ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, February 4, 2019

ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည်


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ လာမည့် ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်၍ မိန့်ခွန်း ပြောကြားမည် ဖြစ်သည့်အတွက် အခမ်းအနားသို့ တက်ရောက်နိုင်ရန် ဒေသခံ ပြည်သူများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တောင်ကြီးမြို့နယ် ပြန်ကြားရေးကော်မတီမှ ဖိတ်ကြား ထားကြောင်းလည်း သိရသည်။
.

(Photo - Myanmar State Counsellor Office)
 
၂၀၁၉ ခုနှစ် အတွင်း၌ ၃ ကြိမ်မြောက် ပြည်နယ်ခရီးစဉ် အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ်သို့ လာရောက်မည် ဖြစ်ပြီး ပြီးခဲ့သည့် ဇန်န၀ါရီလ အတွင်းက ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်သို့ သွားရောက်၍ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
.
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်း ဒေသများသို့ လာရောက်မည် ဖြစ်ပြီး လူထု တွေ့ဆုံပွဲများ၊ ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်သွားမည် ဖြစ်ကာ ဒေသတွင်း လူနေမှုနှင့် စီးပွားရေး ကောင်းမွန်ရေးဆိုင်ရာ အခြေအနေများ၊ မြေယာ ပြဿနာများအား ဒေသခံများမှ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ခရီးစဉ်တွင် တင်ပြနိုင်ရေးအတွက် စီစဉ်လျက် ရှိကြောင်းလည်း သိရသည်။
.

ပင်လုံစာချုပ်တွင် ပါဝင်ရေးအတွက် စော်ဘွားများနှင့် လူထုကိုယ်စားလှယ်တို့ ပူးပေါင်းနိုင်ခဲ့သည့် ဖေဖော်ဝါရီလ  ၇ ရက်(၁၉၄၇ ခုနှစ်)ကို ရှမ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် ရှမ်းပြည်နယ်၌ အခြားတိုင်းရင်းသား လူမျိုးစုများလည်း စုပေါင်းနေထိုင်ကြသဖြင့် ရှမ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်နေ့ အဖြစ် ပြင်ဆင်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment