မင်းဇော်မင်း
.
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ်အတွင်း
UWSA တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခေါ်ဆောင်ခံထားရသော “ဝ”အထူးဒေသ၊ ဟိုတောင်းကျမ်းစာသင်ကျောင်းမှ
ကျောင်းသူများအား ပြန်လည်စေလွှတ်ပေးရေးအတွက် တင်ပြသွားမည်ဖြစ်ကြောင်း လားဟူတိုင်းရင်းသား
ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ သိရသည်။
.
.
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ဟိုတောင်းကျမ်းစာသင်ကျောင်းမှ
ကျောင်းသား/သူ ၄၁ ဦးကို “ဝ” အထူးဒေသ အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင် စစ်မှုထမ်းစေခဲ့သည်ဟု
ကျိုင်းတုံအခြေစိုက် လားဟူ နှစ်ခြင်းခရစ်ယန်အသင်းတော်မှ ပြောဆိုခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရသည့်
ကျောင်းသား၂၁ ဦးမှာ ထွက်ပြေး လွတ်မြောက်လာခဲ့ရာ ယခုအခါတွင် ကျောင်းသူ ၂၀ ဦးသာကျန်ရှိနေဆဲဖြစ်နေသဖြင့်
၎င်းတို့ ပြန်လည်လွတ်မြောက် ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရှမ်းပြည်နယ်အရှေ့ပိုင်း
ခရီးစဉ်အတွင်း တင်ပြသွားမည်ဖြစ်ကြောင်း လားဟူတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ
ဥက္ကဌ ဒေါ်အေးသီတာမြင့်က ပြောသည်။
“အရင်က သမ္မတကြီးဆီရော၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီရော၊ လူ့အခွင့်အရေးကော်မတီ၊
သာသနာရေး ဝန်ကြီးဌာန စတဲ့ ဌာနပေါင်း ၈ ခုကို အခုအမျိုးသမီးငယ်လေးတွေ လွတ်မြောက်လာစေဖို့
စာရေးသားတင်ပြထားခဲ့ တာဖြစ်လို့ အခုလို လူကြီးခရီးစဉ်မှာ လူကိုယ်တိုင်တင်ပြနိုင်ဖို့
မရခဲ့ရင်လည်း ထပ်မံပြီး စာနဲ့တင်ပြနိုင်ဖို့ ကျိုင်းတုံ လားဟူနှစ်ခြင်းက ဒေါက်တာလာဇရုနဲ့
တိုင်ပင်လုပ်ဆောင်နေပါတယ်” ဟု ဒေါ်အေးသီတာမြင့်က ပြောသည်။
.
မူလက နှစ်(၃၀)ပြည့် “ဝ” ငြိမ်းချမ်းရေးပွဲတော် ပြုလုပ်မည့် လာမည့်ဧပြီလ
၁၇ ရက်အထိ စောင့်ကြည့်ရန် စီစဉ်ထားသော်လည်း ယခုလို နိုင်ငံတော်ပုဂ္ဂိုလ်ရှမ်းပြည်နယ်အရှေ့ပိုင်းသို့
လာရောက်မည့်ခရီးစဉ်တွင် ထပ်မံတင်ပြသွားနိုင်ပါက ဖမ်းဆီးခံထားရသည့် အမျိုးသမီးငယ်များ
ဆောလျင်စွာ အမြန်ပြန်လည် လွတ်မြောက် နိုင်ရေး ကြိုးပမ်းလာနိုင်သည့်အခွင့်အရေးဖြစ်သဖြင့်
ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
.
ဟိုတောင်းကျမ်းစာသင်ကျောင်းမှ ကျမ်းစာသင်ကျောင်းသား ၂၁ ဦးမှာ ပြီးခဲ့သည့်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း က ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ကျောင်းသူ ၂၀ ဦးမှာမူ
ယခုတိုင်ပြန်လည်လွတ်မြောက်မှု မရှိသေးဘဲ စစ်မှုထမ်းနေရဆဲဟု ယူဆရပြီး ၎င်းတို့မှာ အသက် ၁၃
နှစ်မှ ၁၉ နှစ်ခန့်သာ ရှိပြီး မိဘဆွေမျိုးများ၊ ခရစ်ယာန် မိသားစုများမှ စိုးရိမ်နေရကြောင်း
သိရသည်။
.
