မူဆယ်မြို့ရှိ ဆောင်းသီးနှံ ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုးများ ဝင်ရောက်ဖျက်ဆီးမှု ရှိနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, February 8, 2019

မူဆယ်မြို့ရှိ ဆောင်းသီးနှံ ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုးများ ဝင်ရောက်ဖျက်ဆီးမှု ရှိနေ


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်းရှိ ဆောင်းသီးနှံ ပြောင်းစိုက်ခင်းများအား ငမြှောင်တောင်ပိုး ဝင်ရောက် ဖျက်ဆီးမှုများ ရှိနေပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့တွင်ပါ ဝင်ရောက်ဖျက်ဆီးမှုများရှိနေရာ မိုး ရာသီအစေ့ထုတ်ပြောင်းအား ကူးစက် မှုမရှိစေရေးအတွက် ကြိုတင်ဆောင် ရွက်နေကြောင်း ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
.
.
'' မိုးရာသီတုန်းကလည်း ရှမ်းပြည်နယ်မှာ ကျခဲ့ဖူးတယ်။ ရှမ်း မြောက်ကနေစဖြစ်ပြီး ရှမ်းတောင်မှာပါ ဆက်ကျခဲ့တာပါ။ အခု FAW Spo doptera frugiperda ပိုးလဲ ရှမ်း ပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင် ထဲက ပြောင်းခင်းကနေကျရောက် မှုကို သိတာနဲ့ ကျွန်မတို့စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းတွေက လေ့လာ စစ်ဆေးခြင်းတွေ လုပ်တဲ့အခါမှာ ကျိုင်းတုံးမြို့နယ်အတွင်းမှာ စိုက်ပျိုး ထားတဲ့ဆောင်ပြောင်းစိုက်ခင်းမှာ တစ်ကောင်တွေတယ်။ ရှမ်းတောင် ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးကျေးရွာက ခြံမှာလည်းတွေ့တယ်။ ကျရောက်မှု မများပေမယ့် ဒီ FAW ပိုးနဲ့ပတ်သက်လို့ ရှမ်းပြည်နယ်ရဲ့ ရာသီဥတု အပူချိန်က အကောင်ပေါက်ဖွားမှု အသင့်တော်ဆုံးဖြစ်တဲ့အတွက် ကြိုတင်နှိမ်နင်း ဆောင်ရွက်နေပါတယ်'' ဟု ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီး ဌာန၊ ပြည်နယ်သီးနှံကာကွယ်ရေး ဌာနခွဲ တာဝန်ခံ လက်ထောက်ညွှန် ကြားရေးမှူး ဒေါ်သင်းသင်းလဲ့က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါပိုးများ ဆက်လက် ပြန့်ပွားမှု မရှိစေရန်နှင့် စိုက်ခင်းသီးနှံများသို့ ဝင်ရောက်ဖျက်ဆီးခြင်းများ၊ မရှိစေရေးအတွက် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးဦးဆောင်၍ မြေ၊ မျိုး၊ ပိုး တာဝန်ခံများနှင့် သက်ဆိုင်ရာစိုက်ပျိုးရေး ဦးစီးမှူး ဝန်ထမ်းများ၊ ဒေသခံ လူမှုရေးအဖွဲ့အစည်းများနှင့် တောင်သူများ ပူးပေါင်း၍ ပိုးကောင်းရှာဖွေခြင်း၊ ဥရှာဖွေခြင်း၊ ပိုးကောင်နှိမ်နင်း နည်းပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ငမြှောင်တောင်ပိုးတစ်ကောင်သည် မိုင် ၆ဝ ခန့်အထိ ပျံသန်းနိုင် ပြီး စိမ်းစိုအရွက်သီးနှံများ၌ ကျရောက်ကာ ပြောင်းပင်၏ ရွက်လိပ်အတွင်းသို့ စတင်ဝင်ရောက် ဖျက်ဆီးတတ်ပြီး ၂၆ ရက်မှ ၄၂ ရက်သားအထိ လောက်ကောင်ဘဝဖြင့် ရှင်သန် ဖျက်ဆီးကာရုပ်ပိုးဖြစ်ပါက မြေပြင်သို့ဆင်းပြီးမြေကြီးမှ ပြန်ထွက်ချိန်တွင် မိတ်လိုက်တတ်ကြောင်းနှင့် ပိုးတစ်ကောင် လျှင်ဥ ၂၅ဝ မှ ၁ဝဝဝ ဥ အထိဥတတ်သည့်အတွက် ပေါက် ဖွားနှုန်း မြန်ဆန်ပြီး လေစီးကြောင်း ဖြင့် ရွေ့လျား နိုင်သည့်အတွက် ကျရောက် ဖြစ်ပွားမှုမြန်ဆန်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် မိုးရာသီပြောင်း ဧက ၆ သိန်းမှ ၇ သိန်းခန့်အထိ စိုက်ပျိုးသော ပြည်နယ်ဖြစ်၍ ယခု ကျရောက်သည့်ပိုးကို ဒုတိယသက် တမ်းပေါက်ဖွားမှုမရှိစေရေး ကြိုတင် ဆောင်ရွက်နေကြောင်း သိရသည်။
.
''စိုက်ပျိုးရေးက ဝန်ထမ်းတွေ၊ ကျေးရွာမှာရှိ တဲ့လူမှုရေးအဖွဲ့တွေ၊ ဒေသခံတောင်သူတွေ ပူးပေါင်းပြီး ဝိုင်းဝန်း နှိမ်နင်းနေတာပါ၊ မိုးရာသီမှာစိုက်ပျိုးမယ့် အစေ့ထုတ်ပြောင်းတွေကိုလည်း တစ်ပြိုင်တည်း စိုက်ပျိုးနိုင်အောင် ကြိုးစားစေချင်ပါတယ်။ စိုက်ပျိုးပြီးတာနဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ပေါင်းမြက်တွေ သန့်ရှင်းရေးလုပ်ဖို့လည်း လိုပါတယ်။ သီးနှံမစိုက်ပျိုးခင်မှာ နွေထယ်ရေးခံပေးရပါမယ်။ မြေ ကြီးထဲမှာရှိတဲ့ ရွက်ပုံးတွေကောက်ယူ ဖျက်ဆီးဖို့လည်းလိုပါတယ်။ တကယ်လို့ ပိုးရှိနေမယ် ဆိုရင်တောင် နေရောင်ခြည်ရဲ့အပူကြောင့် ပိုးတွေ သေသွားနိုင်ပါတယ်။ စိုက်ပျိုးတဲ့အခါမှာ ပိုးတက်မြေသြဇာခံပြီးစိုက်ပျိုးဖို့လည်းလိုပါတယ်။ အရွက်မှာ အပေါက်ကလေးတွေ ဖြစ်တာ၊ မသင်္ကာတာတွေ့ရင် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနကို အကြောင်းကြားဖို့၊ လိုပါတယ်''ဟု ဒေါ်သင်းသင်းလဲ့က ဆက်လက် ပြောကြားခဲ့သည်။
.
အဆိုပါ ငမြောင်တောင်ပိုးသည် အရွက်အစိမ်းသားများကို ခြစ်စားရာမှ ကြီးလာသော် အပင်အစိတ်အပိုင်းများကို ကိုက်ဖြတ်စား သောက်သဖြင့် အပင်ငုတ်တိုသာကျန်ပြီး နံနက်စောစောနှင့် ညအချိန်များတွင်အပင်ကို ဖျက်ဆီးတတ်ကာ ရာသီဥတုအုံ့မှိုင်းသည့် အချိန်များတွင်လည်း ဖျက်ဆီးတတ်ကြောင်း သိရသည်။
.

No comments:

Post a Comment