စာတတ်မြောက်ရေး ကြိုးပမ်းပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စာတတ်မြောက်ရေး ကြိုးပမ်းပေး

စိုင်းကျော်မောင်
.
ယနေ့ခေတ်သည် ပညာခေတ် (Knowledge Age) ဖြစ်သည့် အားလျော်စွာ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံ တိုင်းသည် အခြေခံအားဖြင့် စာရေးစာဖတ်တတ်ကျွမ်း ကာ လူ့လောကကြီးတစ်ခုလုံးအား အလှဆင်ရမည့် ကာလပင် ဖြစ်ပေသည်။ စာပေတတ်မြောက်နေမှသာလျှင် အရာရာတိုင်းအား အစဉ်သဖြင့် လိုက်မီနိုင်မည် ဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များတွင် လူသားတိုင်း စာတတ်မြောက် ရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ကို တွေ့ရှိရပေသည်။ သို့ဖြစ်ပါ၍ နိုင်ငံအသီသီး၏ စာ တတ်မြောက်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အောင် ဆောင်ရွက်နိုင်ရန် ၁၉၆၅ ခုနှစ်စက်တင်ဘာ ၈ ရက်မှ ၁၉ ရက်ထိ အီရန်နိုင်ငံ တီဟီရန်မြို့တော် တွင် နိုင်ငံပေါင်း ၈၉ နိုင်ငံမှ ပညာရှင်များဖြင့် ကျင်းပ ပြုလုပ်ခဲ့သော ကမ္ဘာ့စာတတ်မြောက်ရေး ညီလာခံ ကြီးမှတစ်ဆင့် ၁၉၆၆ စက်တင်ဘာလ ၈ ရက်နေ့ အား နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ (International literacy Day) အဖြစ်စတင်သတ်မှတ်ခဲ့သဖြင့် ယနေ့ထက်တိုင်နှစ်စဉ်နှစ်တိုင်း စာတတ်မြောက်ရေးနေ့ ကိုစဉ်ဆက်မပြတ် ကျင်းပခဲ့ပါသည်။
.
.
မြန်မာနိုင်ငံအနေဖြင့်လည်း ပညာရေးဌာနနှင့် ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် ကုလသမဂ္ဂလက် အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (United Nation Educational Scientific, and Cultural Organization) (UNESCO) ပူးပေါင်း၍ စာမတတ်သူပပျောက် ရေးနေ့အား နှစ်စဉ်ကျင်းပခဲ့ပါသည်။ ၁၉၉ဝ ပြည့်နှစ် တွင် ထိုင်းနိုင်ငံ ဂျွန်တီယံမြို့တွင် ကျင်းပသည့် ညီလာ ခံမှ ထုတ်ပြန်သည့် လူတိုင်းအတွက်ပညာရေး (Education for All) ၂ဝဝဝ ပြည့်နှစ်တွင် ဆီနီဂေါနိုင်ငံ ဒါကာမြို့၌ ကျင်းပပြီးထုတ်ပြန်သည့် ဒါကာကြေညာချက် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံကြီးမှ ချမှတ်ခဲ့သော ၂ဝဝ၃ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်ထိ ဆယ် စုနှစ်ကို ကုလသမဂ္ဂစာတတ်မြောက်ရေး ဆယ်စုနှစ် (United Nation Literacy Decade) ယူနက်စကိုမှ ဦးဆောင်၍ ဆောင်ရွက်နေသည့် ၂ဝဝ၅ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ပညာရေးအတွက် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဆယ်စုနှစ် (Education For Sustainable Development) ကိုပါ ရည်မှန်းချက်များ ဖြစ်သော ၂ဝ၁၅ ခုနှစ် အတွင်းသက်ကြီးပိုင်းများ (အထူးသဖြင့် အမျိုးသမီးများ)၏ စာတတ်မြောက်မှု နှုန်းထားအား ၅ဝ ရာခိုင်နှုန်းထိ တိုးတက်စေရေး၊ ကျားမ မရွေးအရွယ်ရောက်သူတိုင်း အခြေခံပညာကို စဉ်ဆက်မပြတ်သင်ယူနိုင်ခွင့် တန်းတူရရှိရေးစသော လမ်းညွှန်ချက်နှင့်အညီ မိမိနိုင်ငံအလိုက် လိုက်လျော ညီထွေရှိသည့် မူဝါဒများချမှတ်ကာ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိနေကြပေသည်။

.
မြန်မာနိုင်ငံ စာတတ်မြောက်ရေး သမိုင်းကြောင်း အားလေ့လာကြည့်မည်ဆိုပါက ရှေးမြန်မာမင်းများ လက်ထက်တွင် ဘုန်းတော်ကြီးကျောင်းပညာရေး ကြောင့် စာတတ်မြောက်မှုနှုန်းထားသည် ၈၅ ရာခိုင် နှုန်းအထိ ရှိခဲ့ပေသည်။ သို့သော်လည်း သူ့ကျွန်ဘဝ တွင် ကိုလိုနီပညာရေးကြောင့် စာတတ်မြောက်မှုနှုန်း သည် ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပေသည်။ လွတ်လပ်ရေးရပြီးကာလတွင် ၁၉၄၉ ခုနှစ်မှ စတင်ကာ လူထုပညာရေးလှုပ်ရှားမှုကြောင့်ပင် ၁၉၆၃ ခုနှစ်တွင် စာတတ်မြောက်မှုနှုန်းသည် ၅၇ ရာခိုင်နှုန်းထိတိုးတက် လာခဲ့ပေသည်။ ၁၉၆၄ ခုနှစ်မှ စတင်ကာ တစ်မျိုး သားလုံး လှုပ်ရှားမှုအသွင်ဖြင့် 'အ'သုံးလုံးစာတတ် မြောက်ရေးလှုပ်ရှားမှုကို နှစ်စဉ်တိုးမြှင့်ဆောင်ရွက်ခဲ့ ပေသည်။ အောင်မြင်မှုအနေဖြင့် UNESCO မှ မြန် မာနိုင်ငံအား ၁၉၇၁ ခုနှစ် စာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် ''မိုဟာမက်ရီဇာပါလာဗီ'' (Mohurmud Rezar Palaby) ဆုနှင့် ၁၉၈၃ ခုနှစ်တွင် နိုမာ Nomer ဆုတို့ကို ချီးမြှင့်ခဲ့သည်မှာ သမိုင်းကြောင်း အရထင်ရှားခဲ့ရပေသည်။ အဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် ၂ဝဝဝ ပြည့်နှစ်တွင် စာ တတ်မြောက်မှုနှုန်းသည် ၉၁ ရာခိုင်နှုန်းအထိ တိုး တက်လာခဲ့ပေသည်။ ၂ဝ၁၂-၂ဝ၁၃ တွင် တစ်မျိုးသားလုံး စာတတ်မြောက်မှုနှုန်း ၉၄ ဒဿမ ၈၁ ရာခိုင် နှုန်းနှင့် အမျိုးသမီးစာတတ်မြောက်နှုန်း ၉၅ ဒဿမ ၆၁ ရာခိုင်နှုန်း ထိတိုးတက်လာခဲ့ပေသည်။
.
နိုင်ငံတော်၏ အနှစ် ၂ဝ အမျိုးသားဘက်စုံတိုး တက်ရေးစီမံကိန်းတွင် ''စီးပွားရေးနှင့်လူမှုရေးပြုပြင် ပြောင်းလဲမှုအခြေခံမူဘောင်''၁ဝ ချက် လမ်းညွှန်ချက် ၁ဝ ချက်ချမှတ်ခဲ့ပါသည်။ ယင်းလမ်းညွှန်ချက်နှင့်အညီ ''မသင်မနေရအခမဲ့မူလတန်းပညာရေး''အား ၂ဝ၁၃ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ရာ ယခု ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ''အခမဲ့အထက်တန်းပညာရေး'' အထိရောက်ရှိလာခဲ့သကဲ့သို့ ကိုယ်ပိုင်ကျောင်းများ လည်း နိုင်ငံတော်၏ တစ်နံတစ်လျားတွင် ဖွင့်လှစ်နိုင်ခဲ့ပေသည်။ ပညာရည်ထူးချွန်ဆု၊ ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ချီးမြှင့်နိုင်သည်သာမက ၁၉၈၈ ခုနှစ်မှ စတင်ပြီးရပ်နားခဲ့သော လူရည်ချွန်စီမံကိန်းလည်း ၂ဝ၁၃ ခုနှစ်တွင် ပြန်လည်အသက်ဝင်ခဲ့ပေသည်။ တိုင်းရင်းသားလူမျိုးစု အသီးသီး၏ စာပေများကိုလည်း စာသင်ကျောင်းအသီးသီးတွင် စတင်ကာ သင်ကြားခွင့် ရရှိတော့မည်ဖြစ်ပေသည်။ ကျေးရွာများ တွင် စာသင်ကျောင်းအဆောက်အဦနှင့် ကျောင်းသူ ကျောင်းသားများလည်း ရှိနေသော်လည်း ဆရာဆရာမ မရှိသည့်အခြေအနေများနှင့် ရင်ဆိုင်နေရသည်ကို တွေ့ရှိရပေသည်။ ဆရာ/ဆရာမများကို ခန့်အပ်တာဝန် ပေးရာတွင် ပညာရေးဌာနအနေဖြင့် ဒေသခံများအား ဦးစားပေးခန့်ထားရန် အထူးလိုအပ်လှပေသည်။ ဒေသခံများအား မခန့်မိပါက တိုင်းရင်းသားကျေးရွာ များတွင် ဘာသာစကားတတ်ကျွမ်းမှုမရှိသဖြင့် သင် ကြားရေး၊ ဆက်ဆံပေါင်းသင်းရေးကိစ္စရပ်များတွင် များစွာ အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။ ထို့ ပြင် အချို့သော ဆရာဆရာမများသည် ရာထူးအဆင့် အတန်းရရှိလို၍ ဝင်ရောက်လုပ်ကိုင်ပြီး ရာထူးတိုးမြှင့်ရေး ကိစ္စအတွက်သာ ဆောင်ရွက်နေသဖြင့် လူငယ်များသည် ကောင်းမွန်စွာသင်ကြားနိုင်မှု မရရှိခဲ့ပေ။ သို့ဖြစ်ပါ၍ ပညာရေးတွင် ဝန်ထမ်းများအား ခန့်အပ် တာဝန်ပေးရာတွင် ဒေသခံများအား ဦးစားပေးခန့် သင့်ပေသည်။
.
နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှု တိုင်းတာတွက် ချက်ရာတွင် (၁) ကျန်းမာရေးတွင်လူ့ဘဝမျှော်မှန်း သက်တမ်း (Life Expectancy) (၂) ပညာရေးတွင် သက်ကြီးစာတတ်မြောက်နှုန်း (Adult Literacy Rate) နှင့် (၃) လူနေမှုအဆင့်အတန်းတွင် တစ်ဦးကျ ဝင်ငွေ (GNP Per Capital) ဖြင့် တိုင်းတာလေ့ရှိေ သည်။ သက်ကြီးစာတတ်မြောက်နှုန်း (Adult Literacy Rate) တွင် ကမ္ဘာပေါ်၌ သက်ကြီးငါးဦး တွင် တစ်ဦးစာမတတ်သူဖြစ်ကြောင်း ၂ဝ၁၆ ခုနှစ် မတ်လအထိ အညွှန်းကိန်းအရ မြန်မာနိုင်ငံ၏ သက် ကြီး စာတတ်မြောက်မှုနှုန်း ၉၅ ဒဿမ ၂ဝ ရာခိုင်နှုန်း ရှိကြောင်းနှင့် အခြားအာဆီယံနိုင်ငံများထက် အမျိုးသမီး သက်ကြီးစာတတ်မြောက်မှုနှုန်း မြင့်မားကြောင်း တိကျစွာဖော်ပြထားသည်ကို တွေ့ရှိရပေသည်။ အသက် ၁၅ နှစ်နှင့်အထက် စာတတ်မြောက်မှုဦးရေကို ထိုအသက်အုပ်စုအတွင်းရှိ လူဦးရေနှင့်စား၍ ၁ဝဝ နှင့် မြှောက်လျှင် သက်ကြီးစာတတ်မြောက်နှုန်းကို ရရှိမည် ဖြစ်သည်။ ကျွန်ုပ်တို့နိုင်ငံအတွင်းတွင် ရှမ်းပြည်နယ်၌ သက်ကြီးစာတတ်မြောက်မှုနှုန်း အနည်းဆုံးဖြစ်နေ သည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိနေရပေသည်။
.
ပညာရေးဌာနအနေဖြင့် ''ပညာရေးဖြင့်ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့'' ဟူသော ဆောင်ပုဒ်အရ အခြေခံပညာ အဆင့်မြင့် ပညာအဆင့်ထိ ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိရာ ဆရာ/ဆရာမ များက ကျောင်းသားကျောင်းသူများ အား အဓိကသင်ကြားပေးနေခြင်းထက် ဆရာဆရာမ များသည် ကျောင်းသား/ကျောင်းသူများ၏ ပါဝင်ဆွေး နွေးခွင့်ဖြင့် သင်ကြားနိုင်ရန်လိုအပ်လှပေသည်။ သို့မှသာ ကျောင်းသား/ကျောင်းသူများ၏ ဥာဏ်ရည်ဥာဏ် စွမ်းသည် တိုးတက်မြင့်မားလာပြီး အရည်အချင်းလည်း တိုးတက်သည်ထက် တိုးတက်လာမည်ဖြစ်သည်။ ကျောင်သား/ကျောင်းသူများသည် နိုင်ငံတော်၏ အခြေခံ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သဖြင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ ရဟန်းရှင်လူများက ဝိုင်းဝန်းကာ ပြုပြင်ပြီး ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိရန် ကြိုးစားအားထုတ်ရပေမည်။ မြန်မာနိုင်ငံ၏ ပညာရေးအား အသေးစိတ်လေ့လာကြည့်မည်ဆိုပါက အာရှတစ်လွှားတွင် ထိပ်တန်းအဆင့်မှ ဦးနေဝင်းဦး ဆောင်သည့် အစိုးရလက်ထက်မှစတင်ကာ ပျက်စီးယိုယွင်းခဲ့ရပေသည်။ ကျောင်းသားလူငယ်များအား ယင်းတို့၏ မူဝါဒများဖြင့် မှိုင်းတိုက်ထားသည့် ပညာရေးဖြင့်သာ သင်ကြားစေခဲ့ပေသည်။ လူငယ်များ၏ ဝါသနာအား ပိတ်ပင်ကာ တက္ကသိုလ်ဝင်တန်းအောင်မှတ်များဖြင့် ဆုံးဖြတ်ကာ အဆင့်မြင့်ပညာရပ်အတွက် စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သင်ယူစေခဲ့သ ဖြင့် ယင်းခေတ်မှ အစပြုကာ နဝတ၊ နအဖခေတ် အထိတိုင် ကျင့်သုံးခဲ့ပေသည်။ ယင်းအခြေအနေ ကြောင့်ပင် နိုင်ငံတော်၏ ပညာရေးသည် အာဆီယံ ဒေသအတွင်းမှာပင် အဆင့်နံပါတ် ၈ အထိ ကျဆင်းသွားပေသည်။
.
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအလို့ငှာ ပညာရေးကဏ္ဍသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ ကျန်းမာရေးချို့ယွင်းနေသည့် နာတာရှည်ရောဂါသည် အဆင့်မှ တိုးတက်လာစေရေး ဆောင်ရွက်အကောင် အထည်ဖော်နိုင်ရန် ကြိုးပမ်းလာခဲ့ရပေသည်။ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီတွင် ပညာရေးအတွက် တိုးတက်ရန် ပညာရေးအမျိုးသားအဆင့် ညီလာခံတစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပေသည်။ ထိုညီလာခံမှသည် ''ဘက်စုံလွှမ်း ခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာသုံးသပ်ရေး လုပ်ငန်း''ကို နိုင်ငံတော်ကုလသမဂ္ဂအဖွဲ့အစည်းများ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပညာရေးဝါသနာရှင် များ စေတနာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပေသည်။ ယင်းဘက်စုံလွှမ်း ခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ် ငန်း၏ အစီရင်ခံစာအတွဲ (၁) သည် ၂ဝ၁၃ ခုနှစ်၊ မတ်လ တွင် ထုတ်ပြန်နိုင်ခဲ့ပေသည်။ ယင်းအစီရင်ခံစာတွင် (၁)အရေအတွက်ဆိုင်ရာလေ့လာဆန်းစစ်ခြင်း၊ (၂) ပညာရေးမူဝါဒ ဥပဒေနှင့် စီမံခန့်ခွဲမှုတို့ကို လွှမ်းခြုံ လေ့လာဆန်းစစ်ခြင်း၊ (၃) ကျောင်းပြင်ပ ပညာရေးကို ဆန်းစစ်လေ့လာခြင်း၊ (၄) ဆရာအတတ်ပညာရေးကို လေ့လာဆန်းစစ်ခြင်း၊ (၅) နည်းပညာနှင့်သက်မွေး ပညာကို ဆန်းစစ်ခြင်း၊ (၆) အဆင့်မြင့်ပညာရေးကို လေ့ လာဆန်းစစ်ခြင်း၊ (၇) ပညာရေးကဏ္ဍ ဘဏ္ဍာငွေသုံး စွဲမှုကို လေ့လာဆန်းစစ်ခြင်း၊ (၈) ပညာရေးတွင် ပါဝင် သူများနှင့် ပူးပေါင်းဆောင်ရွက်မှုစနစ် ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်မည့်သူများအား ဖော်ထုတ်ခြင်းကို လေ့လာဆန်းစစ်ခြင်းနှင့် (၉) ကျောင်းသုံးစာအုပ်ပုံနှိပ် ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို လေ့လာဆန်းစစ် ခြင်းဟူ၍ ပါဝင်သည်ကို လေ့လာတွေ့ရှိရပေသည်။
.
(၁) အရေအတွက်ဆိုင်ရာ လေ့လာဆန်းစစ်ခြင်းတွင် လေ့လာကြည့်မည်ဆိုလျှင် ပညာရေးအညွှန်း ကိန်းတွင် ကျား/မ ကွာခြားခြင်းနည်းပါးသော်လည်း ပြည်နယ်နှင့်တိုင်းဒေသကြီး၊ မြို့ပြနှင့်ကျေးလက်၊ ဆင်းရဲချမ်းသာ တို့အပေါ်တွင် မူတည်၍ ကွာခြားမှု ကြီးမားလွန်းကြောင်းတွေ့ရှိနေရပေသည်။ ကျောင်းအမျိုးအစားမှာလည်း ကျေးလက်နှင့်မြို့ပြ ညီမျှမှုကွာဟမှုမရှိပေ။ တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးအတွက် အမျိုးသားပညာရေး ကွန်ရက်တွင် ပါဝင်ထူ ထောင်ပူးပေါင်းဆောင်ရွက်ရန် အဓိကပါဝင်သည်ကို တွေ့ရှိရပေသည်။
.
ဆရာဆရာမများအတွက်လည်း ဆရာတစ် ဦးတွင်ရှိအပ်သည့် တတ်ကျွမ်းမှုများ (Teacher Competency) ကိုလည်း တိကျစွာသတ်မှတ်ပေး ရန်လိုအပ်လှပေသည်။ ထို့ပြင်အမျိုးသားအဆင့် အရည်အသွေးမူဘောင် (National Qualitirication Framework) တစ်ခုထူထောင်ရန်လိုအပ်လှပေသည်။ ဤလိုအပ်ချက်များကို ဦးထင်ကျော်အစိုးရ မှဆက်လက် အကောင်အထည်ဖော်ပေးရပေမည်။ ပညာရေးကဏ္ဍ တိုးတက်လာစေရေး သည် ဦးထင်ကျော်အစိုးရအတွက် အဓိကစိန်ခေါ်မှုတစ်ခုပင် ဖြစ်နေပေသည်။ အိုနာကျိုးကန်းဘဝသို့ရောက်ရှိ နေသည့် ပညာရေးအား ပြန်လည်ကျန်းမာကာ ဝဖြိုးသန်မာစွာ ရောက်ရှိနိုင်ရေးအတွက် အစိုးရ ပြည်သူ၊ ပြည်သူအစိုးရလက်တွဲညီညီဖြင့် ဝိုင်းဝန်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
.
ကမ္ဘာပေါ်တွင် ယခုအချိန်အခါတွင် လူဦးရေ သန်းပေါင်း ၇ဝဝဝ ကျော်ခဲ့လေပြီ။ နေရာအနှံအပြား တွင် လောဘတရား၊ ဒေါသတရားများကြောင့် စစ်မက်ဖြစ်ပွားကာ ပြေးလွှားရှောင်ရှားနေရသောကြောင့် ပညာရေး သည် ခက်ခဲမှုများဖြင့် ကြုံတွေ့နေရပေသည်။ ထို့ကြောင့် UNESCO ထုတ်ပြန်သည့်စာရင်းဇယား အရ ကမ္ဘာ့ သက်ကြီးလူဦးရေ ၇၄၈ သန်းသည် ရေးတတ် ဖတ်တတ်အဆင့်၊ အနိမ့်ဆုံးစာတတ်မြောက်မှုစွမ်းရည် (Minimum Literacy Skill) ဖြင့် ကြုံတွေ့ ခံစားနေရသည်ဟူ၍ ဖော်ပြထားပေသည်။ ထို့နည်း တူစွာ မြန်မာနိုင်ငံသည်လည်း နှစ်ပေါင်း ၆ဝ ကျော် ကြာသည်အထိ ပြည်တွင်းစစ်ရေး ပဋိပက္ခများကြောင့် ရှောင်တိမ်းပြေးလွှားနေရသဖြင့် စာသင်ကျောင်းများ မကြာခဏပိတ်ထားရခြင်း၊ အသက်ရှင်သန်နေထိုင် နိုင်ရေးအတွက် စုံစမ်းနေရခြင်း၊ ဆင်းရဲမွဲတေမှုတစ်စ ထက် တစ်စ များပြားလာခြင်းတို့ကြောင့် ပညာတတ်ဦး ရေသည် တဖြည်းဖြည်းလျော့နည်းရခြင်းဖြစ်ပေသည်။ ပြည်တွင်းစစ်ရေးပဋိပက္ခချုပ်ငြိမ်းပြီး နေရာဒေသအလိုက် တည်ငြိမ်လာမှသာလျှင် ပညာရေး၊ ကျန်းမာရေး ဟူသည့် လူမှုရေးကဏ္ဍတိုးတက်လာမည်ဖြစ်ပေသည်။ ယနေ့အချိန်အခါသည် ပြည်တွင်းစစ်ရပ်တန့်ပြီး ငြိမ်သက်မှုရရှိကာ ပြည်သူလူထုအေးချမ်းသာယာမှ နေထိုင် နိုင်ရေးအတွက် ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၃ ရက်မှ စတင်ကာ ပြည်တွင်း ငြိမ်းချမ်းရေးညီလာခံ(သို့) ၂၁ ရာစု ပင်လုံညီလာခံအား ကျင်းပပြုလုပ်လျက်ရှိ ပေပြီ။ ယင်းညီလာခံကြီးမှ ထွက်ပေါ်လာမည့် ရလဒ် ဖြင့် ပြည်သူလူထု၏ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပေသည်။
.
ပြင်သစ်တွေးခေါ်ပညာရှင် Francis Hutcheson က "Wisdom denotes the pursing of the best ends by the best means'' "ပညာဟူသည် အကောင်းဆုံး အကျိုးရရှိခံစားနိုင်ရန် အကောင်းဆုံးနည်းဖြင့်ရှာဖွေ စုဆောင်းခြင်းပင်ဖြစ်၏''ဟူ၍ မိန့်ခဲ့ပါသည်။ မှန်ပေသည် လူတစ်ဦးတစ်ယောက်စီတွင် မိမိဘဝရပ်တည် နိုင်စေရေးအတွက် ငယ်ရွယ်စဉ်ကာလမှစတင်ကာ မိမိဝါသနာထုံရာ ပညာရပ်များအား ရှာဖွေဆည်းပူးသင်ယူ လေ့လာနေရပေမည်။ အချိန်တန်အရွယ်ရောက်ရှိလာပါက မိမိအကျိုး သူတစ်ပါးအကျိုး၊ လူမျိုးနှင့်နိုင်ငံ အကျိုး များကို လိုက်လျောညီထွေစွာ ပြုလုပ်ပေးနိုင်ပေမည်။ တရုတ်စကားပုံတစ်ခုတွင် "A  teacher can open the door but you must enter by your self" ''ဆရာ တံခါးဖွင့်ပေးနိုင်ပါ၏။ သို့သော် သင်ကိုယ်တိုင် အခန်း တွင်းသို့ ဝင်ရပေလိမ့်မည်'' ဟူ၍ မိန့်ဆိုထား ပေသည်။ မှန်ပေသည်။ ယခုအချိန်ကာလတွင် နိုင်ငံတော် အစိုးရက ပညာရေးကဏ္ဍတွင် ဘဏ္ဍာရေးသုံး စွဲခွင့်အား တိုးမြှင့်ချထားပေးသကဲ့သို့ စာသင်ကျောင်း များကိုလည်း နေရာအနှံ့အပြားတွင် ယခင်ကထက်ပို မို၍ ဖွင့်လှစ်ထားပေးသဖြင့် မိဘပြည်သူများသည် မိမိတို့၏ ရင်နှစ်သည်းချာသားသမီးရတနာများအား ပညာသင်ကြားနိုင်စေရေးအလို့ငှာ စာသင်ကျောင်း များသို့ ပို့ဆောင်ပေးမှသာ မိဘဝတ္တရားကျေပွန်မည် ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရလျှင် လူတိုင်းစာတတ် မြောက်ရေးမြင့်မားလာစေရန်လူသားတိုင်း နိုင်ငံနှင့်လူ မျိုးတိုင်းတွင် တာဝန်အပြည့်ရှိကြသည်သာ . . . ။
.
.
.
Kanbawza Tai News Journal

Journal Download

Photo of three cats