စုပေါင်းအားဖြင့် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, February 6, 2019

စုပေါင်းအားဖြင့်


ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရှမ်းပြည်နယ်သည် နယ်မြေဒေသ အကျယ်ဝန်းဆုံး သော ပြည်နယ်ဖြစ်သလို တိုင်းရင်းသားလူများစုများလည်း အများအပြားနေထိုင်ရာ ပြည်နယ်ဒေသကြီးတစ်ခုဖြစ် သည်။
.
၁၈၈၅ ခုနှစ်၊ သီပေါဘုရင်ပါတော်မူကာ မြန်မာနိုင်ငံလွတ်လပ်ရေး ဆုံးရှုံးခဲ့ချိန်မှစတင်၍ နယ်ချဲ့အင်္ဂလိပ်တို့သည် ခေတ်အဆက်ဆက်တွင် မြန်မာနိုင်ငံအတွင်း ပြည်မနှင့် တောင်တန်းဒေသများအား အမျိုးမျိုး သွေးခွဲအုပ်ချုပ်ခဲ့ရာ လွတ်လပ်ရေးရယူမည့် ၁၉၄၇ ခုနှစ်အထိပင်ဖြစ်သည်။
.
ဗြိတိသျှတို့သည်တိုင်းရင်းသားတို့နေထိုင်ရာ ကချင်နှင့် ချင်းတောင်တန်းဒေသတို့ကို မြန်မာပြည်မနှင့်မရှေးမနှောင်း သိမ်းပိုက်ခဲ့ပြီး တိုင်းရင်းသားဒေသများကို အဆင့်အတန်းအမျိုးမျိုးသတ်မှတ်ကာ အုပ်ချုပ်ခဲ့သည်။ မတိုးတက် မဖွံ့ ဖြိုးသေးသောဒေသများ (Backward Tracts)၊ ချွင်းချန်ဒေသများ (Excluded Areas)၊ ဇယားဝင်ဒေသများ (Scueduled Area) စသည်ဖြင့် အမည်အမျိုးမျိုးပေးကာ အဆင့်ခွဲခြားထားသည်။
.
အုပ်ချုပ်ရေးတွင်လည်း မြန်မာပြည်မနှင့်ခွဲခြားအုပ်ချုပ်သည်။ ၁၉၂၃ ခုနှစ်တွင် ဗြိတိသျှတို့ မြန်မာပြည်မကို ပေးအပ် ခဲ့သည့်ဒိုင်အာခီခေါ် ပူးတွဲတာဝန်ခံအုပ်ချုပ်ရေးကိုလည်းကောင်း၊ ၁၉၃၅ မြန်မာနိုင်ငံ(စီရင်အုပ်ချုပ်မှု) ၁၉၃၇ ခုနှစ် တွင် မြန်မာပြည်မ၌ ကျင့်သုံးခဲ့သည့် ၉၁ ဌာနအုပ်ချုပ်ရေးကိုလည်းကောင်း တောင်တန်းဒေသများ မခံစားကြရဘဲ ပဒေသရာဇ်နွံအတွင်း၌သာ ကျင်လည်ခဲ့ရသည်။
.
ဤသို့ဖြင့် နိုင်ငံရေး၊ အုပ်ချုပ်ရေးစနစ် မတူသည့် ဒေသနှစ်ခုတွင် နေထိုင်ကြရသော ပြည်မသားများနှင့် တောင် တန်းသားများအကြားတွင် နိုင်ငံရေးအမြင်များ ကွဲပြားလာသလို အယူအဆ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့မှာလည်း ကွဲပြားခြားနားချက်ကြီးမားလာစေသည်။
.
ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံလွတ်လပ်ရေး ရယူချိန်တွင် တောင်တန်း-ပြည်မ ပေါင်းစည်းရေးအတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် ခေါင်းဆောင်များ၊ တောင်တန်းဒေသများမှ စော်ဘွား၊ ငွေ ခွန်မှူးများ၊ ဒူးဝါးများ အပြန်အလှန် အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးနောက် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သမိုင်းဝင် တောင်တန်းပြည်မပေါင်းစည်းရေးသဘောတူစာချုပ်၊ ပင်လုံစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။
.
ယင်းကဲ့သို့ ပင်လုံစာချုပ် ဖြစ်ပေါ်လာစေရေးအတွက် အရေးကြီးသည့် ရက်တစ်ခုမှာ ရှမ်းပြည်နယ်နေ့ပင်ဖြစ်သည်။ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်ထက် ၅ ရက်စောသည့် ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်မနဲ့တွဲ၍ လွတ်လပ်ရေးရယူရန် စော်ဘွားကိုယ်စားလှယ် ၇ ဦး လူထုကိုယ်စားလှယ် ၇ ဦးတို့ စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် ယခင်ရှိနှင့်ပြီးဖြစ်သော ပဒေသရာဇ်ကောင်စီကို ဖျက်သိမ်း၍ ရှမ်းပြည်နယ်ကောင်စီကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ အခက်အခဲအတားအဆီးများကို ကျော်ဖြတ်ကာ စော်ဘွားများနှင့် ရှမ်းလူထုတို့ ပူးပေါင်းနိုင်ခဲ့ ခြင်း၊ နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုကို တော်လှန်အန်တုကာ ရှမ်းပြည်ညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ခြင်း ကြောင့် ယင်းနေ့ကို ရှမ်းအမျိုးသားနေ့(ရှမ်းပြည်နယ်နေ့)အဖြစ် သတ်မှတ်ခဲ့ပေသည်။
.
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ကျင်းပခဲ့သည့် ပင်လုံညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ ကချင်နှင့် ချင်းတောင်တန်း ဒေသများမှ စော်ဘွား၊ ဒူးဝါးများ အကြိတ်အနယ် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီးနောက် မြန်မာပြည်တစ်ဝှမ်းလုံး တောင်ပေါ်/မြေပြန့်မကျန် တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေးရယူကာ ပြည်ထောင်စုကြီး တည်ဆောက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပင်လုံစာချုပ်ကိုချုပ်ဆိုကာ မျက်မှောက်ခေတ် ပြည်ထောင်စုမြန်မာနိုင်ငံ တော်ကြီးကို ထုဆစ်ပုံဖော်ခဲ့ကြခြင်းဖြစ်ပါသည်။
.
ယခုအခါ ယင်းကဲ့သို့ ရှမ်းစော်ဘွားများနှင့် လူထုကိုယ်စားလှယ်များ သွေးစည်းညီညွတ်ကာ အတူလက်တွဲခဲ့ကြ သည့် ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့)မှာ ၇၂ နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီဖြစ်သလို ပင်လုံစာချုပ်ကို ချုပ်ဆို နိုင်ခဲ့သည့်မှာလည်း ၇၂ နှစ် ရှိပြီဖြစ်သည်။
.
ထိုစဉ်က တောင်တန်း၊ ပြည်မခေါင်းဆောင်များ စုပေါင်းအားဖြင့် တည်ထောင်ခဲ့မှုကြောင့် ပြည်ထောင်စုမြန် မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်တွင် ဝင့်ဝင့်ကြွားကြွားပေါ်ထွက်လာနိုင်ခဲ့သို ယနေ့ အချိန်အခါတွင်လည်း အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်သော စုပေါင်းအားဖြင့် ပြည်ထောင်စုကြီးအတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်မီး အမြန်ဆုံးငြှိမ်းသတ်နိုင်ရေး၊ ငြိမ်းချမ်းသာယာဝပြောရေး၊  စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် ဆောင်ရွက်သွားနိုင် ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။  
.

No comments:

Post a Comment