ယခုဖမ်းဆီးခံအမျိုးသမီးများကိစ္စမှာ လူ့အခွင့်အရေးချိုးဖောက်မှုသာမက
အမျိုးသမီးထုကြီးတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့်အနေအထားဖြစ်နေသဖြင့် လူထုမှလည်း ဝန်းရံပေးရန်
လိုအပ်နေကြောင်း၊ အဆိုပါ အထူးဒေသတွင် ခရစ်ယာန်ကျောင်းများမှာ ယခုမှမဟုတ် ယခင်ကတည်းကရှိနေသည့်အပြင်
လာမည့် ၂၀၂၆ ခုနှစ်၌ နှစ် ၁၀၀ ပြည့်ပြီဖြစ်သဖြင့် အခမ်းအနားများလွတ်လပ်စွာကျင်းပသွားနိုင်ရန်မှာ
ယခုအခြေအနေဖြင့် အခက်အခဲဖြစ်ပေါ်နေရကြောင်း၊ သို့အတွက် ယခုအတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်အတွင်း
တင်ပြသွားမည်ဖြစ်ပြီး အဆိုပါကျမ်းစာသင်ကျောင်းသူများ လွတ်မြောက်ရေးအတွက် အစွမ်းကုန်
တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒေါ်အေးသီတာမြင့်က ဆက်လက်ပြောကြားခဲ့သည်။
.
ထို့အတူ ကျိုင်းတုံမြို့အခြေစိုက်၊ လားဟူခရစ်ယာန်ကျောင်းမှ ဒေါက်တာလာဇရုကလည်း
“ဝ” ခေါင်းဆောင်များ ထံသို့ ကျမ်းစာသင်ကျောင်းသူများ အမြန်ဆုံးပြန်လည်လွှတ်ပေးနိုင်ရေးအတွက်
၂ ကြိမ် တောင်းဆိုထားသော်လည်း တိကျသေချာသည့် အဖြေမရရှိသေးကြောင်း၊ လွတ်မြောက်လာသည့်
ကျောင်းသား ၂၀ ဦးမှာလည်း စစ်သင်တန်း တက်စဉ်ကာလက အအေးပတ်ခဲ့သဖြင့် ယခုအချိန်ထိ ဆေးကုသနေရဆဲဖြစ်ကြောင်း၊
ကျောင်းသူများ လွတ်မြောက်နိုင်ရေးအတွက် ဆုတောင်းပွဲများပြုလုပ်နေသလို လားဟူပါတီ၊ လားဟူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊
လားဟူဖွံ့ဖြိုးရေးကွန်ရက်၊ နှစ်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းလုပ်ဆောင်နေကြောင်း ပြောကြားသည်။
.
“ခရစ်ယာန်ကျောင်းတွင် ပြန်ဖွင့်ပေးမယ်။ ပျက်စီးခဲ့တာတွေ ပြန်ပြုပြင်ပေးမယ်။
စတာတွေအပြင် ခရစ်စမတ်ကာလ က ရှိခိုးဆုတောင်းခွင့်တွေရခဲ့တော့ အားတက်ခဲ့ကြပေမဲ့ အခုတစ်ခါ
ပြန်ပိတ်တယ်ကြားရတာ မကောင်းဘူး။ ဟိုတောင်း ကျမ်းစာသင်ကျောင်းက ပျက်စီးခဲ့တဲ့ ပစ္စည်းတွေကိုတောင်
လျော်ပေးမယ်ကြားတော့ ဝမ်းသာရတဲ့ အတိုင်း ဖြစ်စေချင်ပါတယ်။ ဒါက သာသနာပိုင်ပစ္စည်းတွေဖြစ်ပါတယ်။
ကလေးတွေကို အမြန်ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်” ဟု ဒေါက်တာလာဇရုက ပြောသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ” အထူး ဒေသ အာဏာပိုင်များက လားဟူနှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ်သာသနာပိုင်
နယ်မြေ၊ မိုင်းပေါက်တွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၅၂ ကျောင်းကို ချိတ်ပိတ်ကာ ၃
ကျောင်းကိုဖြိုချ ဖျက်ဆီးပြီး ဓမ္မအမှုဆောင် ၉၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ဟိုတောင်းကျမ်းစာသင်ကျောင်းမှ
ကျမ်းစာသင် ကျောင်းသား/ကျောင်းသူ ၄၁ ဦးကိုဖမ်းဆီးခေါ်ဆောင် စစ်မှုထမ်းစေခဲ့ရာမှ ပြီးခဲ့သည့်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်ကဓမ္မအမှုဆောင် ၉၂ ဦးအား ကျမ်းစာမဖတ်ရန်၊ ဆုမတောင်းရန်စသည့်
စသည့် ခံဝန်ချက်များဖြင့် ပြန်လွှတ်ပေးခဲ့ရာ ဘာသာရေးလွတ်လပ်ခွင့်မရှိကြောင်း ဒေါက်တာလာဇရုမှ
ဆက်လက် ပြောကြားခဲ့သည်။
.
No comments:
Post a Comment