ထိုင်းနိုင်ငံက လွှဲပြောင်းပေးခဲ့သည့် မြန်မာနိုင်ငံသား ၂၄ ဦးကို မိဘဆွေမျိုးများထံ ပြန်လည် အပ်နှံ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, February 2, 2019

ထိုင်းနိုင်ငံက လွှဲပြောင်းပေးခဲ့သည့် မြန်မာနိုင်ငံသား ၂၄ ဦးကို မိဘဆွေမျိုးများထံ ပြန်လည် အပ်နှံ


မိုင်းမော
.
ထိုင်းနိုင်ငံက လွှဲပြောင်းပေးခဲ့သည့် တရားမ၀င် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၄ ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်ရှိ မဟာမြတ်မုနိကျောင်းဝင်းအတွင်း၌ ဇန်န၀ါရီ ၃၁ ရက် ညနေ ၄ နာရီတွင် ၄င်းတို့၏ မိဘဆွေမျိုးများထံ ပြန်လည် အပ်နှံခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှ သိရသည်။
.
အဆိုပါ တရားမ၀င် မြန်မာအလုပ်သမား အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၄ ဦးတို့ကို မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံ လ၀ကမှူး ဦးစီးအဖွဲ့မှ ဇန်န၀ါရီ ၃၁ ရက်၊ နေ့လယ်ပိုင်းက လာရောက် လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၏ အစီအစဉ်ဖြင့် ဆွေမျိုးများထံ ပြန်လည် အပ်နှံခဲ့ခြင်း ဖြစ်သည်။
.

၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းသို့ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတား(၂)မှ တံတားကူး လက်မှတ်ဖြင့် ၀င်ရောက်ပြီး တရားမ၀င် နေထိုင်ကာ အလုပ် လုပ်ကိုင်ခြင်းကြောင့် ရှောင်တခင် စစ်ဆေးချက်အရ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး လူကုန်ကူးခံရသူများ မဟုတ်ဘဲ ကိုယ်တိုင် သွားရောက် အလုပ်ရှာဖွေ လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်းလည်း သိရသည်။
.
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်သည့် တရားမ၀င် မြန်မာအလုပ်သမားများမှာ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်မှ  ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက်ထိ အမျိုးသား ၁၀၂၂၂ ဦး၊ အမျိုးသမီး ၄၀၇၈ ဦး၊ စုစုပေါင်း ၁၄၃၀၀ ဦး ရှိကြောင်း သိရသည်။

No comments:

Post a Comment