လောင်းရိပ်နှင့် လောင်ပန်းပွင့် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, February 4, 2019

လောင်းရိပ်နှင့် လောင်ပန်းပွင့်


ကျော်လင်းထွန်း (ချောင်းဦး)
.
.
သက်ရှိများ (အပင်နှင့် တိရစ္ဆာန်တို့) ရှင် သန်ကြီးထွားရန်အတွက် ပထဝီ၊ တေဇော၊အာ ပေါ၊ ဝါယော ဟူသော ဓာတ်ကြီးလေးပါး မရှိမဖြစ် လိုအပ်သည်။ မျှတရန်လည်း လိုအပ်ပါသည်။ သို့သော် သက်ရှိတို့မည်သည် ရှင်သန် ကြီးထွားရုံမျှနှင့် မပြီးသေး။ ကြီးချိန်တန်ကြီးပြီး ဖူးချိန်တန်ဖူး၊ ပွင့်ချိန်တန်ပွင့်၊ သီးချိန်တန်သီးမှသာ တန်ဖိုးရှိပါမည်။ အဓိပ္ပါယ်ရှိပါမည်။ သက်ရှိတို့တွင် ပါဝင်သော လူသားတို့အတွက်မှာလည်း အချိန်တန် အရွယ်ရောက်သောအခါ အဓိပ္ပါယ်ရှိ၍ တန်ဖိုးရှိသော ဘဝရောက်ရှိရန် အထူးအလေးပြုရပါသည်။ မိဘ၊ ဆရာ၊ အုပ်ထိန်းသူတို့၏ ပြုစုပျိုးထောင် (သစ်တစ်ပင်ကို ပေါင်းသင်မြေဆွ)ခြင်းသည် လွန်စွာအရေးပါ၏။ မလျော့မတင်း စောင်းကြိုးညင်း သကဲ့သို့ပင် တင်းလွန်းလျှင်လည်း ပြတ်တတ်ပါသည်။ လျော့လွန်းလျှင်လည်း ပတ်တတ်ပါသည်။
.
လောင်းရိပ်
.
သစ်ပင်သည် သက်ရှိဖြစ်ကြောင်း အချက် (၁ဝ)ချက်ပေါ် မူတည်ပြီး ဆုံးဖြတ်ကြသည်။ ဥပမာ- လူ၊ တိရစ္ဆာန် များနည်းတူ ပတ်ဝန်းကျင် (အပူချိန်၊ အလင်းရောင် စသည်)ကို တုံ့ပြန်နိုင် ကြခြင်း၊ ရွေ့လျား၍ ရှင်သန်ကြီးထွား နိုင်ခြင်း၊ မျိုးပွားခြင်း စသည်တို့ပေါ် မူတည်၍ သက်ရှိ ဖြစ်သည်ဟု သိပ္ပံပညာရှင်များက မှတ်ယူကြသည်။ အချို့သစ်ပင်များက ရေနည်းကြိုက်ကြ ပြီး၊ အချို့သစ်ပင်များက ရေများကြိုက်ကြသည်။ အချို့သစ်ပင်များက အပူကြိုက်ပြီး အချို့မှာ အအေးကြိုက်သည်။ အချို့သစ်ပင်က ကုန်းမှာကြီး ထွားပြီး အချို့ကရေမှာ ရှင်သန်ကြီးထွားကြသည်။ သစ်ပင်အများစုတွင် တူညီနေသောအ ရာမှာ နေရောင်ခြည်နှင့် အလင်းရရှိခြင်းကို နှစ် သက်ကြခြင်းပင် ဖြစ်သည်။ နေရောင်ခြည်နှင့် အလင်းရောင် မနှစ်သက်ကြသော အပင်အချို့ မှာ သစ်ခွ၊ သဇင်နှင့် ဂမုန်းအချို့သာလျှင်ဖြစ်သည်။ အပင်အားလုံးနီးပါးကမူ နေရောင်ခြည်နှင့် အလင်းရောင်သည် ၄င်းတို့အတွက် မဟာ သြသဓ ပင်မဆေးဟုပင် သတ်မှတ်ရလောက် အောင် မရှိမဖြစ်လိုပါသည်။
.
ထိုသို့ပင် လူသားတို့မှာလည်း ပတ်ဝန်းကျင် မှ မြေ၊ ရေ၊ လေ၊ မီးအပါအဝင် ကင်း၍မရ သော ပတ်ဝန်းကျင် လူမှုဆက်ဆံရေး လိုအပ်ပါသည်။ အိမ်တွင်းပုန်း အခန်းတွင်းအောင်းနေ သော လူအများစုသည် ကျန်းမာရေး ချို့တဲ့အား နည်းကြရုံသာမက လူမှုဆက်ဆံရေးပါ ညံ့ဖျင်း လာတတ်ပါသည်။ မိဘအများစုသည် ခေတ်ကာ လသဘောအရ ကလေးများအိမ်အပြင်ထွက်ကြလျှင် ယောကျာ်းလေးများသည် ဂိမ်းဆိုင်မှသည် ဆေးလိပ်၊ ဘီယာ၊ အရက် သာမက အချို့ဆို လျှင် စိတ်ကြွဆေးပြားကိုပင် သုံးစွဲနေတတ်ကြသည်။ လူရွယ်အမျိုးသားများမှာလည်း ဘီယာ၊ အရက် သာမက KTV, Bar တို့အပြင် မူးယစ် ဆေး ထို့နောက် လူမှုဖောက်ပြန်ခြင်း အထိ အိမ်အပြင်တွင်၊ မိသားစုကွယ်ရာတွင် လုပ်ကြ ပြန်သည်။ မိန်းကလေးငယ်များကလည်း အပြင် ထွက်၍ ရုပ်ရှင် ကြည့်ရုံမက အကင်ဆိုင်ထိုင်၊ ဝိုင်သောက်၊ အချို့ဆိုလျှင် ဘီယာသောက်၍ KTV, Club  များတွင် ပျော်မွေ့တတ်လာသည်။ အမျိုးသမီးကြီး အချို့ဆိုလျှင် ဝိုင်၊ ဘီယာ သောက်၊ ဖဲဝိုင်းထိုင်သည့်အပြင် လူမှုရေးဖောက် ပြန်ပျက်စီးမှုများ ရှိလာကြသည်။ ထို့ကြောင့် ခေတ်၏ သဘောအရ အပြင်မှာ အန္တရာယ်များ ဝိုင်းနေပါသည်။ အတုမြင် အတတ်သင်မကောင်း သော၊ လူတန်ဖိုးယုတ်လျော့စေသော အရာများ၊ အမူအကျင့်များက အိမ်ခြံဝင်းတံခါး အပြင်ထွက် သည်နှင့် လက်ကမ်းကြိုနေပါသည်။ ထို့ကြောင့် အိမ်အပြင်ထွက်သည်ထက်  အိမ်ထဲတွင်နေကြ သည်ကမှ အန္တရာယ်ကင်း၊ဘေးရှင်းဟု လွဲမှားစွာ ထင်မှတ်ကြကာ အိမ်တွင်းပုန်း၍ ခန်းတွင်း အောင်းကြရန် စိတ်ကူးကြသည်။
.
ယနေ့ခေတ်မှာ မိမိကိုယ်မိမိ မထိန်းသိမ်း နိုင်ပါက မကောင်းမှုများကို အိမ်အတွင်းအိပ်ခန်း အတွင်းမှပင် ကျူးလွန်၍ရပါသည်။ အင်တာနက် ခေတ် ဖြစ်နေသဖြင့် အမျိုးသားများမှာ လက် ဝါးပေါ်မှာပင် ဘောလုံးပွဲ လောင်းကြေး (ပေါက် ကြေး)သိ၍ ဖုန်း၊ အင်တာနက်မှပင် အလောင်း အစား ပြုလုပ်နိုင်သည်။ ဖုန်း၊ အင်တာနက်နှင့် ပင် အချင်းချင်း ဟိုအိမ်နှင့် ဒီအိမ်၊ ဟိုရပ်ကွက် နှင့် ဒီရပ်ကွက်၊ ဟိုမြို့နှင့် ဒီမြို့ ဘယ်လောက် ပင် ဝေးနေပါစေ Online မှာတွေ့၍ ဂိမ်းဆော့ နိုင်သောခေတ် ဖြစ်သည်။ မိမိသားသမီး၊ အိမ် ထောင်ဖက် အပြင်မထွက်လျှင် ပြီးရောဆိုကာ အိမ်ခန်း၊ အိပ်ခန်းတို့တွင် နေစေခြင်း၊ ဖုန်း၊ တီဗွီ၊ လိုင်းစုံ ဗွီဒီယိုဖျော်ဖြေမှုများနှင့် အခန်း အောင်းစေခြင်းသည် လုံးဝဥဿုံအန္တရာယ် မ ကင်းပါ။ လုံခြုံစိတ်ချရမှု မရှိပါ။
.
လောင်းရိပ်မိသော သစ်ပင်နှင့် ပြန်လည် ခိုင်းနှိုင်းပါရစေ။ သစ်ပင်တစ်ပင်သည် မျိုးစေ့မှန် ၍ ရေခံမြေခံကောင်း သော်လည်း လောင်းရိပ်ရှိ နေပါက ကြီးထွားမှုနှေးကွေးမည်။ ကြုံလှီသေး ကွေးမည်။ အဖူးအပွင့် နည်း၍ အသီးမအောင် နိုင်။ (ချွင်းချက်၊ သစ်ခွ၊ သဇင်၊ ဂမုန်းအချို့ မပါဝင်)။ ထိုနည်းတူ လူတို့တွင်လည်း သန္ဓေ အောင်၍ လူဖြစ်လာမည်။ ရေခံမြေခံဖြစ်သော စီးပွားရေးလည်း ပြည့်စုံကြွယ်ဝမည်။ သို့သော် မိဘတို့မှာ ခေတ်ကိုကြောက်၍ အိမ်အပြင်ထွက်လျှင် လမ်းလွဲပျက်စီးမည်ကို ကြောက်၍ အိမ် တွင်းဖျော်ဖြေမှု၊ အိပ်ခန်းတွင်း ဖျော်ဖြေမှု၊ ဖုန်း၊ Laptop, TV  များနှင့်သာ ထိန်းသိမ်းထိန်းချုပ် နေမည်ဆိုပါလျှင် လောင်းရိပ်မိသော သစ်ပင် ပမာ ကျန်းမာရေး၊ လူမှုရေး ကြုံလှီချို့တဲ့အား နည်းမှုများနှင့် တွေ့ကြုံနေရပါသည်။ အိမ်တွင်း၊ အခန်းတွင်းမှာ စာအုပ်အဖတ်များပြီး ပြင်ပနှင့် ထိတွေ့မှု နည်းနေလျှင်လည်း ပြီးပြည့်စုံသော စာဖတ်သူ မဖြစ်ပါ။ှခမနနည့ သကမ  ထက် ဏေါန့ သကမ များ၍ မျက်စိ၊ အာရုံကြော၊ ကျန်း မာရေး ထိခိုက်မှု နည်းသော်လည်း ပြင်ပနှင့်အ ဆက်အသွယ်မရှိသော၊ လူဇာတ်ခုံအဖုံဖုံနှင့် မတွဲစပ်နိုင်သော စာဖတ်သူသည် လူမှုဆက်ဆံရေးမှာ အဆင်မပြေလှ။ အတ္တကြီး၊ အမြင်ကျဉ်း သော တစ်စောက်ကန်းများ ဖြစ်တတ်ပါ၏။
.
စာရေးသူ တင်ပြလိုသည်မှာ လူမှုဝန်းကျင်တွင် နေထိုင်ကျင်လည်ကြကုန်သော လူသားတို့ အနေဖြင့် ပတ်ဝန်းကျင်ဆိုသည်မှာ ကျန်းမာရေးအရရော၊ လူမှုရေးအရရော ကင်း၍ မရစကောင်းပါ။ ပတ်ဝန်းကျင်တွင် ရှိနေသော အန္တရာယ်များထက် ရှိနေသေးသော ကောင်းကျိုး များမှာလည်း ပြောမကုန်ပါ။ တိုင်းရေး၊ ပြည် ရေး၊ သာသနာရေး၊ နိုင်ငံရေး၊ စားဝတ်နေရေးဆိုသော အရေးအား လူတို့သည် အိမ်ခန်းတွင်း အိပ်ခန်းတွင်းမှ ဖြေရှင်းဆောင်ရွက်၍ မရပါ။ စာတွေ့ကို လက်တွေ့နှင့် ပေါင်းစပ်တတ်သော စစ်မှန်သည့် စာဖတ်သူသည် ထိတွေ့နေသည့် ပတ်ဝန်းကျင်မှ အန္တရာယ်ကိုရှောင်၍ ကောင်း ကျိုးကိုဆောင်နိုင်သူ ဖြစ်အောင် လုပ်ဆောင်ပါ လိမ့်မည်။ စာတွေ့လက်တွေ့ ပေါင်းစပ်သူသည် အတ္တကင်း၍ အမြင်ကျယ်ပါလိမ့်မည်။ စာပေကို မြတ်နိုးစွာ ဖတ်၍ စာပေအသိကို မြေပြင်ဝန်း ကျင်နှင့် ထိတွေ့ပြီး ရပ်ရွာအကျိုးဆောင်နိုင်သည့် ကျန်းမာသန်စွမ်းသော လူငယ်များဖြစ်လာစေရန် ထိန်းချုပ်မှုအချို့ လျှော့လိုပါက စာဖတ်သည့် အကျင့် မွေးရန်လိုပါသည်။ လူမှုဆက်ဆံရေး လည်း လိုပါသည်။
.
နေလောင်ပန်းပွင့်
.
အိမ်တွင်းအောင်း၊ အိပ်ခန်းတွင်းအောင်သူ များ လောင်ရိပ်မိသည့် သစ်ပင်များလိုဖြစ်မည် ကို စိုးရိမ်ပြီး၊ အပြင် ပတ်ဝန်းကျင်နှင့် အနေများလျှင်ရော ရှင်သန်ကြီးထွားပြီး ဖူးပွင့်ဝေဆာမှု ရှိ မှာအမှန်တကယ်လားဟု မေးရန် လိုပါသည်။ ရှေ့ပိုင်းတွင် တင်ပြပြီးဖြစ်သည့်အတိုင်း အန္တ ရာယ်ရန်စွယ်များကလည်း ပေါများလှပါဘိ။ နေ လောင်နေသော၊ နေလောင်မိသော ပန်းကလေး များ ညိုနွမ်း သွေ့ခြောက်သည့်ပမာ အရွယ် ကောင်း၊ ခွန်အားကောင်း လူငယ်လူရွယ်၊ မိန်း မငယ် မိန်းမရွယ်ကလေးများ လမ်းမှားလျှောက် ကာ လမ်းမှန်ပျောက်သွား သူများကို ယနေ့ခေတ် တွင် နေ့စဉ်နှင့်အမျှ ကြုံတွေ့ကြားနေရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် တိမ်းပါးသွားရှာသော မျိုး ဆက်သစ်ကလေးများ အကြောင်းမှာ မကြား ချင် မနာချင်မှအဆုံး၊ ပညာရေး၊ ကျန်းမာရေး နှင့်တကွ လူမှုရေးနီတိ၊ ယဉ်ကျေးမှု စသည်တို့ အားနည်းယုတ်လျော့နေသော ယနေ့ခေတ်ကြီး တွင် အပြင်လောက၏ နေလောင်ဒဏ်ကို အ ဘယ်ကြောင့် ခံနေရသနည်းဆိုခြင်းကို စဉ်းစား မိသည်။
.
ခေတ်စနစ် ပညာရေး၏ အားနည်းမှုကို လွယ်လွယ်ကူကူ လက်ညှိုးထိုးနေ၍ မရပါ။ ဤ ပညာရေးမှပင် လမ်းမှန်ရောက်နေ၊ လမ်း မှန်လျှောက်နေများ ရှိနေပါသည်။ တစ်ချိန်က အုပ်ချုပ်မှု၏ အားနည်းချက်ကို ထောက်ပြဝေဖန် လေကန်မည့်အစား အုပ်ချုပ်မှု ယန္တရားကောင်း မွန်လာစေရန် ကိုယ်တိုင်ဝင်၍ နိုင်သည့်ဘက်မှ လည်ပတ်ပေးရန် လိုသည်။ ကိုယ်တိုင်အသိအ မြင် ကြွယ်ဝမှသာ နောင်လာနောက်သား ကလေးများ လမ်းမှန်ရောက်ရန်၊ လမ်းမှန်ဆက် လျှောက်ရန် လမ်းခင်းပေးနိုင်သောသူ ဖြစ်တော့ မည်။ ခေတ်ဟောင်း ခေတ်နှောင်းမှ စာပေသုတ များသည် ခေတ်သစ်ခေတ်စနစ်ကောင်း ဖန်တီး နိုင်စေရန်၊ လူသားတို့ကို ပေးနိုင်စွမ်းပါ၏။ ခေတ်စနစ်ကို မီးမောင်းထိုးပြနေသော ယနေ့ လက်ငင်း စာပေများမှ ပထဝီ၊ ရာသီဥတု၊ သိပ္ပံ၊ နိုင်ငံရေး၊ နည်းဥပဒေသစ် စသော ပြောင်းလဲမှု အသိပညာများ ပေးစွမ်းနိုင်ပါ၏။
.
ကလေး လူငယ်များကို သင်တန်းတက်၊ ကျောင်းတက်၊ အိပ်ခန်းအောင်းနေစေခြင်းသည် လောင်းရိပ်မိသော သစ်ပင်ပမာ ဖြစ်နေမည်။ စာပေအသိမရှိသော၊ လိမ္မာယဉ်ကျေးနီတိ မသိသော ကလေးလူငယ်များကို ပြင်ပလောက တွင် လွှတ်ထားလျှင်လည်း လောင်ပန်းပွင့်ပမာ ဖြစ်နေမည်။ လူရွယ်လူကြီးတို့မှာလည်း လောင်း ရိပ် မမိသော၊ လောင်ပန်းပွင့် မဖြစ်သော၊ လောက အလှကို ဆင်နေသော သစ်ပင်များ ပမာ လောကီ လောကုတ်၊ နှစ်ဖြာ အကျိုး သယ်ပိုးသူများ ဖြစ်လာကြစေရန် စာတွေ့ လက်တွေ့ ပေါင်းစပ် ညှိနှိုင်း၍ ကောင်းကျိုးကို ဆောင်ရွက်ရုံမှတစ်ပါး အခြား မရှိပါလေ။
.

No comments:

Post a Comment