ရွှေညောင်တွင် ဒေသခံတောင်သူများ၏ ကြံခင်း ဧက၂၀ ခန့် မီးလောင်ပျက်စီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, February 3, 2019

ရွှေညောင်တွင် ဒေသခံတောင်သူများ၏ ကြံခင်း ဧက၂၀ ခန့် မီးလောင်ပျက်စီး


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ မင်္ဂလာအောင်မြေရပ်ကွက်အနီးရှိ ကြံစိုက်ခင်း ဧက ၂၀ ခန့်တွင် ဖေဖော်ဝါရီလ ၃ ရက်၊ မွန်းလွဲပိုင်းက မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ပြီး ယင်းကဲ့သို့ မီးလောင်ရခြင်းမှာ ကြံစိုက်ခင်းများအတွင်း မူးယစ်ဆေးဝါး လာရောက်သုံးစွဲသူများ၏ စွန့်ပစ်မီးခြစ်ဆံများကြောင့် ဖြစ်သည်ဟု ကြံစိုက်တောင်သူ ဦးမျိုးမင်းသန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
.
“ဒီနေ့ (ဖေဖော်ဝါရီ ၃ ရက်)၊ ညနေ ၂ နာရီလောက်မှာ ဖြစ်တာပါ။ ဆုံးရှုံးမှုအနေနဲ့ကတော့ ကျွန်တော့် အဖွားခြံနဲ့ ကျွန်တော့်ခြံ အားလုံးပေါင်း ဧက ၂၀ လောက်တော့ ရှိပါမယ်။ ပျမ်းမျှအားဖြင့် ကျပ်သိန်း ၁၂၀ ဖိုးလောက် ဆုံးရှုံးသွားတာပါ။ အခု မီးလောင်တဲ့ ကြံတွေကို ညတွင်းချင်း ခုတ်နေရပါတယ်။ ဒီမှာက ရွှေညောင်-နမ့်စန် ရထားလမ်းဟောင်း ရှိပါတယ်။ ရထားလမ်းရဲ့ တစ်ဘက်တစ်ချက်မှာက ကြံစိုက်ခင်းတွေပါ။ မူးယစ်ဆေးဝါး သုံးစွဲသူတွေက အဲဒီမှာ လာသုံးစွဲကြပါတယ်။ သူတို့တွေက လောက်လေးခွတွေ၊ ဓါတ်းတွေနဲ့ဆိုတော့ တောင်သူတွေလည်း စိုးရိမ်နေရပါတယ်။ တောင်သူတွေရဲ့ ကြံခင်းတွေကို ဖျက်ဆီးတာမျိုးလည်း မကြာခဏ ကြုံနေရပါတယ်။ သူတို့က ကြံခင်းတွေထဲဝင်ပြီး မူးယစ်ဆေးတွေသုံးတော့ မီးလောင်သွားတာပါ။ အဓိက ကတော့ တရားဥပဒေစိုးမိုးဖို့ တော်တော်လေးကို လိုအပ်နေတာပါ” ဟု ဦးမျိုးမင်းသန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကြံခင်းနေရာများတွင် ရဲတပ်ဖွဲ့မှ ရှောင်တခင် ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းမျိုး ပြုလုပ်ခဲ့သော် လည်း မူးယစ်ဆေးသုံးစွဲသူများမှာ ကြံခင်းအတွင်း ပုန်းရှောင်ထွက်ပြေးသွားသဖြင့် ဖမ်းမိရန် ခက်ခဲသည့်အပြင် သုံးစွဲသူများကို ဖမ်းဆီးခြင်းထက် ဖြန့်ဖြူးရောင်းချသူများကို ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ဦးမျိုးမင်းသန့်ထံမှ သိရသည်။
.
“ရွှေညောင်ပတ်ဝန်းကျင် တစ်ကြောမှာ မူးယစ်ဆေးဝါးကိစ္စက တော်တော်လေးကို ကြီးပါတယ်။ အများ စုက လူငယ်တွေပါ။ အဲဒီမှာ မူးယစ်ဆေးဝါးတွေက လွတ်လွတ်လပ်လပ် ဖြစ်နေပါတယ်။ ရဲတပ်ဖွဲ့တို့လို၊ မူးယစ်အထူးတို့ လို မူးယစ်ဆေးဝါး ပပျောက်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေက ဒါကို မသိဘူးလားလို့ မေးချင်ပါတယ်။ ရွာတိုင်းမှာ ရှိနေပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ဒါလေးကို ထိန်းသိမ်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟု တောင် ကြီးဒေသခံ ဦးတင်မောင်တိုးကလည်း ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေညောင်နယ်မြေရဲစခန်းသို့ အကြောင်းကြား သတင်းပို့ထားပြီး မှုခင်းဖွင့်လှစ် ထားခြင်း မရှိကြောင်း သိရသည်။
.
ကြံသီးနှံကို ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း၌ တောင်ကြီးမြို့နယ်။ ရွှေညောင်မြို့နှင့် အနီးဝန်းကျင် ဒေသများတွင် အများဆုံး စိုက်ပျိုးကြပြီး ယခုအချိန်မှာ ကြံရိတ်သိမ်းချိန် ရာသီကို ရောက်ရှိနေပြီဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ၎င်းတို့၏ ကြံခင်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံ တောင်သူများထံမှ သိသည်။
.

No comments:

Post a Comment