ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများနှင့် ဆရာများအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၇ ရက်၊ နေ့လယ်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
“ အတိုင်ပင်ခံ ပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုလို့ လုပ်နေတာထက် ပုံမှန် လုပ်နေကြ အတိုင်းပဲ လုပ်သွားတာပါ။
ဒါပေမဲ့ သန့်ရှင်းရေးကိုတော့ ရိုသေလေးစားတဲ့ အနေနဲ့ ပို အားထည့်ပြီး လုပ်ထားပါတယ်။
ကြောက်လို့ လုပ်ရတဲ့ ခေတ်တော့ မရှိတော့ပါဘူး။ အားလုံးက လွတ်လွတ်လပ်လပ် လုပ်ကြတာပါ။
အမေစု လာမယ်ဆိုတဲ့အတွက် အဝင်မှာ တိုးနယားတွေ၊ ကိန္နရီတွေနဲ့ ကြိုပါတယ်။ ပန်းစီး ကမ်းပါတယ်။ ပြီးရင် KG နဲ့ Grade
1 ၊ Grade 2 ကလေးတွေနဲ့ တွေ့ပါတယ်။ ပြီးတော့ တက္ကသိုလ်ဝင်တန်း (၁၀) တန်း
ကလေးတွေနဲ့ တွေ့နိုင်ဖို့ စီစဉ်ထားပါတယ်။ ကျောင်း စာကြည့်တိုက်ကိုလည်း
ပြပါတယ်။ ခန်းမထဲမှာလည်း ကျောင်းသားမိဘတွေ၊ ကျောင်းကော်မတီတွေ၊ ဆရာ/ ဆရာမတွေနဲ့ တွေ့ပါတယ်။
ဒီလိုမျိုး ကျွန်တော်တို့ ကျောင်းကို လာဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး၊ အင်မတန်မှ ဝမ်းသာပါတယ်” ဟု အမှတ် (၂)
အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးဇော်မြင့်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
နိုင်ငံတော်၏
အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများ၏ ရိုးရာအကဖြင့်
ဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့ကာ စာသင်ခန်းများသို့ လိုက်လံကြည့်ရှုခဲ့ပြီးနောက် ကျောင်းသား/သူများ ၊ ကျောင်းကောင်မတီဝင်များ၊ ကျောင်းသားမိဘများ၊ ဆရာ/မများနှင့် ရင်းရင်းနှီးနှီး
တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
.
ထို့အတူ နိုင်ငံတော်၏
အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကြီးမြို့၊
အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ပြုလုပ်ခဲ့သော (၇၂) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို
တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။
.
No comments:
Post a Comment