တက္ကသိုလ်ဝင်စာမေးပွဲ နီးလာပြီ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, March 1, 2019

တက္ကသိုလ်ဝင်စာမေးပွဲ နီးလာပြီ


ကောင်လေး(မြန်မာစာ)
.
ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကြီးကိုမတ် လ ၆ ရက်တွင် စတင် ကျင်းပမည် ဖြစ်ပြီး ၂ဝ၁၉ တက္ကသိုလ် ဝင်စာမေးပွဲကြီး၌ မေးခွန်းပုံစံ စတင်ပြောင်းလဲမည်ဟု ပညာရေးဝန်ကြီးဌာန ကြေညာချက်ကြောင့် တက္ကသိုလ်ဝင်တန်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများအတွက် ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအပေါ် ယခင်နှစ်များထက် ပိုစိတ်ဝင်စားနေကြ ပေသည်။ စာမေးပွဲကြီး တဖြည်းဖြည်း ပို၍ နီးကပ်လာသည်နှင့်အမျှ ကျောင်းသား/သူတိုင်း စိတ် လှုပ်ရှားကြသလို မိဘများအနေဖြင့် မိမိ၏ သားသမီးများအတွက် ပို၍ စိတ်မောတတ်ကြသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲ မေးခွန်းလွှာကို အနည်းငယ် ပြုပြင်ထားသောကြောင့်၊ ကိုယ်တိုင် ကိုယ်ကျ ဖြေဆိုရမည့် ကျောင်းသား/သူများအပြင် မိဘများကလည်း စိုးရိမ်ပူပန်လာကြသည်။ ယခုနှစ် တက္ကသိုလ်ဝင် တန်း စာမေးပွဲသည် အလွတ်ကျက်မှုထက် ကိုယ်တိုင်ကိုယ်ကျ စဉ်းစားတွေးခေါ်မှုကို ဦးစား ပေးသည်။
.
တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံကို အလုံးစုံ မပြောင်းလဲဘဲ အနည်းသာ ပြုပြင် ပြောင်းလဲမည်။ အနည်းငယ် ပြောင်းလဲသော တက္ကသိုလ်ဝင် စာမေးပွဲကြောင့် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူများ စိတ်ပျက် အားလျော့စရာ မလိုဘဲ ဘဝတစ်ဆစ်ချိုး စာမေးပွဲအတွက် မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများနှင့် မိမိတို့ ကိုယ်တိုင် ကြိုးစား အားထုတ်ရမည် ဖြစ်ပါသည်။ ''အရင်တုန်းက ပညာရေး စနစ်ကိုရော စာမေးပွဲ စနစ်ကိုရော အလွတ်ကျက်ပြီး ပြန်ဖြေတဲ့ စနစ်လို့ ပြောကြတယ်။ အဲဒါတွေ လျော့သွားအောင် လုပ်တာပေါ့။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစား တွေးခေါ်မှုကို ဖြေရမယ့် မေးခွန်းပုံစံမျိုး ရောက်အောင် ပြောင်းတာပါ''ဟု ပညာရေးဝန်ကြီးဌာ န အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ဆိုသည်။
.

 တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူများ (ဓါတ်ပုံ - မောင်မောင်သန်း)

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာပုံစံ အနည်းငယ် ပြုပြင်ပြောင်းလဲသည့် ရည်ရွယ်ချက်မှာ သင်ရိုးများကို နှံ့နှံ့စပ်စပ် ကျက်မှတ် တတ်ရန်၊ ကျိုးကြောင်း ဆက်စပ် တွေးခေါ်တတ်ရန်၊ အလွတ် ကျက်မှတ်ခြင်းကို လိုအပ်သည်ထက် ပို၍ မကျင့်သုံးရန်၊ ကျောင်းသား/သူများ ၏ တွေးခေါ် မြော်မြင်နိုင်မှု အရည်အသွေးကို ဖော်ထုတ်တတ်ရန် ဖြစ်သည်ဟု ဖတ်မှတ်ခဲ့ဖူးသည်။ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသည် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား/သူ များရဲ့ ကျက်တူရွေး နှုတ်တိုက်၊ အလွတ်ကျက် မှတ်မှုထက် ကိုယ်ပိုင်အတွေးအခေါ်ကို တင်ပြ ရေးပြနိုင်အောင် ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပါသည်။ တစ်ဖန် စာတွေကို ကျက်စရာမလိုဘဲ ဒီစာကြောင်းတွေ့ရင် ကိုယ်ပိုင်စဉ်းစားတွေးခေါ် မှုနှင့် လက်တန်းဖြေနိုင်တဲ့ မွေးခွန်းပုံစံမျိုး ဖြစ်ပါသည်။ ကျောင်းသား/သူများအနေဖြင့် ပြုပြင် ပြောင်းလဲထားသော မေးခွန်းပုံစံကို ကြောက်စရာ မလိုဘဲ ကိုယ်တိုင် ဖြေဆိုရမယ့် မေးခွန်းပုံစံတွေကို အကျွမ်းတဝင် ရင်းနှီးမှု ဖြစ်အောင်၊ သေချာ နားလည်အောင် ဆရာ၊ ဆရာမတွေကို သေချာ မှတ်ထားသင့်ပါသည်။ တက္ကသိုလ်ဝင်တန်းတွင် ဘာသာရပ် ၁ဝ ခု ရှိသည့်အနက် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်မှ လွဲ၍ ကျန်ဘာသာရပ်များကို မေးခွန်းပုံစံအသစ် အဖြစ် ပြောင်းလဲထားသည်။ မေးခွန်းပုံစံအသစ်ဆိုင်ရာ အချက်အလက်များနှင့် နမူနာ မေးခွန်းပုံစံများကို ပညာသင်နှစ် စကတည်းက နိုင်ငံပိုင် သတင်းစာများ၊ ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်များတွင် ကြေညာထားပါသည်။
.
ပညာတတ်မှ လူရာဝင်တဲ့ခေတ်ကြီးထဲတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများသည် ပုံစံအမျိုးမျိုး နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြသော်လည်း ကျောင်းသား/သူများ၏ ရည်မှန်းချက် စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ရန် ဖြစ်သည်။ စာမေးပွဲ ထူးချွန် အောင်မြင်ရေးသည် ကျောင်းသား/သူများ၏ စာကျက်နိုင်မှု၊ စာကျက်ပုံ နည်းစနစ် မှန်ကန်မှု၊ ကျက်မှတ်ချိန် ရရှိမှု၊ ဇွဲကောင်းမှု၊ ကျန်းမာရေးနှင့် ပြည့်စုံမှု၊ ဉာဏ်ရည်အဆင့် အလွန်အမင်း မနိမ့်ကျမှု၊ မိမိကိုယ်ကို အားကိုးယုံကြည်စိတ်ချမှု၊ လေ့လာ ကျက်မှတ်ချင်စိတ်ရှိအောင် ဆရာမိဘတို့၏ ပြုပြင် ထိန်းသိမ်းမှု၊ ပညာရေးကို သက်ဝင်ယုံကြည်မှု စသည့် အချက်များသည်လည်း အလွန်အရေး ကြီးည်''ဟု ဖတ်မှတ်ခဲ့ဖူးသည်ကို ပြန်လည်ဝေမျှပါသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ဖို့ အတွက် ကျောင်းသား/သူများ အပြင် ဆရာ/ဆရာမနှင့် မိဘများလည်း သုံးဦးသုံးထွေ ညီညွတ်မှ ရမည်။ သို့မှသာလျှင် သူ့တာဝန် ကိုယ့်တာဝန်သိပြီး အောင်မြင်မှု ရပေမည်။
.
ဆရာသည် တပည့်ကို ပညာပေးသူ ဖြစ်ပါ သည်။ 'ဆရာ'ဆိုတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ရဲ့ အခြေခံကိုက 'မေတ္တာ'ကို အရင်းခံသည်။ ဆရာ တစ်ယောက်သည် စာသင်ကောင်း ရုံနဲ့ မပြီးဘဲ ကျောင်းသူ/သားများအပေါ် မေတ္တာ စေတနာ ထားတတ်ဖို့လည်း လိုပါသည်။ ဆရာ တစ်ယောက် ပြောခဲ့ဖူးသော စကားမှာ 'တက္ကသိုလ်ဝင်တန်းဟူသည် ဘဝတစ်ဆစ်ချိုးအတွက် အဆုံးအဖြတ် ပေးမယ့် စာမေးပွဲကြီးဖြစ်သလို ရှေ့ဆက်သွားမယ့် ဘဝလမ်းအတွက် ခြေလှမ်း စတင်လှမ်းရမည့် နောက်ဆုံး လှေကားထစ်လည်း ဖြစ်ပါသည်။ တစ်ဖန် တက္ကသိုလ် တက်ရောက်ဖို့ တက္ကသိုလ်ဝင်တန်း အောင်ဖို့လည်း လိုပါသည်။ တက္ကသိုလ်ဝင်တန်းတွင် အမှတ် များများဖြင့် ထူးချွန်စွာ အောင်မြင်ပါက ရွေးချယ်စရာ အခွင့်အလမ်းများသလို အမှတ် နည်းပါက သာမန်ဘွဲ့နှင့်သာ ကျေနပ်နှစ်သိမ့်ရမည် ဖြစ်သည်။ တစ်ဖန် ဆရာ/မများလည်း ကိုယ့်ရဲ့အရည်အ ချင်းကို Upgrade လုပ်ပြီး ကျောင်းသား/သူများ ကို သင်ပေးရင် အားလုံး အဆင်ပြေသွားကြမည်။ ''ဆရာ၊ဆရာမ အလုပ်ကို အားပေးချင်တယ်။ ဆရာ/မတွေရဲ့ အလုပ်ဆိုတာ အင်မတန်မှ မွန်မြတ်ပါတယ်။ နိုင်ငံအတွက် ရေရှည်ရော၊ ရေတိုပါတောင်ပါတယ်။ အဲဒီတော့ ယောကျာ်းလေး ကျောင်းဆရာ ပိုပြီးတော့ လိုအပ်ပါတယ်။ ယောကျာ်းလေးများ ကျောင်းဆရာလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့ တပည့်လေးတွေကို ပြုစုပျိုးထောင်တဲ့ အခွင့်အရေးဆိုတာ လူတိုင်း ရနိုင်တဲ့ အခွင့်အရေး မဟုတ်ပါဘူး။ တစ်ယောက် မဟုတ်ဘူး။နှစ်ယောက် မဟုတ်ဘူး။ ရာနဲ့ထောင်နဲ့ချီပြီး ပြုစုပျိုးထောင် နိုင်တယ်။ ကိုယ့်ရဲ့နိုင်ငံအတွက် အကောင်းဆုံး အမွေအနှစ်တွေကိုထားခဲ့ပေးနိုင်တယ်။''လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပြောဆိုခဲ့သည်။ တက္ကသိုလ်ဝင် စာမေးပွဲ နီးလာသည်နှင့်အမျှ ကျောင်းဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည်။ အမှောင်ထဲသွာိးု့ အလင်းရောင် လိုသလို လူ့ဘဝဆိုတဲ့ အမှောင်လောကထဲ သွားဖို့ အလင်းရောင်ပေးနိုင်မည့်သူဟာ မြတ်ဆရာများပင် ဖြစ်သည်။
.
ကျောင်းသားများ အနေဖြင့်လည်း ပြောင်းလဲထားသော တက္ကသိုလ် စာမေးပွဲမေးခွန်း ပုံစံကို အံဝင်ခွင်ကျ ဖြစ်အောင် ကြိုတင်လေ့လာ မှတ်သား လေ့ကျင့်ထားရမည်။ 'ပွဲ မဝင်ခင် အပြင်မှာ များများလေ့ကျင့်' ဟူသော စကားအတိုင်း ပြောင်းလဲသွားသော တက္ကသိုလ်ဝင်မေးခွန်းပုံစံ သည် အလွတ်ကျက် သင့်တာကို ကျက်၊စာတွေ ဖတ်ပြီး တွေးခေါ်စဉ်းစားသင့်တာ များများ စဉ်းစားပြီး သင်ဆရာ၊ မြင်ဆရာများနှင့် များများပို၍ လေ့ကျင့်သင့်ပါသည်။ 'ရိုးရိုးကျင့် မြင့်မြင့် ကြံ၊ မှန်မှန်ပြော၊ စောစောထ၊ လှလှနေ''တဲ့။ တက္ကသိုလ်ဝင် ဖြေဆိုမည့် ကျောင်းသား/သူ၊ လူငယ်တွေ အချိန်ကို တန်ဖိုး ထားရုံမက ရိုးသား ဖို့၊ မလိမ်မညာဖို့၊ ကောင်းမွန်မြင့်မြတ်တဲ့ အကြံအစည်တွေနဲ့ တွေးဆကြံစည်ဖို့ လိုပါသည်။ တက္ကသိုလ်ဝင် စာမေးပွဲကြီး ပို၍ နီးလာသည်နှင့် အမျှ တက္ကသိုလ်ဝင်ဖြေဆိုမည့် ကျောင်းသား/ သူများသည် အချိန်ကို မဖြုန်းကြဘဲ ပို၍ ကြိုးစားသင့် လေ့လာသင့်ပါသည်။ ဆရာ တစ်ယောက် ပြောခဲ့သော စကားမှာ ငါတို့ ဒီနေ့ အပင်ပန်းပန်းခံ ပညာသင်ခြင်းသည် မနက်ဖြန် ဒို့တိုင်းပြည် တိုးတက်ဖို့အတွက် ဖြစ်သည်။
.

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသူများ (ဓါတ်ပုံ - မောင်မောင်သန်း)  

ပညာချင်းပြိုင်နိုင်တဲ့ ခေတ်ကြီးထဲမှာ ပြိုင်ဆိုင်မှု မရှိကြရအောင် နိုင်ငံတော်အစိုးရအနေ နှင့် ကြိုးစားနေသည်ကို မိဘများပို၍ နားလည် သဘောပေါက် သိထားသင့်သည်။ မိဘများအနေဖြင့် ပြိုင်ဆိုင်မှုကို ရှေ့တန်း မတင်ဘဲ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် မိမိတို့၏ ကျောင်း သား/သူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင် ရာများ အပြင် လိုအပ်သည်များ ပို၍ အားပေး ထောက်ပံ့သင့်သည်။ ''ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါး''ဆိုတဲ့စကားအတိုင်း ပညာ သင်နေချိန် ကျန်းမာရေး ကောင်းအောင် နေထိုင်ရမည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများသည် စာမေးပွဲ နီးလာမှ ကျန်းမာရေး မကောင်းပါက နှစ်စ၊ နှစ်လယ် ကြိုးစားခဲ့သမျှ ''သဲထဲ ရေသွန်သလို'' ဖြစ်နေပါမည်။ ကျောင်းသား ကျောင်းသူများသည် ကျန်းမာရေးကောင်းဖို့ စိတ်ဖိစီးမှု ကင်းအောင်နေခြင်း၊ နားယူခြင်း၊ တရားအားထုတ်ခြင်းများကို ပြုလုပ်သင့်ပါသည်။ ကျန်းမာရေး ကောင်းမွန်သောသူသည် မတတ်သေးသည့် အတတ်ပညာ၊ အသိပညာကို ပို၍ သင်ယူနိုင်၏။
.
နိဂုံးချုပ် အနေဖြင့် တက္ကသိုလ်ဝင်ကျောင်းသား/သူများသည် ဘဝတစ်ဆစ်ချိုးအတွက် နောက်ဆုံး တတ်ရမည့် လှေကားထစ်ကြီးကို ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားဖြေဆိုကြရမည်။ စိတ်ဖိစီးမှု ကင်းဝေးအောင် နေထိုင်ပြီး ကျန်းမာရေးကောင်းအောင် လိုက်လျောညီထွေအောင် နေထိုင် ပြုမူသင့်ပါသည်။ ၂ဝ၁၉ ခုနှစ်၊ မတ်လ ၆ ရက်မှ စတင်၍တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားကျောင်းသူတိုင်း အချိန်ရဲ့တန်ဖိုးကို သိရှိပြီး အချိန်ကို တန်ဖိုး ထားတတ်ပါစေ။ ပြုပြင် ပြောင်းလဲ ထားသော စာရွက်ပေါ်က မေးခွန်းများကို တွေးခေါ်ကြံဆဉာဏ်နှင့် ရိုးသား ကြိုးစားပြီး အောင်ကြပါစေလို့ စေတနာမေတ္တာ ရှေ့ထား၍ တိုက်တွန်း အကြံပြု လိုက်ရပါသည်။

No comments:

Post a Comment