မြေခြား ဖောင်တော်ဦးဘုရား ဖူးကြမယ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, February 1, 2019

မြေခြား ဖောင်တော်ဦးဘုရား ဖူးကြမယ်

သန်းဝေ(တောင်ကြီး)


ကျန်းမာရေး ချို့ယွင်း၍ အိမ်တွင်းမှာပင်နေ့ တိုင်းအောင်းနေရတာ ငြီးငွေ့စရာပင်။ တစ်ခါတစ်ရံ ရာသီဥတုပွင့်လင်းသာယာ သောအချိန် ပတ်ဝန်းကျင် ကျေးရွာများဆီသို့ ငယ်ငယ်ကလို ခရီးထွက်ချင်လှသည်။           တောရွာမှာ လှပသော ရှုခင်းများ၊ စိုက်ခင်းများ၏ အလှနှင့် ရှူရှိုက်ရသော လေကောင်း လေသန့် ရှိသဖြင့် ခရီးသွားရတာ အဆင်ပြေသည်။
.
ရပ်ဝေးဘုရားဖူးကားများဖြင့် ပြည့်နှက်နေသော ဒီဇင်ဘာ၊ ဇန်န၀ါရီပိတ်ရက်များတွင် ရပ် ဝေးသို့ မသွားနိုင်သဖြင့် တောင်ကြီးမြို့နှင့်နီးသော ဟဲဟိုးမြို့နယ် မြေခြားဖောင်တော်ဦးဘုရားရှိရာ မြောက်မြေခြားရွာ ဘုန်းတော်ကြီးကျောင်းသို့ တူတော်မောင်၏ ကားဖြင့် ဘုရားဖူးရောက်ခဲ့ပေသည်။
.
မြောက်မြေခြားရွာသည် တောင်ကြီးမြို့မှ (၂၂)မိုင် ဝေးသော ဟဲဟိုးမြို့သို့ သွားပြီး၊ ဟဲဟိုးမြို့မှ ဘော်ဆိုင်းမြို့သို့ သွားသော ကားလမ်းအတိုင်း မောင်းလာလျှင် တောင်ပတ်ရွာ လမ်းခွဲ မှ အနောက်ဘက် မြောက်မြေခြားရွာသို့ (၆)မိုင် ခရီးနှင်ခဲ့ရပေသည်။ ဟဲဟိုးလေယာဉ်ကွင်းမှ အနောက်မြောက် အရပ်တွင် တောင်မြေခြားရွာ မြောက်မြေခြားရွာတို့ တည်ရှိပါသည်။ တောင်မြေခြားရွာတွင် တောင်ရိုးလူမျိုး အများစုနေထိုင်ကြပြီး မြောက်မြေခြားရွာတွင် ပအိုဝ်းတိုင်းရင်းသား လူမျိုးများ အများစု နေထိုင်ကြသည်။ ဟဲဟိုးမြို့ကတော့ ဗမာ၊ ရှမ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ပအိုဝ်း၊ တိုင်းရင်းသားများအပြင် တရုတ်၊ ဟိန္ဒူ၊ မွတ်စလင် စသည့် လူမျိုးစုံနေထိုင်ရာ မြို့လေးဖြစ်သည်။
.

