တွေ့ဆုံပွဲ ပြုလုပ်ပေးရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီသို့ တောင်းဆိုသွားမည်ဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, February 24, 2019

တွေ့ဆုံပွဲ ပြုလုပ်ပေးရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီသို့ တောင်းဆိုသွားမည်ဟု ဆို


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဥကဌအဖြစ် တာဝန် ယူလျက်ရှိသော ရှမ်းပြည်နယ်စည် ပင်သာယာရေးကော်မတီနှင့်  တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီတို့အား တောင်ကြီးမြို့နေ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ပေးရန် တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နိုင်ငံရေးအဖွဲ့မှ သိရသည်။
.
စည်ပင်က တစ်ခါမှ တွေ့ဆုံပွဲ မလုပ်ဖူးသေးဘူး။ ပြည်သူနဲ့ တွေ့ဆုံတာ မရှိဘူး။ ပြည်သူတွေကနေ ကိစ္စ တစ်ခုခု ပြောမယ်ဆိုရင် ရုံးကို လာခဲ့ဆိုပြီး ပြောတယ်။ ခြိမ်းခြောက်သလို ဖြစ်နေတယ်။ ပြည်သူနဲ့ တွေ့ဆုံပွဲ လုပ်ပေးဖို့အတွက် မြို့နယ်ကော်မတီဝင်တွေကိုလည်း ပြောထားပါတယ်။ စည်ပင်က လုပ်တဲ့ ကိစ္စတွေကို ပွင့်လင်းမြင်သာစွာနဲ့ ဘယ်လိုပုံစံ လုပ်မယ်ဆိုတာ ကြိုပြီး ချပြစေချင်ပါတယ်။ ဥပမာ လမ်းချဲ့တဲ့ ကိစ္စဆိုရင် သစ်ပင်တွေ ခုတ်သွားတယ်။ မြို့မိ မြို့ဖတွေ၊ ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့ ညှိနှိုင်းပြီး လုပ်ရမှာပါဟု ဦးတင်မောင်တိုးက ပြောသည်။
.

ထို့အပြင် တောင်ကြီးမြို့ပေါ်တွင် ကောက်ခံနေသည့် ယာဉ်ရပ်နားခ၊ မြို့ဝင်ကြေး ကိစ္စရပ်များ၊ အေးသာယာဈေး အဆင့်မြှင့်တင်မည့် ကိစ္စ၊ စည်ပင်သာယာရေးလုပ်ငန်း တင်ဒါ ပေးအပ်ခြင်း စသည့် လုပ်ငန်းများတွင် အများပြည်သူ မသိရှိရသည့်အတွက် ယခုကဲ့သို့ စည်ပင်သာယာရေး ကော်မတီနှင့် တွေ့ဆုံရန် တောင်းဆိုသွားရခြင်း ဖြစ်ကြောင်း သိရသည်။
.
တရားဝင် စာတင်ပြ တောင်းဆိုသွားမှာပါ။ ကော်မတီနဲ့လည်း ညှိနှိုင်းသွားမှာပါ။ တွေ့မယ်ဆိုရင်လည်း ဖြေကြားပေးနိုင်မယ့်သူတွေ တက်ပေးစေချင်ပါတယ်။ အထက်ကို ပြန်တင်ပြသွားမှာပါ ဆိုတာမျိုးကတော့ မလိုချင်ဘူး။ တွေ့ဆုံဖြစ်ရင် ပြည်သူတွေ၊ ဈေးသား/ ဈေးသူတွေ၊ အေးသာယာ၊ ရွှေညောင်အထိ အား လုံးတက်ဖို့ ဖိတ်ကြားသွားမှာပါဟု ဦးတင်မောင်တိုးက ဆက်လက် ပြောကြားခဲ့သည်။
.
ထိုသို့ တွေ့ဆုံခွင့် ရရှိပါက စည်ပင်သာယာရေးဌာနနှင့် နေ့စဉ် ထိတွေ့ဆက်ဆံနေရသည့် အောက်ခြေ လူတန်းစား၊ ပျံကျဈေးသည်များ အဓိကထား၍ တက်ရောက်ကြမည် ဖြစ်ပြီး ၎င်းတို့ သိရှိလိုသည့် ကိစ်္စရပ်များနှင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment