သာဓုခေါ်ရန်ခက်သည့် သမာအာဇီဝ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, February 4, 2019

သာဓုခေါ်ရန်ခက်သည့် သမာအာဇီဝ


ကျော်ကျော်လင်း (ရှမ်းပြည်)
.
.
ပျံကျဈေးသည်ဟုဆိုလိုက်လျှင် တစ်နေ့ လုပ်တစ်နေ့စား ဆင်းရဲမွဲတေမှုများနှင့် နပန်းလုံးနေရသည့် လက်လုပ် နေ့စားများဟု ထင်မှတ်ထားကြသူ လူများစုက များနေသည်။ အရေအတွက်အားဖြင့် မနည်းမနောရှိနေသည်ဟု လည်း ဆိုရပေမည်။ ''မိဘအလုပ်အကိုင်''ကို ဖြည့်ရန်ထားသည့်အကွက်အတွင်း၌ ''ပျံကျဈေးသည်''ဟု စာရင်းရေးသွင်းထားသည့် ကိုယ်ရေးလျှောက်လွှာများတွင်လည်း အလုပ်အကိုင် လာရောက်လျှောက်ထားကြသည့် လူငယ်အများစုက ရေးသွင်းထားလေ့ရှိသည်။ ထိုလူငယ်များသည် များသောအားဖြင့် ဘွဲ့ရအလုပ်လက်မဲ့များက အများစုဖြစ်နေသည်။ တည်တည်တံ့တံ့နှင့် အလုပ်အကိုင်တစ်ခုကို ရရှိရန် မျှော်လင့်နေကြသူများဖြစ်ကြသည်။ ယနေ့ခေတ်တွင် အလုပ်အကိုင်တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ပါက သူတို့မျှော်လင့်ထားသည့် လူရာဝင်သည့် အလုပ်တစ်ခုကို ရရှိရန်မှာ ဘာမှခက်ခဲ သည်မဟုတ်သည်ကို သိနိုင်ပါသည်။ ၄င်းတို့၏ စိတ်ထဲတွင် မိမိတို့အရည်အသွေးကို ထည့်မစဉ်းစားဘဲ ရရှိသည့်အလုပ်ကို မိမိတို့နှင့်မထိုက်တန်သေးဟူသော ဘဝင်စိတ်ကို ပယ်ရှားရန်သာ အရေးကြီးသည်။ အလုပ်တစ်ခုကိုရလျှင် ဝင်ရောက်လုပ်ကိုင်ကြည့်မည်ဟူသော စိတ်မျှပင် မရှိသည့် သူသည် အရပ်အခေါ် ''၁ဝ၉၊ ၁၁ဝ'' ဘဝမှလွတ်မြောက်တော့မည်မဟုတ်၊ အလုပ်လက်မဲ့ဘဝဖြင့် နှစ်ကာလ ရှည်ကြာ သူတို့၏ နုပျိုသော၊ လန်းဆန်းတက်ကြွသည့် လူငယ်ဘဝကို ကုန်ဆုံးစေရန် ရည်ရွယ်ထားဟန်တူသည်။ ယနေ့ခေတ်တွင် လူငယ်အများစုသည် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်အကိုင်လုပ်ရန်သာ အားထည့်ထားသည်။ ထိုသူများနှင့်ဆုံ လျှင် ''ထွက်ဖို့''လုပ်နေသည်ဟူသော စကား လုံးများကိုသာ နားမဆံ့အောင် ကြားရသည်။
.
နောက် လေးငါးဆယ်နှစ်ကြာသည့်အခါ ထိုပုဂ္ဂိုလ်လေးများနှင့် ပြန်ဆုံလျှင်တော့ အနီ ပုဂ္ဂိုလ်လေးများသည် အစိုးရမကောင်းကြောင်းကို ထိုင်ပြောနေသည့် ဝေလေလေနိုင်ငံရေးသမားများအဖြစ် မြင်တွေ့ရပြန်သည်။ သူတို့၏ ပါးစပ်ထဲမှထွက်သည့် အင်္ဂလိပ်တစ်ပိုင်း၊ ဗမာတစ်ဝက် ဟိုမရောက်သည်မရောက်ဖြစ်နေသည့် ကပြား စကားသံ ကိုလည်း တော်တန်ရုံ ပါရမီဖြင့် နားမထောင်နိုင်တော့ပါ။ ကိုယ့်လမ်းကိုယ် သွားမည်ဟု ရှောင်ထွက်သွားသည့်တိုင် ''နိုင်ငံရေးကို စိတ်မဝင်စားတဲ့လူတွေကြောင့် မြန်မာ ပြည် ဒီဘဝက မတက်နိုင်သေးတာပဲ''ဟု ရိသလိုလိုနှင့် မှတ်ချက်ပေးလိုက်သေးသည်။ ဤသို့သော ဆန်ကုန်မြေလေးများအကြောင်းတော့ ထားလိုက်တော့၊ ရေးနေသည့် ပျံကျဈေးသည် များအကြောင်း ဆက်ပါမည်။ ယခုအခါ နိုင်ငံအနှံ့အပြားမြို့ကြီးများတွင် ညဈေးတန်းများ တည်ထောင်ဖွင့်လှစ်ပေးလျက်ရှိသည်။ အချို့ ဈေးတန်းများကို ဝန်ဆောင်မှုကောက်ခံကာ နိုင်ငံတကာ အဆင့်မီ ရေ၊ မီး၊ အမှိုက်သိမ်း စနစ်များဖြင့် ပြုလုပ်သွားမည်ဟုဆိုပါသည်။ လက်ရှိအချို့သော ညဈေးတန်းများအတွက် ရေပေးဝေရေးစနစ်၊ အများပြည်သူသုံး အိမ်သာ စနစ်များကို ဆောင်ရွက်နေပါသည်ဟု တာဝန် ရှိသူများကဆိုသည်။ ထိုညဈေးတန်းများတွင် လမ်းဘေးဈေးသည်များအနက်မှ ရောင်းချလို သူများကိုသာ ရောင်းခွင့်ပြုထားခြင်းဖြစ်သည်။
.
မြို့ကြီးများတွင် စည်ပင်သာယာနယ်နိမိတ် အတွင်း စားဝတ်နေရေးအတွက် အမှန်တကယ် ဈေးရောင်းချလိုသူများ အတွက် စနစ်တကျ လုံ လုံခြုံခြုံဈေးရောင်းချနိုင်ရန် စီစဉ်ပေးနိုင်ရန် လိုအပ်ပါသည်။ လမ်းဘေးဈေးသည်တွေရှိခြင်း ကြောင့် လမ်းသွားလမ်းလာများအတွက် ဈေး ဝယ်သူများနဲ့ ရှုပ်ထွေးပြီး သွားလာရခက်ခဲသည် ဟု ဆိုသူများလည်း ရှိပါသည်။ လမ်းဘေးဈေး သည်များကြောင့် မော်တော်ယာဉ်များသာမက ခရီးသွားပြည်သူများပါ ဒုက္ခရောက်ကြောင်းလည်း ဆိုသည်ဟု ဝေဖန်ထားသည်များရှိသည်။ မြန်မာပြည်၏ စီးပွားရေးမြို့တော် ရန်ကုန်တစ် မြို့လုံးတွင် ကောက်ခံထားသည့် စာရင်းများအရ လမ်းဘေးဈေးသည်ပေါင်း စုစုပေါင်း သုံးသောင်းကျော်ရှိသည်ဟု ဆိုထားသည်။
.
ယခုအခါ မြို့ကြီးများတွင် ကိုရီးယားစတိုင်၊ ထိုင်းစတိုင်၊ ဟောင်ကောင်စတိုင် ပုံဖော်ထား သည့် လမ်းဘေးဆိုင်ငယ် ကလေးများ အများအပြားဖွင့်လှစ်ရောင်းချလာသည်။ ဈေးများနှင့် နီးသည့် လမ်းမကြီးများတွင် လမ်းဘေးဈေးသည် များ ပိုမိုများပြားကြောင်းတွေ့ရသည်။ ယခုကာလတွင် မြို့ကြီးများ၏ အဓိကလမ်းမ ကြီးများ၏ အိမ်အောက်ထပ် အခန်းများသည် ဆိုင်ခန်းများအဖြစ် အသွင်ပြောင်းသွားသည်မှာ နှစ်ကာလအတော်ကြာခဲ့ပြီဖြစ်သည်။ ထိုနေရာ များတွင် ဂိမ်းဆိုင်များ၊ ဖုန်းဆိုင်များ၊ စားသောက်ဆိုင်များအဖြစ် ပြောင်းလဲသွားကြသည်။ ရောင်းချသူအများစုသည် လူငယ်များ ဖြစ်နေကြသည်။ အတိတ်ကာလများကဲ့သို့ လမ်းဘေးဈေးသည်ကိုမရှက်တော့၊ ကောင်းရောင်း ကောင်းဝယ် လုပ်စားခြင်းအပေါ် ဂုဏ်ယူနေကြဟန်ပင်ရှိသည်။ မိမိတို့၏ မိဘများ လုပ်ငန်းကို ဝင်ရောက်လုပ်ကိုင် နေသူများ တာဝန်လွှဲပြောင်းယူနေသူများပင် ရှိလာသည်။ များစွာ ချီးမွမ်းမိပါသည်။ မိမိအလုပ်ကို မိမိဂုဏ် ယူလာတတ်သည်ဟု ဆိုရပေမည်။
.
မြန်မာပြည်သားတစ်ဦးအနေဖြင့် လုပ်ဆောင်ရန် တာဝန်များစွာရှိနေသည်။ မိမိတို့ နိုင်ငံအနေဖြင့် အချိန်တိုအတွင်း ဆင်းရဲမွဲတေ မှုနွံများထဲမှ ရုန်းထွက်နိုင်ရေး၊ တစ်ဦးချင်းဝင် ငွေမြင့်မား၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာ စေရေးကို ဦးတည်လုပ်ဆောင်ပေးခြင်းများကို အားပေးရပေမည်။ အချို့သော အလုပ်များသည် အစိုးရကိုယ်တိုင် ဦးစီးဦးဆောင်မှ ရပေမည်။ အစိုးရအဖွဲ့၏ သဘောထားနှင့် စိန်ခေါ်မှုများကို ပြည်သူတို့ သိရှိနားလည်မှသာ ပြည်သူအများစုက အစိုးရအဖွဲ့ကို အပြစ်တင်ခြင်းမှ ကင်းဝေးပေမည်။ မြန်မာပြည်သည် အဘက်ဘက်မှ ဖွံ့ဖြိုးမှု နောက်ကျနေသည်ဟု ပြည်သူအများစုက သဘောပေါက်လက်ခံထားသည်။ ဘာကြောင့် ထိုပြဿနာများကို ရင် ဆိုင် ဖြေရှင်းနေရသည်ကို နားလည်သဘော ပေါက်မှသာ ပြည်သူများ၏ အတူတကွ ပူးပေါင်းပါဝင်မှုကို အစိုးရတို့ ရရှိနိုင်ပေမည်။ မြန်မာပြည်သည် ဖွံ့ဖြိုးမှု နောက်ကျခဲ့ခြင်းကြောင့် အချိန်တိုအတွင်း ဆင်းရဲမွဲတေမှု သံသရာမှ ရုန်း ထွက်နိုင်ရေးသည် ပြည်သူအများစု၏ တစ်ဦး ချင်းဝင်ငွေမြင့်တက်လာစေရေးတို့သည် ခက်ခဲသော လုပ်ဆောင်ချက် များ ဖြစ်သည်။ ယင်းထက်ပိုမိုခက်ခဲသည့်အလုပ်မှာ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်သည်ကို သုံးသပ်တွေ့ရှိလာရသည်။ ထိုအချက်နှစ်ချက်သည်လည်း ခေါင်းနှင့်ပန်းကဲ့သို့ အဆက်အစပ် ရှိစွာဖြင့် တည်ရှိနေပါသည်။ ဥပမာပြရလျှင် မတည်ငြိမ်သော နယ်စပ်ဒေသများ၊ တရားဥပဒေစိုးမိုးမှု အားနည်းသည့်ဒေသ များတွင် ကုန်ပစ္စည်းအတုများ ကြီးစိုးခေါင်း ထောင်နေသကဲ့သို့ဖြစ်သည်။
.
တရားဥပဒေ စိုးမိုးရေးဟုဆိုလိုက်လျှင် မူး ယစ်ဆေးဝါး၊ ဓားပြမှု၊ ခိုးမှု၊ မုဒိမ်းမှုလောက်သာ ဥပဒေချိုးဖောက်မှုဟု မမြင်တော့ဘဲ ရဲအရေးပိုင်သည့်အမှုများ သာမက ခေတ်ကာလ အလိုက် ထုတ်ပြန်ကန့်သတ်ထားသည့် အမိန့် ကြေညာချက်များအထိ အကျုံးဝင်သည်ကို မမေ့အပ်ပါ။ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာ ချက်များလည်း အကျုံးဝင်ပါသည်။ မြန်မာပြည် သူများနှင့် ရင်းနှီးနေသည့် သီတင်းကျွတ်ပွဲ တော်ကာလရောက်လျှင် တီဗွီ၊ သတင်းစာများတွင် ကြေညာလေ့ရှိသည့် ''ဗျောက်အိုးမဖောက် ရ၊ ရောင်းချခြင်းမပြုရ''ဆိုသည့် ကြေညာချက် များသည် တရားဥပဒေ စိုးမိုးရေးကို အ ထိုက်အလျောက် အထောက်အကူပြုရန် ရည်ရွယ်ပြီး ထုတ်ပြန်ခြင်း ဖြစ်သည်။ ထို အချက်များကိုလည်း လေးစားလိုက်နာရန် လိုအပ်ပါသည်။ လူငယ် အများစုသည် ထို အမိန့်များကို ဂရုပြုကြသူများ မဟုတ်ပေ၊ ယနေ့ လမ်းဘေးဈေးသည် ဘဝသို့ ကူး ပြောင်းလာသည့် လူငယ်အများစုသည်လည်း ထို ကန့်သတ်ချက်များကို ဂရုစိုက်သတိပြုရန် လိုသည်။ လမ်းဘေးဈေးသည်ဘဝကို ခံယူ လိုက်သည့် လူငယ်များအနေဖြင့် အများစုလုပ် ကြသည်မှာ အစားအသောက် ရောင်းချခြင်းဖြစ်သည်။ အရင်းအနှီးအထိုက်အလျောက်နှင့် စတင်လုပ်နိုင်ခြင်းဖြစ်သည်။
.
ပြည်သူများအနေဖြင့် ဘေးဥပဒ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် ပတ်သက်ပြီးအချက် အလက်များ၊ သတင်း များကို ကြားသိမြင်တွေ့ ရခြင်းကြောင့် တတ်နိုင်သမျှ ရှောင်ရှားစားသုံး နေကြသည်။ ဈေးကွက်အတွင်း ကြက်များ ရောင်းချသည့်အခါ ကြက်များနာဖျားသည့်အခါ တက်ထရာဆိုင်ကလင်းထိုး၍ ရောင်းချလေ့ရှိသည်။ ယင်းကြက်အသားအား ရက်သတ္တပတ် အတွင်း စားသုံးမိပါက စားသုံးသူသည် တက်ထရာဆိုင်ကလင်း ဆေးယဉ်ပါးဆေးမတိုးသော ရောဂါနှင့်အစာအဆိပ်သင့်ခြင်းများ ဖြစ်လာနိုင်သည်။ အထူးသဖြင့် ကြက်များကို ဆေးထိုးသည့်အခါ တောင်ပံကိုမ၍ ယင်း၏အနီးတစ် ဝိုက်တွင် ဆေးထိုးခြင်းဖြစ်သောကြောင့် ဆေး တွင် ပါဝင်သော ဓာတ်ပစ္စည်းများမှာ လူနှင့်မတည့်သည့်အခါ အန္တရာယ်ရှိနိုင်သဖြင့် ကြက်တောင်ပံများအား ပိုမိုမစားသင့်ကြောင်း တိ၊မွေး၊ကု ဌာနမှ ဆရာဝန်က ပြောကြားသည်။ သုတေသနပြုချက်များအရ အသားတိုးကြက် များကို ရေခဲသေတ္တာထဲတွင် သိမ်းဆည်းလျှင်အ ပူချိန်လေးဆယ်ဒီဂရီဖာရင်ဟိုက်အတွင်း လေး ဆယ့်ရှစ်နာရီထက် ပိုမထားသင့်ကြောင်း၊ ဘေး ဥပဒ်ကင်းစွာ စားနိုင်ရန် အစိတ်အပိုင်းများဖြစ် လျှင် ချက်ပြုတ်ချိန် သုံးဆယ်ငါးမိနစ်မှ လေး ဆယ့်ငါးမိနစ်ကြာသင့်သည်ဟုဆိုသည်။ အပူချိန်တစ်ရာ့ခြောက်ဆယ့်ငါးဒီဂရီဖာရင်ဟိုက်နှင့် ကင်မည်ဆိုပါက မိနစ်ခြောက်ဆယ်နှင့်တစ်ရာ့ ခုနစ်ဆယ့်ငါးမိနစ်ကြာအောင် ကင်သင့်သည်ဟု ဆိုပါသည်။
.
ယခုအခါ ဈေးကွက်တွင် ရောင်းချနေသည့် အသားကင်အများစုသည် မကင်ခင်အအေးခန်း သို့မဟုတ် ရေခဲသေတ္တာများတွင် ကြာရှည်စွာ သိုလှောင်ထားသည့်အတွက် အောက်စီဂျင် ဓာတ်တိုးမှုဖြစ်စေကာ ကင်ဆာရောဂါများဖြစ် ပွားစေပြီး အခြားတစ်ဖက်တွင်လည်း ခန္ဓာကိုယ် အတွင်းရှိ ဖီးလ်လိုက်ဘရီခေါ် ဖျက်ဆဲလ်များကို တိုးပွားစေ၍ ကင်ဆာရောဂါဖြစ်စေနိုင်ပါသည်။ မြန်မာနိုင်ငံသည် ကင်ဆာရောဂါဖြစ်ပွားမှုအ မြင့်ဆုံး ဒုတိယနေရာတွင် ရပ်တည်နေသည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ ထုတ်ပြန်ကြေညာချက်များတွင် ဖော်ပြထား သည်ကို ဂရုပြုသင့်သည်။ ရောဂါသည် အများ စုသည် အစားအသောက်ကြောင့် ဖြစ်ရသည် ဟုလည်း ဖော်ပြထားသည်။ ¤င်းအပြင် မြန်မာ နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း မ သန့်ရှင်း၊ မလတ်ဆတ်သော အစားအစာများ စားသုံးခြင်းကြောင့် သေဆုံးသူ ဦးရေသုံးသန်း ဝန်းကျင်ရှိနေပြီး မြန်မာနိုင်ငံမှာ အစားအ သောက် မသန့်ရှင်းမှုကြောင့် သေဆုံးရသူများ စာရင်းတွင် တတိယအဆင့်တွင် ရှိနေသည်ဟု သိရသည်။ မသန့်ရှင်း၊ မလတ်ဆတ်သော အ စားအသောက်များအပြင် ဓာတုဆေးဝါးများ ထည့်သွင်းအသုံးပြုမှုများကလည်း စားသုံးသူ များ၏ ကျန်းမာရေးကို ထိခိုက်ရုံသာမက အ သက်အန္တရာယ်အထိ ခြောက်လှန့်နေပါသည်။ ယခုလူအများစုနှစ်သက်စွာ စားလေ့ရှိသော ကြက်ကင်၊ ကြက်ကြော်များအတွက် ပြည်တွင်း ၌ ပုံမှန်အသားတိုး ကြက်စားသုံးမှုမှာ ကောင် ရေသန်းနှစ်ဆယ်ခန့်ရှိမည်ဟု ခန့်မှန်းထား သည်။ ဆေးပညာရှင်များက ကြက်သားထုတ် လုပ်သူများက အသားတိုးအောင် ပဋိဇီဝဆေး တွေသုံးထားတယ်၊ ကြက်ကြော်ပြုလုပ်ပြီး ပြန် ကြော်ဆီတွေကို ဆက်တိုက်အသုံးပြုခြင်းများ လည်း ရှိနေသည်ဟု ထောက်ပြကြသည်။ ဤ အချက်သည် လမ်းဘေးဈေးဆိုင်ဖွင့်ရန် ပြင် ဆင်နေသော ဖွင့်လှစ်ရန် ကြိုးပမ်းနေသူများကို သတိမူမိစေရန် ရေးသားချက်တချို့တလေမျှသာ ဖြစ်သည်။
.
မိမိတို့နှင့် ကိုက်ညီသော အလုပ်ဖြစ်သော် လည်း မိမိ၏ လုပ်ရပ်ကြောင့် အခြားသော ပြည်သူများ၏ ကျန်းမာရေးအန္တရာယ်ရှိစေမည် ဆိုလျှင် ထိုအလုပ်ကို လူအများက သာဓုခေါ် ချီးမွမ်းမည်မဟုတ်ဟု တင်ပြလိုက်ပါသည်။ 
.

No comments:

Post a Comment