ယခု အစိုးရသစ် တက်လာပြီးနောက် ကျေးလက်ဖွံ့ဖြိုးရေးများ လက်လှမ်းမီသမျှ ဆောင်ရွက်နေရာတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် လျှပ်စစ်မီးလင်းရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် အဓိကထား ဆောင်ရွက်မှုကြောင့် ယခင် ခြေလျင်သွားရန်ပင် ခက်ခဲ့သော တောင်ပေါ်၊ တောင်ကုန်းရှိ လမ်းများမှာ မြေသားလမ်း၊ ကျောက်ချောလမ်းကျယ်နှင့် ကတ္တရာခင်းကားလမ်းများ အသွင်ပြောင်းလဲသွားပြီ ဖြစ်သည်။
.
မြောက်မြေခြားရွာမှ ကတ္တရာလမ်းအတိုင်း အနောက်ဘက် တောင်တန်းကို ဆင်းသွားလျှင် (၆) မိုင် ဝေးသော ဓနုမြေပွေးလှမြို့သို့  ရောက်သွားမည်။ ပွေးလှရောက်လျှင် ရွာငံ၊ ပင်းတယသို့ ခရီးဆက်နိုင်သည်။
.
ဟဲဟိုးမှ ဘော်ဆိုင်းအသွား ကားလမ်းပေါ်ရှိ ကျောက်ထပ်ရွာမှ ပင်းတယမြို့သို့ ခရီးဆက်နိုင်သည်။ ထို့ကြောင့် ဟဲဟိုးလေဆိပ်သို့ ရောက်ရှိကြသော ကမ္ဘာလှည့်ခရီးသည်များ အောင်ပန်း မြို့မှ ပင်းတယမြို့သို့ မိုင်ရှည်ပတ်သွားစရာ မလိုတော့ဘဲ ခရီးမိုင်ချုံ့၍ အချိန်တိုတောင်းစွာ ပင်းတယမြို့ အရှေ့ဂိတ်မှ သွားရောက်လည်ပတ်နိုင်ပြီ ဖြစ်သည်။
.
မြေခြားဆိုသည့် အခေါ်အဝေါ်သည် ထိုဒေသမှာ ရှေးကညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ပင်းတယမြို့နယ်တို့ ထိစပ်မှုရှိနေရာ ပထမအမည် ကင်မွန်းချုံလွေမောရွာဟု ခေါ်တွင်ခဲ့ရာမှ ကလောမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ အစပ်တွင် ကားလမ်းတောင်ဘက် တောင်မြေ ခြားရွာ၊ မြောက်ဘက် မြောက်မြေခြားရွာဟုနယ် မြေပိုင်းခြား ခေါ်ဝေါ်နေထိုင်ခဲ့ကြသည်။ အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၂၀၀၀ ကျော် နေထိုင်ကြသည်။ ဥယျာဉ်ခြံမြေတို့တွင် ထွန်ယက်စိုက်ပျိုး အသက် မွေးကြသည်။ အာလူး၊ ဂျုံ၊ မုန်လာအ မျိုးမျိုး၊ ပန်းနှမ်း၊ မုန်ညင်း၊ ပြောင်းနှင့် ဟင်းသီး ဟင်းရွက်မျိုးစုံ စိုက်ပျိုးကြသည်။
.

ကျွန်တော်တို့ မိသားစုရောက်သွားတော့ ကျောင်းထိုင်ဆရာတော်ကို မြောက်ဘက် နှစ်ထပ် ကျောင်းဆောင်ပေါ်မှာ ဖူးတွေ့ရသည်။ ဖောင်တော်ဦးဘုရားနှင့် အခြားရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ၊ ဓာတ်တော်များကို သီးခြားပိတ်ထားသော ဘုရားခန်းအတွင်း မှန်ဘီရိုအတွင်းမှာ ပူဇော်ထားသည်ကို ဖူးတွေ့ရသည်။
.
ပင်မ ကျောင်းဆောင်ကြီးမှာ မင်းတုန်းမင်း လက်ထက်က (ရတနာပုံခေတ်လက်ရာ) တည်ဆောက်ခဲ့ပြီး ဆွေးမြေ့ပြီ ဖြစ်သောကြောင့် ဘုရားဖူး ပြည်သူများ၊ ကျယ်ဝန်းစွာ လာရောက်၍ ဖူးနိုင်ရန် နှစ်စဉ် ကျင်းပသော ဘုရားပွဲတော်ကိုလည်း ကျယ်ပြန့်စွာ ကျင်းပနိုင်ရန် ကျောင်းဆောင်အသစ် ဆောက်လုပ်နေကြောင်း ဆရာတော်က ရှင်းပြသည်။ ထိုကျောင်းတော်ကြီးကို ရှေးဆရာတော်ကြီး အဆက်ဆက်က ဦးဆောင်၍ မြေခြားရွာကြီးမှ ကျောင်းတကာ ငပေါက်နှင့် ငကြုတ် ဦးဆောင်ကာ ကျေးရွာလူကြီးများ စုပေါင်းတည်ဆောက် သာသနာပြုခွင့်ကို ရတနာပုံခေတ် မင်းတုန်းမင်းက စာချွန်တော်အမိန့် ထွက်ပေးခဲ့သော သမိုင်းရှိကြောင်း ဆရာတော် အရှင်ဇ၀နက ကျွန်တော့်ကို မိန့်ကြားခဲ့ပေသည်။
.
ထို့အတူ ရဟန်းသံဃာတော်များ ကံကြီးကံငယ် ဆောင်ရွက်ရန် ပွေးလှရွာနယ်နေ မျိုးကျော်စွာက ခဏ္ဍသိမ်တော်ကြီးကိုလည်း ၀ိသုံဂါမမြေစားသနားတော်မြတ်ခံ၍ ကုသိုလ်ပြုကာ သိမ်သမုတ်ခွင့် ပြုခဲ့ကြောင်း မင်းတုန်းမင်းတရားကြီးက အမိန့်စာချွန်ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုသိမ်မှာ ယနေ့ထက်တိုင် လက်ရာမပျက် ရှိနေဆဲဖြစ်သော်လည်း အနောက်ဘက်စေတီကုန်းရှိ ပုဂံခေတ် ရှေးဟောင်းစေတီကြီးမှာ မိုးဒဏ်လေဒဏ်ကြောင့် ပြိုပျက်လျက်ရှိရာ ကျောင်းကြီး ဆောက်ပြီးလျှင် စေတီတော်ကြီးကိုပါ ရှေးဟောင်းသုတေသီများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ယူကာ အများကောင်းမှုဖြင့် ပြုပြင်တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆရာတော်က မိန့်ကြားသည်ကို နားထောင်ခဲ့ရသည်။
.


စေတီကုန်းမှာ သိမ်တော်နှင့် ကျောင်းကြီး၏ အနောက်ဘက် ကုန်းပေါ်မှာ တည်ရှိပြီးပွေးလှ သွား ကားလမ်းမှ ၀င်လျှင်စေတီတော် ခြေရင်း အထိ ကားရောက်သည်။
.
ဤနေရာ ဤဒေသသည် ရှေးဘေးလောင်း တော်၊ ဘိုးလောင်းတော်တို့ ကုသိုလ်ပြုခဲ့သမျှကို အလောင်းစည်သူမင်းကြီးက ပုဂံခေတ်တွင်ပေါင် စင်္ကြာဖြင့်လှည့်လည်ကာ ထပ်မံ သာသနာပြုခဲ့ကြောင်း သမိုင်းဆရာများက ဆိုသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပြည်ထောင်စု တိုင်းရင်းသားများ ဗုဒ္ဓသာသနာ ပြန့်ပွားကိုးကွယ် စေရန် ဖောင်တော်ဦးတွင် သစ်ကနက်သားဖြင့် သွန်းလုပ်ပူဇော်ထားသော လူမင်းဘုန်းကြီးတော့ သိကြားမင်း၊ နတ်မင်းများကပါ ကူညီ ကုသိုလ်ပြုခဲ့သော ဗုဒ္ဓရုပ်ပွားတော်များကို၊ အင်းလေးနှင့် ယခုမြေခြား၊ ပွေးလှ၊ ပင်းတယ၊ ညောင်ရွှေ၊ ဟိုပုံးစသည့်မြို့နယ်များအပြင် မိုးဗြဲနယ် အထိပါ ပျံ့နှံ့ကိုးကွယ်ခွင့် ရခဲ့ပေသည်။ ဆင်း တုတော် အရွယ်စုံရှိသည့်အပြင် အလွန်ထူးခြား သော အစီအရင်များဖြင့် ထုလုပ် ကိုးကွယ်ခဲ့ကြောင်း လက်တွေ့သမိုင်းဖြစ်ရပ် များစွာ ကြုံ တွေ့ရကြောင်း ရှေးလူကြီးတို့တဆင့် ပြောပြ၍ သိခွင့်ရခဲ့သည်။ မြေခြားဖောင်တော်ဦးဘုရား ရုပ်ပွားတော်တစ်ဆူမှာ ကျောင်းအတွင်းမှ အပြင်သို့ ပင့်ဆောင်၍ မရ၊ အပြင်ပင့်လျှင် မိုးကြီးလေကြီး ကျတတ်ကြောင်း သက္ကရာဇ် (၁၂၂၂)ခုနှစ် လောက်တွင် ထိုရွာ ထိုဒေသတွင် ဆရာတော် ဦးပုည အရှင်သူမြတ် သီတင်းသုံးခဲ့ပြီး မင်းတုန်းမင်း တရားကြီး၏ အတွင်းဝန်က ပစ္စယာနုဂ္ဂဟ ချီးမြှောက်ခြင်း ခံရကြောင်း သမိုင်းမှတ်တမ်းက ဆိုသည်။ ယခုဆိုလျှင် ကျောင်းထိုင်ဆရာတော် (၅) ဆက် ထိန်းသိမ်းခဲ့ရသော ရှေးဟောင်းရုပ် ပွားတော်များ ဖြစ်သည်။ သံဃာတော်များ၊ ရပ်ရွာလူကြီးများဖြင့် စနစ်တကျ ဂေါပကဖွဲ့ထား သည်။ အချို့က တန်ခိုးကြီးသော ဗုဒ္ဓရုပ်ပွား တော်များကို ခိုးယူဖို့ ကြံစည်ကြသည်။ မည်သို့ မျှ အထမမြောက်ကြဘဲ ကြံစည်သူများသာ ပျက်စီးထွက်ပြေးရလောက်အောင် ပုဂ်္ဂိုလ် သူတော်စင်များ စောင့်ရှောက်ကြောင်း၊ အသက်ရှည် အဖိုးအဖွားတို့က ပြောကြားသည်ကို နားထောင်ခဲ့ရသည်။
.
မြေခြားဖောင်တော်ဦး ပွဲတော်ကို နှစ်စဉ် တန်ခူးလ၊ သီတင်းကျွတ်လများမှာ ဂန္ဓကုဋီတိုက်မှ ထုတ်၍ ကရ၀ိတ်ဖောင် လှည်းယာဉ်ပေါ်တင်ပြီး အပူဇော်ခံပွဲ ကျင်းပသည်။ နှစ်စဉ် တန်ခူးလဆန်း (၇)ရက်တွင် အမွှေးနံ့သာတို့ဖြင့် ရေသပ္ပါယ်ခြင်း၊ သစ်သီးဆွမ်း၊ နေ့ဆွမ်း ဆက်ကပ် ကြခြင်းနှင့် ညဘက်တွင် ဆီမီး၊ အမွှေးတိုင်များ ပူဇော်ခြင်း၊ သီတင်းကျွတ်လဆန်း (၇၊ ၈၊ ၉) တွင် ရွှေသင်္ကန်းကပ်ခြင်း၊ ဆွမ်းကပ်ခြင်းများ စုပေါင်း ကျင်းပပြီး၊ သီတင်းကျွတ်လဆုတ် (၁) ရက်တွင် ကျောင်းတော်ဝင်ပွဲကို အထူးစည်ကားစွာ ရိုးရာမပျက် တိုင်းရင်းသားပေါင်းစုံပါဝင်ဆင် နွှဲလှူဒါန်းမြဲ ဖြစ်သည်။ မြေခြားပတ်ဝန်းကျင်၊ ဖေါင်းတော၊ ကျေးတွင်းကုန်း၊ ရေပုတ်၊ ထင်းရှူးကုန်း၊ တောင်ပတ်၊ စကားအင်း၊ လယ်ခေါင်း၊ အင်းနီ၊ ဦးသာကန်၊ တောင်မြေခြား၊ ပဲရင်း တောင်၊ ၀ါးတရာ၊ စသောကျေးရွာပေါင်းစုံ၊ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ မြန်မာအင်အား ဗုဒ္ဓဘာသာနွယ်ဝင်တို့ လာရောက်လှူဒါန်းပူဇော်ကြ သည်။ မီးကြာခွက်များ၊ မီးပဒေသာထွန်းညှိ၍ (မီးစံကြ)လှည့်ပတ် ပူဇော်ကြသည်။ ရိုးရာအတီး အမှုတ်၊ အကအခုန်အဖွဲ့များဖြင့် ညလုံးပေါက် ပျော်ကြသည်။ နံနက်အရုဏ်ဆွမ်းချက်၍ ဆက် ကပ်ကြသည်။ ကြွရောက်သော သံဃာတော်များ ကိုလည်း အရုဏ်ဆွမ်းကပ်ခြင်း၊ နေ့ဆွမ်းကပ် ခြင်း၊ ကုသိုလ်ပြုကြသည်။ လှူဖွယ်ပစ္စည်းများ လောင်းလှူကြသည်။
.



ယခုအခါတွင် သွားလမ်းသာ၍ ရှုခင်းများလှသော အသွေးအရောင်စုံ စိုက်ခင်းများရှိသော မြေခြားရွာ ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်များ ကိန်းဝပ်ရန် ကျောင်းတော်ကြီးတည်ဆောက်မှု၊ ရှေးဟောင်း စေတီတော်ကြီး ပြန်လည်တည်ထား ကိုးကွယ်နိုင်ရန် ပြည်ထောင်စုအ၀ှမ်းမှ တိုင်းရင်းသား ညီနောင်သွေးချင်းများ ကုသိုလ်ပါဝင်လှူ ဒါန်းနိုင်ရန်၊ ဘုရားဖူးလာရောက်နိုင်ရန် ဖိတ်ခေါ် နှိုးဆော်လိုက်ရပါကြောင်း။ န၀ရတ်ကိုးသွယ် ရတနာစိန်ချယ် ရွှေရောင်ဝင်းပ သပ္ပါယ်လှသော ရှေးဟောင်း ဗုဒရုပ်ပွားတော်များ တန်ခိုးတော်ကြောင့် ဖူးတွေ့ရသူတိုင်း ဘေးရန်အပေါင်းမှ ကင်းဝေးကာ သာသနာ အကျိုးသယ်ပိုးနိုင်ကြ စေရန် မေတ္တာရှေ့ထား သတင်းစကား ပါးမိပါကြောင်း။


No comments:

Post a Comment