ရွှေဥမင်သဘာဝလိုဏ်ဂူတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲကျင်းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, March 17, 2019

ရွှေဥမင်သဘာဝလိုဏ်ဂူတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲကျင်းပ



မောင်မောင်သန်း (တောင်ကြီး)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွှေဥမင် သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓ ပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲကို မတ်လ ၁၆ ရက်၊ နံနက်ပိုင်းက အဆိုပါလိုဏ်ဂူတော် အဝင်မုခ်ဦးရှေ့တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

.
.
ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ရွာငယ်ကျောင်းဆရာတော် ဦးစန္ဒောဘာသာ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
.
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ပွဲတော်အတွင်း ခင်းကျင်းပြသထားသော ဌာနဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုကြပြီး ရွှေဥမင်သဘာဝ လိုဏ်ဂူ တော် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကျင်းပရာ ဓမ္မာရုံတွင် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က ရွာငယ်ကျောင်းသစ်ဆရာတော်ထံ ငါးပါးသီလဆောက်တည်ကာ ဆရာတော်များ ရွတ်ဖတ်သရဇ္ဈယ်မူသော ပရိတ်တရား တော်များကို နာယူ၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပြီး ရေစက်သွန်းချတရားနာယူကြကြောင်း သိရသည်။
.
ဆက်လက်ပြီး ရွှေဥမင်သဘာဝ လိုဏ်ဂူဘုရား ဝတ္တကနယ်မြေအတွင်း "ဆေးလိပ်ငွေ့ကင်းစင် ယဉ်ကျေးမှု အမွေအနှစ်ဒေသအသိအမှတ်ပြုဆု" ချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
.
အဆိုပါ ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဆေးလိပ်ငွေ့ ကင်းစင်နေရာများ (Smoke Free Area)တွင် ရာနှုန်းပြည့် ဆေးလိပ်မသောက်ခြင်း၊ ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ ကင်းစင်သည့် နေရာများအဖြစ် ပေါ်ပေါက်စေလျက် အများသူငှါ - အထူးသဖြင့် မိခင်များ၊ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် အခြားသော ဆေးလိပ်မသောက်သူတို့ အတွက် အန္တရာယ်ကင်းဇုံများသဖွယ် ပျော်ရွင်ဖွယ်အနားယူနိုင်ခြင်း၊ အပန်းဖြေနိုင်ခြင်း၊ ပညာသင်ကြားရေးဆိုင်ရာ အဆောက်အဦများတွင် ဆေးလိပ်ငွေ့ကင်းစင်သော စာသင်ခန်းများကို တည်ဆောက်ပေးခြင်းသည် နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ကြောင်း၊ ဆေးလိပ်ငွေ့ကင်းစင်ခြင်းဖြင့် ဆေးလိပ်ငွေ့ကြောင့် တခြားသူဆေးလိပ်သောက်သုံးခြင်း မရှိသူ တို့၏ လွတ်လပ်သောရပိုင်ခွင့်များကို ရရှိစေခြင်းအပြင် နယ်မြေကန့်သတ်တားမြစ်ထားခြင်းများကြောင့် ဆေးလိပ် သောက်သုံးသူတို့အနေဖြင့် အကြိမ်အရေအတွက်များ လျော့နည်းကျဆင်းသည်မှာ ဆေးလိပ်သောက်သုံးမှုအား လက်လျော့ဖြတ်သောက်သည်အထိ မျှော်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ပြောကြားသွားသည်။
.
၎င်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းမှ ဂုဏ်ပြုစကားပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ပင်းတယမြို့ မီးအိမ်ရှင်ဆရာကြီး ဒေါက်တာသန်းမင်းထွဋ်နှင့် ရွှေဥမင် ဘုရားဂေါပကအဖွဲ့ဥက္ကဌ ဦးခင်မောင်ဦးထံ ဆေးလိပ်ငွေ့ကင်းစင် ယဉ်ကျေးမှုအမွေအနှစ်ဒေသ အသိအမှတ်ပြုဆုအား လွှဲပြောင်းပေးအပ်ကာ ဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးအာကာလင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ မီးအိမ်ရှင်ဆရာကြီး ဒေါက်တာ သန်းမင်းထွဋ်၊ ရွှေဥမင်ဂေါပကအဖွဲ့ဥက္ကဌ ဦးခင်မောင်ဦး၊ ပင်းတယမြို့နယ် ပရဟိတကွန်ယက်အဖွဲ့တို့အား အသီးသီးပေးအပ်ခဲ့ပြီး မီးအိမ်ရှင်ဆရာဝန်ကြီး ဒေါက်တာသန်းမင်းထွဋ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြကြောင်း သိရသည်။

No comments:

Post a Comment