လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသား ၁၂ ဦး အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် လားရှိုးတွင် ဆန္ဒဖော်ထုတ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, March 17, 2019

လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသား ၁၂ ဦး အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် လားရှိုးတွင် ဆန္ဒဖော်ထုတ်



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ဖမ်းဆီးခေါ် ဆောင်သွားသည့် နမ္မတူမြို့နယ်၊ မန်လီကျေးရွာမှ ရွာသား ၁၂ ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် မတ်လ ၁၇ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့၊ အာဇာနည်ကျောက်တိုင်ကွင်း၌ တအာင်းအမျိုးသမီးအဖွဲ့မှ ဦးဆောင်၍ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
.
.
“ကျွန်မတို့ တောင်းဆိုချက် ၅ ချက်ရှိပါတယ်။ RCSS က ဖမ်းခေါ်သွားတဲ့ ရွာသား ၁၂ ဦး အမြန်ဆုံး ပြန် လွှတ်ပေးရေး၊ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်စဲရေး စတဲ့အချက်တွေ ပါပါတယ်။ အခု ဆန္ဒဖော်ထုတ် ပွဲမှာလည်း မြို့နယ်အစုံက တအားကျောင်းသားလူငယ်အဖွဲ့တွေ၊ တခြားအဖွဲ့အစည်းတွေ အစုံလာပါတယ်။ ဖမ်း သွားတဲ့နေ့ကတော့ မတ်လ ၃ ရက်ပါ။ ပျောက်သွားတဲ့ ၁၂ ယောက်ထဲက ပထမ ၃ ယောက်က ရွာအစောင့် ချန်ခဲ့တဲ့ သူတွေဖြစ်ပါတယ်။ နောက် ၆ ယောက်ကတော့ အခြေအနေ ပြန်ကြည့်မယ်ဆိုပြီး ပြန်သွားတယ်။ အဲဒါလည်း ထပ် ပျောက်သွားတယ်။ ကျန်ခဲ့တဲ့သူတွေကို သွားကြိုဖို့ သွားတဲ့တစ်ယောက်လည်း ထပ်ပျောက်သွားတယ်။ နောက်တစ် ယောက်ကတော့ စစ်ရှောင်တွေအားလုံး ပြန်စုတဲ့အချိန်မှာ ပေါ်မလာတဲ့အတွက် စုစုပေါင်း ၁၂ ယောက် ပျောက်သွား တာပါ။ မန်လီရွာသားတွေအပြင် မန်လီမှာ အလုပ်လာလုပ်တဲ့ မိုင်းကိုင်ကလူတွေလည်း ပါပါတယ်” ဟု တအာင်း အမျိုးသမီးအဖွဲ့အစည်းမှ မလွေးပိုကမေဲခြိုင်းမှ ပြောသည်။
.


မန်လီကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် TNLASSPP နှင့် RCSS တို့၏ တိုက်ပွဲများအတွင်း မန်လီကျေးရွာမှ ပျောက်ဆုံးနေသည့် ရွာသား ၁၂ ဦးအထိ ရှိနေကြောင်း ဒေသခံတစ်ဦး ပေးပို့လာသည့် မင်မိုရီကတ်ပါ  သက်သေခံ ဓာတ်ပုံများအရ သိရှိထားရပြီး၊ ဖမ်းဆီးခံထားရသည့် ရွာသားများနှင့်ပတ်သက်၍ ၎င်းတို့၏ အသက်အန္တရာယ်ကို အလွန် စိုးရိမ်လှကြောင်း တအာင်းအမျိုးသမီးအဖွဲ့မှ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက သဘောထားကြေညာ ချက် ထုတ်ပြန်ကြေညာထားသည်။
.
“ပထမတော့ လက်နက်ကိုင် ၃ ဖွဲ့ထဲက ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ မသိဘူး။ နောက်ပိုင်းမှာ Memory Card ကို ရွားသားတစ်ယောက်က လာပေးတော့ အဲဒါကို ဖွင့်ကြည့်တဲ့အခါ ဓါတ်ပုံတွေမှာ RCSS ဝတ်စုံ တွေဝတ်ပြီး တွဲရိုက်ထားတာကို တွေ့ရတယ်။ ဒီပုံတွေကို ကြည့်ခြင်းအားဖြင့် RCSS က ဖမ်းသွားတယ်လို့ အတည် ပြုလို့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတနဲ့ ကျန်အဖွဲ့အစည်းတွေကို စာတင်ပြထားပါတယ်။ RCSS နဲ့ကတော့ သူတို့ဘက်က ငြင်းချက်တွေ ထုတ်ပြန်ထားတဲ့အတွက် တိုက်ရိုက်ညှိနှိုင်းတာ မရှိပါဘူး။ ဒေသခံတွေ၊ မိသားစုဝင်တွေရဲ့ ပြောဆိုချက်အရလည်း မန်လီတံတားရဲ့ ဟိုဘက်မှာ RCSS ပဲရှိတယ်။ ကျန်တဲ့အဖွဲ့တွေ မရှိဘူး လို့ သိရပါတယ်။ အခုချိန်အထိတော့ ရွာသား ၁၂ ယောက်ကို အဆက်အသွယ်မရသေးပါဘူး” ဟု မလွေးပိုကမေဲခြိုင်းက ဆက်လက်ပြောကြားခဲ့သည်။
.
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲသို့ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊ လားရှိုးမြို့များမှ တအာင်းလူငယ်အဖွဲ့အစည်းများ နှင့် အခြားအဖွဲ့အစည်းများ စုစုပေါင်း အင်အား ၁၀၀၀ ဝန်းကျင်ခန့် ပူးပေါင်းပါဝင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment