ဟိုပုံးမြို့ရှိ စတော်ဘယ်ရီစိုက် တောင်သူများ အဆင်မပြေ ဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, February 13, 2019

ဟိုပုံးမြို့ရှိ စတော်ဘယ်ရီစိုက် တောင်သူများ အဆင်မပြေ ဖြစ်နေ


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စတော်ဘယ်ရီ အထွက်နှုန်းမှာ ယခင်နှစ်ကထက် လျော့ကျနေမှုကြောင့် စတော်ဘယ်ရီ စိုက်ပျိုးသည့် တောင်သူများ အဆင်မပြေ ဖြစ်နေရကြောင်း သိရသည်။
.
.
''သိပ်အဆင်မပြေဘူး။ အရင်နှစ်ကလောက် မထွက်ဘူး။ အသီးကလည်း မကောင်း၊ ဈေးနှုန်းကလည်း မကောင်းတော့ အဆင်မပြေဘူး။  မိုးရွာရင်လည်း အသီးတွေက ပုတ်တယ်လေ။''ဟု စတော်ဘယ်ရီစိုက် တောင်သူ ဒေါ်မိုးအုန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့ပြင် ဒေါ်မိုးအုန်းမှ ''ဆေးကိုတော့ ၇ ရက် တစ်ပတ်ကို တစ်ခါလောက် ဖြန်းပေးရပါတယ်။ တစ်ဈေးကြားမှ တစ်ခါလောက်ပဲ ရောင်းရတယ်။ ဖောက်သည်တွေ၊ ကုမ္ပဏီတွေကတော့ ခြံထိလာဝယ်တယ်။ အခုမှ စထွက်တာဆိုတော့ သိပ်ပြီး မရောင်းရသေးဘူး။ နောက်ဆိုတော့ ပိုထွက်မှာပေါ့။ စစိုက်ပြီး ၂ လခွဲ ၃ လ လောက်ဆိုရင်တော့ ခူးလို့ရပြီ''ဟု ဆက်လက် ပြောကြားခဲ့သည်။
.
စတော်ဘယ်ရီကို ဒေသသီး၊ ထိုင်ဝမ်သီး၊ ယိုးဒယားသီး အပင်သုံး မျိုးဖြင့် စိုက်ပျိုးလျက်ရှိပြီး ထိုင်ဝမ်ပင် တစ်ပင်ကို ငွေကျပ် ၄ဝဝ မှ ၅ဝဝ ကျပ်၊ ဒေသသီးကို တစ်စည်းလျှင် ၂ဝဝ ကျပ်မှ ၃ဝဝ ကျပ်ဖြင့် ဝယ်ယူ ရကြောင်း သိရသည်။
.
စတော်ဘယ်ရီပင်ကို အောက်တိုဘာလမှ စတင်စိုက်ပျိုးရပြီး ဇန်နဝါရီလလယ်တွင် စတင်ထွက်ရှိကြောင်း သိရသည်။
.
စတော်ဘယ်ရီ ဈေးကွက်တွင် ဒေသသီး တစ်ခြင်းကို ၃ဝဝဝ ကျပ်၊ ထိုင်ဝမ်သီး တစ်ခြင်းကို ၅၅ဝဝ ကျပ်ထိ ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment