်တော်တို့  ဟိုတယ်လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဒီဖြစ်စဉ်ဟာ အတော်လေး အခက်အခဲဖြစ်နေရတဲ့ ဖြစ်စဉ်လို့ ပြောရမှာဖြစ်နေပါတယ်။ ဒီလိုဆက်ကြေးတောင်းနေတာက အခုပေးပို့လာတဲ့ စာထဲကပါတဲ့အတိုင်းပဲ ဖုန်းနဲ့ဆက်ပြီး တောင်းနေတာက (၃)လလောက်ကိုရှိခဲ့ပါပြီ။ အစကတော့ ကောင်းကောင်းပြောတယ်။ နောက်တော့ စကားပြောတာတွေက ကြမ်းလာတယ်လို့ ဟိုတယ်က ဖုန်းလက်ခံ နားထောင်တဲ့ ၀န်ထမ်းတွေက ပြန်ပြောပြချက်အရသိရပါတယ်။ ဖုန်းနဲ့ ဆက်သွယ်ပြီး ဟိုတယ်တွေကို ဆက်ကြေး စပြီးတောင်းကတည်းကလည်း ဟိုတယ်လုပ်ငန်းရှင်များအဖွဲ့ကနေ သက်ဆိုင်ရာကို သတင်းပို့ပါတယ်။ အခုတော့ စာပို့တဲ့ အဆင့်ဖြစ်လာပြီး သေနတ်ကျည်ဆံပါ စာထဲမှာလာထည့်ပေးတဲ့ အဆင့်ကိုရောက်လာတော့ ကျွန်တော်တို့အနေနဲ့လည်း တော်တော်လေးကို တုန်လှုပ်ဖွယ်ရာ ဖြစ်စဉ် တခုဖြစ်နေပါပြီ။ ကျွန်တော်တို့က သူတို့တောင်းတဲ့ ဆက်ကြေးကို ပေးလိုက်မယ်ဆိုရင်  ကျွန်တော်တို့ဟာ အစိုးရဘက်ကနေ တရားစွဲခံရမှာဖြစ်ပါတယ်။ ဒါ ဥပဒေကိုချိုးဖောက်တဲ့ လုပ်ဆောင်မှုကို လုပ်ဆောင်ရာ ရောက်နေပါတယ်။ သူတို့တောင်းတဲ့ ဆက်ကြေးကိုမပေးဘူးဆိုရင်လည်း အခုလက်ရှိ ဒီနေ့မှာကို ကျွန်တော်တို့ရဲ့ လုံခြုံရေး၊ ကျွန်တော်တို့ ဟိုတယ်တွေရဲ့ လုံခြုံရေးတွေအတွက် စိုးရိမ်စရာဖြစ် နေပါတယ်။ ကျွန်တော်တို့ ဟိုတယ် လုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ဘက်က ဘယ်လိုမှဆုံးဖြတ်လို့ မရနိုင်တဲ့ အခြေအနေမျိုး ဘေးကြပ် နံကြပ် အဖြစ်ကို အခုကျွန်တော်တို့ စီးပွားရေး လုပ်ငန်းရှင်တွေက ရောက်နေကြရတာပါ။ တကယ်လို့ ဒီလက်နက်ကိုင်အဖွဲ့တွေဟာ တရားဥပဒေ ဘောင်အတွင်းကို ၀င်ရောက်လာကြမယ် ဆိုရင်တော့ ကျွန်တော်တို့ ဟိုတယ်လုပ်ငန်းရှင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေက လိုအပ်တဲ့ကူညီဆောင်ရွက်ပေးဖို့တွေကို တရားဥပဒေဘောင်အတွင်းကနေ အားလုံးဝိုင်းပြီး ကူညီဆောင်ရွက် ပေးလို့ရပါပြီ။ အဲဒီလိုဆိုရင် ကျွန်တော်တို့ စီးပွားရေး လုပ်ငန်းရှင်တွေ အားလုံးက ကူညီ ဆောင်ရွက်ပေးမှုတွေ လုပ်ပေးကြမှာပါလို့ ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။ အခုကျွန်တော်ပြောတဲ့ သဘောဆန္ဒတွေကို ကျွန်တော်တို့ လက်ရှိဖြစ်နေ ကြုံနေရတဲ့ အခက်အခဲတွေကို လက်နက်ကိုင်အဖွဲ့ အစည်းတွေအနေနဲ့လည်း သိစေချင်ပါတယ်” ဟု လားရှိုးမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဇတိုင်း သတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။
.
၎င်း လက်နှက်ကိုင်အဖွဲ့၏ တောင်းသော ဆက်ကြေး ပမာဏသည် လည်း လွန်စွာမှများပြားနေကြောင်းနှင့် ထိုဟိုတယ်များအနေဖြင့် ၄င်းတို့တောင်းသည့် ငွေကြေးပမာဏ ကို မပေးနိုင်ကြောင်း၊ ဟိုတယ်များထံသို့ တောင်းထားသည့် ဆက်ကြေးအနည်းဆုံးမှာ သိန်း (၅၀)ဖြစ်ကြောင်း၊ ထိုငွေပမာဏမှာ ဟိုတယ်တစ်ခုအနေဖြင့် လက်ရှိစီးပွားရေး အခြေအနေအရ မပေးနိုင်သော ငွေကြေးပမာဏ ဖြစ်နေကြောင်းကိုလည်း ဟိုတယ်လုပ်ငန်းရှင် တစ်ဦးမှဆက်လက် ပြောဆိုပါသည်။
.
မေ(၂၄) ရက်နေ့ မနက်ပိုင်းနှင့် နေ့လည်ပိုင်းများ၌ အဆိုပါဟိုတယ်များတွင် ဟိုတယ်လုံခြုံရေးဝန်ထမ်းများမှ လုံခြုံရေးတာဝန်များ အထူးကြပ်မတ်ဆောင်ရွက်နေသည်ကို တွေ့ရှိရသကဲ့သို့ ဟိုတယ်လုပ်ငန်းရှင်များမှလည်း အထူးသတိ ရှိစွာဖြင့်နေထိုင်လျှက်ရှိနေကြာင်းတွေ့ရှိရပါသည်။
.
 ယမန်နေ့ ညမှပေးပို့သွားသည့် ထိုဆက်ကြေးတောင်းသောစာများနှင့် စာအိတ်အတွင်းပါရှိသော သေနတ်ကျည်တောင့်များကို ထိုနေ့ညမှာပင် ရပ်ကွက်(၁၀)ရပ်ကွက်ရုံးတွင် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ အပ်နှံထားရှိကြောင်းကိုလည်း ဟိုတယ်လုပ်ငန်းရှင်များမှ ပြောပြမှုအရ သိရသည်။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats