တောင်ကြီးမြို့ပေါ်တွင် စည်းကမ်းပျက် မော်တော်ယာဉ်များအား နေ့စဉ်လှည့်ကင်းဖြင့် အရေးယူဆောင်ရွက်နေဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, February 7, 2019

တောင်ကြီးမြို့ပေါ်တွင် စည်းကမ်းပျက် မော်တော်ယာဉ်များအား နေ့စဉ်လှည့်ကင်းဖြင့် အရေးယူဆောင်ရွက်နေဟု ဆို


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ် သော တောင်ကြီးမြို့တွင် စည်းကမ်း ပျက်မော်တော်ယာဉ်များအား ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ နေ့စဉ် လှည့်ကင်းအဖွဲ့ ၃ ဖွဲ့ဖြင့် စစ်ဆေးအရေး ယူဆောင်ရွက်နေကြောင်း အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်)မှ သိရသည်။
.
.
''ရှေ့ပြေးမော်တော်ယာဉ် ၃ စီး နဲ့ တစ်ဖွဲ့၊ မော်တော်ယာဉ် ၂ စီးနဲ့ က ၂ ဖွဲ့ စည်းကမ်းမဲ့ မော်တော် ယာဉ်တွေကို နေ့စဉ်အရေးယူ ဆောင်ရွက်နေတာပါ။ တောင်ကြီးမြို့ရဲ့ နေရာအနှံ့ကို နေ့စဉ်လုပ်နေတာပါ။ ရှမ်းတောင်မှာက ဒီလိုပြဿနာမျိုးတွေကို တောင်ကြီးပဲ အများဆုံးကြုံတွေ့ နေရတာပါ။ ကျန်တဲ့နေရာတွေမှာတော့ သိပ်မကြုံရ ပါဘူး''ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး (ရှမ်း တောင်)မှ ရဲမှူး မျိုးဇော်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့၊ မြို့မဈေးအနီးတစ်ဝိုက်၌ တစ်လမ်းမောင်းစနစ် ပြုလုပ်ထားသည့် နေရာများ၊ ယာဉ်မရပ်ရ နေရာများတွင် ယာဉ်ရပ်နားခြင်း၊ ယာဉ် ၂ ထပ်ရပ်ခြင်း၊လမ်း ပြောင်းပြန် မောင်းနှင်ခြင်းနှင့် ကုန်တင်/ကုန်ချ ပြုလုပ်ခြင်းများ ရှိနေပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များမှ အချိန်ပြည့် စောင့်ကြည့်အရေးယူရန် မဖြစ်နိုင်သည့်အတွက် လှည့်ကင်းဖြင့်သာ ရှောင်တခင် အရေးယူဆောင် ရွက်နေရကြောင်း ရဲမှူး မျိုးဇော်အောင်မှ ဆက်လက်ပြောကြားသည်။
.
''ဈေးပတ်ဝန်းကျင်မှာ တစ်လမ်းမောင်းကို နှစ်လမ်းသွားနေကြတယ်။ တချို့တွေကျတော့ မသိကြဘူး။ ဆိုင်းဘုတ် တွေကလည်း ထင်ထင် ရှားရှားလှပ်ထားတာ မရှိဘူး။ အနောက်မြို့ပတ်လမ်းက နဂါးပွက်ကျောင်းလမ်းဆိုရင် တစ်လမ်းမောင်းပါ။ မိန်းလမ်းကနေ အဝင်မရဘူး။ ယာဉ်ထိန်းတွေရှိတဲ့ အချိန်ကျရင်တော့ မဝင်ကြဘူး။ ညနေပိုင်း ဆိုရင် ဝင်ထွက်သွားလာနေကြတာပဲ။ အဆိုးဆုံးကတော့ မြတ်လေးလမ်းပါ။ အဲဒီနေရာမှာ ယာဉ်ထိန်းရဲလည်း မ ရှိဘူးဆိုတော့ ဝင်ထွက်သွားလာနေ ကြတာပဲ။ ပြည်သူတွေကို ပညာပေးမှု နည်းတာပေါ့။ ယာဉ်ထိန်းအင်အား နည်းတာလည်း ပါမယ်။ အရေးယူမှု အပိုင်းမှာလည်း အားနည်းတယ်လို့ မြင်ပါတယ်''ဟု တောင်ကြီးမြို့နေ ဦး တင်မောင်တိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ပေါ်တွင်၊ မြတ်လေးလမ်း၊ အောင်မင်္ဂလာလမ်း၊ တပင်ရွှေထီးလမ်း၊ ကုန်သည်လမ်း၊ နဂါးပွက် ကျောင်းလမ်းနှင့် မြဝတ်ရည် လမ်းတို့အား တစ်လမ်းမောင်း စနစ် ပြုလုပ်ထားသော်လည်း စည်းကမ်း မဲ့မောင်းနှင်နေမှုများ ရှိနေပြီး ၄င်း တို့အား ထိရောက်စွာ အရေးယူပါက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းပြီး မြို့တော် သာယာလှပရေးအတွက် အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.
၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ တစ်နှစ်တာ ကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း တွင် စည်းကမ်းပျက်မော်တော်ယာဉ် ၄၈၁ စီး၊ စည်းကမ်းပျက် မော်တော် ဆိုင်ကယ်ပေါင်း ၉၂၁ စီးတို့အား မော် တော်ယာဉ် ဥပဒေအရ အရေးယူဆောင် ရွက်ထားပြီး အဆိုပါ  အရေးယူမှုတွင် တောင်ကြီးမြို့နယ်မှ အများဆုံး ပါဝင် ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယာဉ် ထိန်းရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁ဝ၂ ဦးရှိကာ ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးလျှင် မော် တော်ယာဉ်/မော်တော်ဆိုင်ကယ် အ စီးရေ ၅ဝဝဝ ကျော်ကို တာဝန်ယူ နေရကြောင်း သိရသည်။
.

No comments:

Post a Comment