ဆီဆိုင်မြို့နယ်၊ နောင်ကျော့ကျေးရွာအုပ်စုအတွင်း ရေရှားပါးမှုများ ကြုံတွေ့နေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီဆိုင်မြို့နယ်၊ နောင်ကျော့ကျေးရွာအုပ်စုအတွင်း ရေရှားပါးမှုများ ကြုံတွေ့နေရ

စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နောင်ကျော့ကျေးရွာအုပ်စုရှိ ဖြီဆွတ်ကျေးရွာနှင့် ရွာနီးချုပ်စပ်ကျေးရွာ ငါးရွာခန့်မှာ ရေအရင်းအမြစ်များ ခန်းခြောက်ပြီး ရေရှားပါးမှုကြောင့် သောက်သုံးရေ အလွန်ခက်ခဲမှုရှိကြောင်း ဖြီဆွတ်ရွာမှ သိရသည်။






''ရွာမှာ အိမ်ခြေ ၁၈ဝ ကျော် ရေမလောက်မငှနဲ့ ရေထွက်လေးက ရယူသုံးစွဲနေရတယ်။ လတ်တလောတော့ ဆီဆိုင်က ရေဝယ်ပြီး သုံးနေကြရတယ်၊ရေရှည်တော့ မတတ်နိုင်ကြလို့ စက်ရေတွင်း အလှူရှင်ကို မျှော်နေကြတယ်၊ အကူညီပေးနိုင်တဲ့ စေတနာရှင်တွေကို
လည်း ဖိတ်ခေါ်ထားပေမယ့် ခုထိတော့မရှိသေးဘူး''ဟု ဖြီဆွတ်ကျောင်း ဆရာတော် ဦးစန္ဒောဘာသက မိန့်ကြားသည်။

အဆိုပါကျေးရွာ၏ အနီးပတ်လည်ရှိ ဆီဆုံ၊ ခိုရန်၊ လွယ်ထွဲ၊ ခိုဖွန်း၊ လွယ်ဆောက် ကျေးရွာများတွင်လည်း ဖြီဆွတ် ရွာကဲ့သို့ပင် ရေရှားပါးမှုကို အလားတူ ခံစားနေကြရကြောင်း ဆရာတော်က မိန့်ကြားသည်။

ကျောင်းကော်မတီဝင် ဦးခွန်မောင်ပွားကလည်း ရွာတွင် ပြောင်း၊ ပဲစဉ်းငုံနှင့်မြေပဲတို့ကို အဓိက မိုးရေအမှီပြု စိုက်ပျိုးကြရကြောင်း၊ ယခုအခါ မိုးရေမရှိ ချောင်းကောနေသဖြင့် စိုက်ပျိုးမှု ခက်ခဲနေကြောင်း၊ အခုအခါ စိုက်ပျိုးမှု အသက်မွေးမှုထက် လတ်တလော သောက်သုံးရေ
လုံလောက်မှု မရှိသည်က ပိုမိုဆိုးရွားနေကြောင်း၊ ရွာတွင် ရေတွင်းရေကန်များမရှိသည်ကို စက်ရေတွင်းများ တူးဖော်နိုင်ရေး သက်ဆိုင်ရာများနှင့် စေတနာရှင်များကို တင်ပြလိုပါကြောင်း၊ ရပ်ရွာလူထုအနေဖြင့်လည်း တတ်စွမ်းသမျှ လုပ်ဆောင်မည်ဆိုသော်လည်း ပေ ၅ဝဝ၊ ၆ဝဝ ခန့် တူးရမည်ဖြစ်၍ မတတ်နိုင်သဖြင့် ယခုလို အကူအညီ တောင်းခံနေရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ကျေးရွာ တာဝန်ကျ သူနာပြုဆရာမ ဒေါ်နန်းဘိကမူ ရေရှားပါးမှုက ဒေသခံလူထုအတွက် ကျန်းမာရေးချို့ယွင်းမှုဖြစ်လာနေသဖြင့် သောက်သုံးရေ သန့်ရှင်းမှု၊ လုံလောက်မှု အလွန်အရေးကြီးလာနေကြောင်း၊ မိုးရာသီ မရောက်မီလတ်တလော ရေလိုအပ်ချက်ကို အမြန်
ဖြေရှင်းရန် လိုအပ်သလို ရေရှည်အတွက်လည်း လုပ်ဆောင်ပေးရန် လိုအပ်နေကြောင်း ပြောကြားသည်။


ဖြီဆွတ်ရွာသည် ဆီဆိုင်မြို့၏ အရှေ့ဘက် ၉ မိုင်ခန့်အကွာတွင် တည်ရှိပြီး နောင်ထော်(စံပြ)ရွာအနီးတွင် တည်ရှိကာ စိုက်ပျိုးရေးကို အမှီပြု အားထားနေရသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ပတ်ဝန်းကျင်ရွာများ အပါအဝင် လူဦးရေ ၂ဝဝဝ ကျော်နေထိုင်ကြောင်း သိရှိရသည်။

Journal Download

Photo of three cats