တီကျစ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ၏ ထိခိုက်မှုများကို ရှမ်းပြည်နယ်လွှတ်တော် သယံဇာတကော်မတီသို့ တင်ပြသွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, February 7, 2019

တီကျစ်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ၏ ထိခိုက်မှုများကို ရှမ်းပြည်နယ်လွှတ်တော် သယံဇာတကော်မတီသို့ တင်ပြသွားမည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက် မီးသွေး ဓာတ်အားပေးစက်ရုံ၏ ဒေသတွင်းထိခိုက်မှုများကို ဆန်းစစ်နိုင်ရန် ရှမ်းပြည်နယ်လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကော်မတီသို့ တင်ပြသွားမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်အတွင်း ပြည်သူလူထု ကြားနာပွဲ ပြုလုပ်နိုင်ရန် တစ်ပါတည်း တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) မှ သိရသည်။
.
.
''ကျန်းမာရေးဝန်ကြီးဌာနက သယံဇာတဝန်ကြီးဌာနကို ၉ ရက်နေ့က ပေးပို့တဲ့ ထိခိုက်ပျက်စီးမှုသုံးသပ်ချက်၊ အကြံပြုချက်စာ ၁၆ ရက်နေ့ ကရတယ်။ ၂၉ ရက်မှာ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ အဖွဲ့နဲ့ တွေ့ပြီးတင်ပြတဲ့အခါ တိကျရေရာပြီး လူထုဘက်က ရပ်တည်တဲ့ သဘောထားမရပါဘူး။ အခုပြည်နယ်လွှတ်တော် သယံဇာတကော်မတီကို တင်ပြမယ်။ ပြီးတော့ လွှတ်တော်တွင်းပြည်သူ့ကြားနားပွဲအနေနဲ့လုပ်မယ်။ ဒါမှသာ လူထုအသံ အမှန်ကိုကြား ရမှာဖြစ်ပါတယ်။ တကယ်ထိခိုက်နေတာတွေ ကွင်းဆင်းစစ်တာမရှိသေးဘူး။ အမှန်အကန်ကွင်းဆင်းစစ်စေချင်တယ်။ ငွေရထားတဲ့ရွာတွေက လူတွေဆိုရင်တော့ အထိအခိုက်မရှိတော့ ပြောချင်ပြောမယ်။ အခုက တကယ်ထိခိုက်တဲ့ ၂ မိုင်အတွင်းက ရွာတွေ ဘာမှမရသလို ရွှေ့ပြောင်းခံရတဲ့ရွာ ဆိုရင် ကရုဏာကြေးဆိုတာပဲ ရကြတယ်''ဟု MATA အဖွဲ့ဝင် တီကျစ် ဒေသခံ ကိုစိုင်းတူးက ပြောသည်။
.
တီကျစ်ကျောက်မီးသွေးစက်ရုံမှ ၂ မိုင်အကွာအဝေးအတွင်းရှိ ရွာများအား ဂရုဏာကြေးအနေဖြင့် တစ်ရွာလျှင် ကျပ်သိန်း ၁ဝဝ ပေးမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် မရရှိသေးကြောင်းနှင့် မီးသွေးချောင်း၊ တပ်ကုန်း၊ လှည်းကုန်း၊ ကြက်သွန်ကုန်း၊ ပင်စိမ်းပင်ကျေးရွာများမှာငွေပေးရမည့် စာရင်းတွင် မပါဝင်ဘဲ ၂ မိုင်ကျော် ၃ မိုင်အတွင်းမှ ရွာအချို့ပါဝင်နေကြောင်း၊ ရွှေ့ပြောင်းခံရသည့် မြစိမ်းတောင်(တောင်ပို့လှ) ကျေးရွာတွင်လည်း အိမ်ခြေ ၅ဝ ခန့် ရှိကာ ကရုဏာကြေးမှလွဲ၍ လျော်ကြေး၊ နစ်နာကြေးမရရှိခဲ့သည့်အပြင် ယခု အခါ စက်ရုံလည်ပတ် မှုကြောင့် ပိုမိုထိခိုက်လာနေကြောင်း ၎င်းက ဆိုသည်။
.
ထို့အတူ MATA အဖွဲ့၏ ရှမ်းပြည်နယ်တာဝန်ခံ ဦးအောင်ကျော်မိုး ကလည်း ''အဓိကတော့ ပြည်နယ်က ပြည်ထောင်စုက လုပ်ပိုင်ခွင့်ပါဆိုပြီး ပြောတယ်။ ပြောချင်တာက ပြည်နယ်က ဘယ်လိုသဘောထားမှတ်ချက် ပေးသလဲ ဆိုတာပါပဲ။ ပြည်နယ်က မှတ်ချက်အပေါ် ပြည်ထောင်စုက လုပ်တာဆိုရင် ပြည်နယ်က အဓိကဖြစ်မယ်။ ဒီ တီကျစ် စက်ရုံ လည်ပတ်ခွင့်ကို ပြည်နယ်ကနေ ထောက်ခံတာဆိုရင် လူထုရဲ့ ထိခိုက် နစ်နာမှုတွေကို မျက်ကွယ် ပြုထားတယ်လို့ ယူဆရပါမယ်။ ဒါကြောင့်မို့ လွှတ်တော်အတွင်းမှာ ကြားနာပွဲ လုပ်မယ်ဆိုရင် သေသေချာချာ သိ သွားကြမှာဖြစ်လို့ ပြည်နယ် သယံဇာတကော်မတီကို တင်ပြပြီးတော့ လွှတ်တော်တွင်း ကြားနာပွဲ လုပ်နိုင်အောင် တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက သယံဇာတဝန်ကြီးဌာနကို ပေးပို့တဲ့စာကိုလည်း အများပြည်သူ သိအောင်လို့ တင်ထားပါတယ်''ဟု ပြောသည်။
.
MATA အဖွဲ့အနေဖြင့် တီကျစ် ဒေသတွင် ကွင်းဆင်းရယူခဲ့သည့် ရေ၊ မြေ၊ လေ ဓာတ်ခွဲစမ်းသပ်ချက်များ အစီရင်ခံစာကို နိုင်ငံတကာ ကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပေးပို့တင်ပြခဲ့ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ယင်းအစီရင်ခံစာအပေါ် ကျန်းမာရေးဆိုင်ရာ ထိခိုက်ပျက်စီးမှု၊ သုံးသပ်ချက်၊ အကြံပြုချက်များအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်လွှတ်တော် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရာ ကော်မတီ ဥက္ကဌဖြစ်သူ ရပ်စောက်မြို့နယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်က '' အရင် ကျောက်မီးသွေး ထုတ်လုပ်မှုနဲ့ ပတ်သက်လို့တော့ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်တဲ့ လျော်ကြေးကိစ္စရပ်တွေ ဆောင်ရွက် ပေးခဲ့ဖူးပါတယ်။ စက်ရုံနဲ့ပတ်သက်လို့တော့ တင်ပြစာ မရရှိခဲ့ပါဘူး။ ပြည်ထောင်စုက အဖွဲ့တွေ လာတုန်းကတော့ လေ့လာသူအနေနဲ့ တက်ရောက်တဲ့ အချိန်မှာ ဒေသခံလူထုက ပြင်းပြင်းထန် ထန်ကန့်ကွက်ခဲ့တာ တွေ့ခဲ့ပါတယ်။ ဒေသခံအစုအဖွဲ့က ကော်မတီကို တိုက်ရိုက် တင်ပြတောင်းဆိုလာရင် ကွင်းဆင်း စစ်ဆေးဖို့၊ ပြည်သူလူထု ကြားနာပွဲ လုပ်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ယခု ဒုတိယအကြိမ်လွှတ်တော် သက်တမ်းအတွင်း၊ ရှမ်းပြည်နယ် လွှတ်တော်၏ ပြည်သူလူထုကြားနာပွဲကို သယံဇာတကော်မတီအနေဖြင့် တစ်ကြိမ်၊ လွှတ်တော်ဥက္ကဌမှ တစ်ကြိမ်နှင့် တောင်သူလယ်သမားရေးရာ ကော်မတီမှ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။      
.
ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးရေးကော်မတီ၏ အစီ ရင်ခံစာအပေါ် သီပေါမြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန့်စင်က တီကျစ်ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံအား တစ်နှစ်တာ ကာလ စမ်းသပ် လည်ပတ်ခွင့် ပြု ထားပြီးနောက် ယခုအခါ ပြန်လည် လည်ပတ်ခြင်းကြောင့် ဖြစ်ပေါ် လာသည့် စမ်းသပ်ကာလ(၁)နှစ် တာအတွင်း ဆိုးကျိုးများကို ဖော်ပြ နိုင်ရန် အတွက် စောင့်ကြည့်လေ့လာကာ လိုအပ်ပါက ကွင်းဆင်း လေ့လာရန် လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
.

No comments:

Post a Comment