ဆာယာ-လှမြင့်
.
.
တချို့က''သေချင်တဲ့ကျား တောပြောင်း'' ဟုပြောသည်။ တချို့ကျတော့လည်း
တစ်ရွာ မပြောင်း သူကောင်းမဖြစ် ဟိုရွှေ့သည်ရွှေ့နှင့် ဇလုံပွန်းသည်ဟုလည်း ပြောကြပြန်သည်။
ဤ စကားနှစ်ခွန်း အားပြိုင်နေပါ၏။ ဘယ်စကားမှန် သလဲ၊ ဘာကိုလက်ခံမလဲ၊ ကာလဒေသ ပယောဂအရ တစ်မျိုးစီမှန်ကောင်းမှန်ကြပါလိမ့်
မည်။ သို့သော် နိယာမတစ်ခုကဲ့သို့ မမှန်နိုင်။ ကမ္မနိယာမသည် ကောင်းတာလုပ်ကောင်းကျိုး၊
မကောင်းတာလုပ် မကောင်းကျိုး၊ အချိန်တန်လျှင်ပေး၏၊ အငြင်းပွားစရာမရှိ၊ မည်သို့ပင်ဖြစ်စေ
လူတို့သည် ကိုယ့်မွေးရပ်မြေမှာပဲနေနေ၊ တစ်နယ်တစ်ကျေးမှာပဲရှိရှိ ထိုအရပ်ဒေသသည် ဥတု၊
ပုဂ္ဂလ၊ အာဟာရ ဓမ္မ ဤလေးဝမှာ သပ္ပါယမျှနေသည်ဆိုပါက ပို၍ အဆင်ပြေပါသည်။
ကျွန်တော်သည် သင်္ကြန်တွင်း ကိုရင်ကြီး ဝတ်ခဲ့စဉ်က စာမဖတ်ရ မနေနိုင်ပါ၍
ဓမ္မာစရိယ ဦးဌေးလှိုင်ရေးသည့် ''ရဟန္တာနှင့် ပုဂ္ဂိုလ်ထူး များ''စာအုပ်ကြီးကို အေးအေးလူလူ
ဖတ်ခွင့်ရ ခဲ့သည်။ ပုဂ္ဂိုလ်ထူးများထဲမှ ဆရာတော်ကြီး တစ်ပါး(အမည်မမှတ်မိ)တောရဆောက်တည်
တရားကျင့်ရာ ဆွမ်းခံကြွမှ ဆင်းရဲသော ဒကာ၊ ဒကာမများ လောင်းလှူသည့် ချဉ်ပေါင်ဟင်းရည်ကျဲကျဲဖြင့်
ဆွမ်းကိစ္စပြီးနေရသဖြင့် မကြာမီ ဝမ်းရောဂါဖြစ်လာကြောင်းရေးထား သည်။ ဆရာတော် တစ်ရွာပြောင်းခဲ့ရလေသည်။
သာသနာအသက်သည် ဆွမ်းဖြစ်၏။ အာဟာရ၊ သပ္ပါယ မမျှသော အရပ်တွင် မနေအပ်ပါ ပေ။ မိမိနှင့်နေသည့်အရပ်
သင့်တင့်မျှတခြင်းမရှိ သော် တစ်စုံတစ်ရာမျှ အကျိုးရှိမည်မဟုတ် ဆက်၍နေလျှင် သည်လိုပုံနှင့်
မိုးကြီးချုပ်သွားပါမည်။
.
ဆရာတော် ဦးဇောတိက(ပျဉ်းမနား)က ''တောပြောင်းလို့ သေချင်သေပါစေ ဦးဇင်းကတော့ ပြောင်းမှာပဲ၊ စွန့်စားမှာပဲ Experimentလုပ်ရတာ
ဝါသနာပါလို့ပါ။ သူကောင်း ဖြစ်တာ မဖြစ်တာ အသာထားတစ်ရွာ ပြောင်း ချင်ပါတယ်''ဟု ဆိုပါ၏။
လူသားမဆိုထားဘိ ကျေးငှက်တွေလည်း အသိုက်ပြောင်းရသည်။ ဆောင်းခိုငှက်သည် အီကွေတာ ရပ်ဝန်းသွားပြီး
ဆောင်းခိုရမည်။ ဝန်ရိုးစွန်းသွားလို့ မရ၊ သူ့အ ရပ်နှင့်သူ့ဇာတ်မှ အဆင်ပြေသည်။ ကျွန်တော့်
အနေဖြင့် ပြောရလျှင် နေရာရွေးတတ်မှပဲ ကြီး ပွားမည်။ ကြီးပွားမှ မင်္ဂလာရှိသော အရပ်ဒေသ
ဖြစ်သည်ဟု ဘဝင်ကျကျ လက်ခံလိုက်ပါ သည်။
.
ဟိုတစ်ချိန်က ရေဒီယိုတေးသံရှင်ကိုကျော်ညွန့်သည် တွံတေးသိန်းတန်ဆုံးတော့
ရောက်လာသည်။ ဘယ်မှာနေသလဲဆိုတော့ သာမန် တောရွာလေးမှာ ဇာတ်မြှုပ်နေပါသတဲ့။ ကိုယ် ရောက်မလာလို့ကွယ်
မောရတယ်လို့ ဆိုလာ သူရယ်--ဟူ၍ သူ့ရဲ့လွမ်းမောဖွယ်ရာ တေးသံ သာများကို ကျွန်တော်တို့
စွဲလမ်းနှစ်သက်ခဲ့ရ သည်။ ခုတော့ သူ့ဘဝကို တောရွာဓလေ့မှာ မနောမှာခွေကာနေခဲ့မိလို့ သူ့သီချင်းတွေ
မ ကြားရတာ အတော်ကြာသွားပါလား။ ကိုယ့် ဌာနေဝန်းကျင်မှာ အမှန်ပင်အလှရှိသည်ဆိုပြီး ကျောက်ချ၍မနေသင့်။
မွေးမြေကို ကျေးဇူးဆပ်ရမည်မှာမှန်ပါ၏။ ကောင်းပါ၏။ မြင်တွေ့ကြား သိရသလောက်အောင်မြင်သူများသည်
ကိုယ့် မွေးရပ်မြေထက် မွေးမြေရပ်ခြားမှာပဲ အောင်မြင်နေကြပါသည်။ ဗိုလ်ချုပ်သည် နတ်မောက်သား၊
ရန်ကုန်ရောက်မှ အောင်မြင်သည်။ အောင်မြင်ရန် အခွင့်အလမ်းတွေ ပွင့်နေသော အရပ်သည် မင်္ဂလာရှိသောအရပ်ဆိုတာ
သေ ချာသည်။
.
မည်သည့်အရပ်ဖြစ်ပါစေ ဗုဒ္ဓသာသနာ ထွန်းကားပြီး သူတော်ကောင်းတွေ ကိန်းအောင်း
မွေ့လျော်နေကြသည် ဆိုလျှင်မင်္ဂလာရှိလေ၏။ ကိုထွန်းရွှေသီချင်းထဲက ငါတို့ရွာလို ဗုဒ္ဓခေတ်က
ဓမ္မပါလရွာလိုဖြစ်ခဲ့လျှင် နေအပ်ပါ ၏။ ကိုယ်နေသည့်အရပ်မှာ ကြေးစည်သံတိတ်၊ နိဗ္ဗာန်ဆော်သံ
မကြားရ၊ ရွာဦးက ထုံးစေတီ ကြည်ညိုစရာမကောင်း၊ ထုံးဖြူဖြူ တမာလမ်းတွေမရှိ ဤသို့ဆိုလျှင်
ပျော်စရာကောင်းပါမည် လား။ ကျွန်တော့်ကို ''ဟာ ဒီလူ ရေသန့်ဘူးတွေ ပေါနေတာ ကန်ရေတွေ သောက်ပြနေတာ
လား''ဟု မဆိုစေချင်။ သည်လိုရှိသည်။ တ ချို့ရွာတွေမှာ ကွန်ပျူတာသင်တန်းတွေဖွင့်နေ ပြီ။
ဆေးတက္ကသိုလ်၌ ဆံရစ်နှင့် ဆေးကျောင်း သူကို တွေ့ဖူးထား၏။ သည်လိုဆိုရှင်းပါပြီ။ ထို့
ကြောင့် ကုသိုလ်ပညာ ဥစ္စာရနိုင်သောအရပ် ကို ရွေး၍ နေရမည်ဆိုပါက အလွယ်နှင့်ပြီးပါ တော့၏။
.
ယခင်အခါက ဗုဒ္ဓပွင့်ထွန်းရာ ဗောဓိပင်၏ ဘေးပတ်လည် ယူဇနာ ၉ဝဝ ဝန်းကျင်အရပ်
သည် မဇ္ဈိမဒေသ(ဝါ)ပတိရူပဒေသဟု သတ် မှတ်ထားခဲ့သည်။ ခုတော့ သည်လိုမဟုတ်တော့ ပြီ။ အထူးမှတ်ရန်မှာ
ရတနာသုံးပါး ထင်ရှားရှိ သော လောကီပညာရပ်များ ရရှိနိုင်သောအရပ် ပတိရူပဖြစ်၏။ မင်္ဂလာရှိ၏ဟုဆိုလိုသည်။
ဤ စာကိုရေးသားရာတွင် ဆရာတော်ဒေါက်တာ ရှင်Óာဏိဿရ၏ မင်္ဂလာတရားများ သေချာ ဖတ်ပြီးမှ ကိုးကားရေးသားရသည်ဖြစ်ကြောင်း
ကိုလည်း ဝန်ခံရင်း ဆရာတော်ကြီးအား ဂုဏ် ပြုလိုက်ရပါ၏။
.
နေရာကောင်းတစ်ခုရယ်လို့ သတ်မှတ်ရ မည့်အင်္ဂါရပ်များ ဗုဒ္ဓစာပေမှာ ရှိနေပါသည်။
မင်္ဂလာရှိရန် ဆက်ရေးပြခွင့်ပြုပါ။ ဒါန၊ သီလ၊ ဘာဝနာ အစရှိသည့် ကုသိုလ်လုပ်ငန်းများ စု
ပေါင်းဆောင်ရွက်နိုင်မည့် ရပ်ဝန်းဖြစ်ဖို့လည်း လို၏။ ဗုဒ္ဓစာပေနှင့် သာသနာမထွန်းကား
သောအရပ်၊ တရားစခန်းတွေလည်း ကင်းဆိတ် နေသော အရပ်သည် သံသရာအကျိုးမရနိုင်။ ပစ္စုပ္ပန်အကျိုးအနေဖြင့်
ချစ်သော၊ ခင်သော၊ မြတ်နိုးရသော မိတ်ဆွေကောင်းများ မရှိပြန် လျှင်လည်း ငရဲပြည်ရောက်တာပါပဲဟု
ဆရာ ပါရဂူပြောသည်ကို ဤနေရာတွင် သတိရမိ သည်။ သို့ပါ၍ ရင်ဘတ်မိတ်ဆွေတွေ မိမိအရပ် မှာရှိနေသော်
နတ်ပြည်ရောက်နေသည်နှင့် မ ခြားပါပေ။ မင်္ဂလာရှိပါ၏။
.
ထို့အပြင် ဒေသတစ်ခုတွင်နေပါက အသိ ပညာတွေရလောက်သလား၊ ကျောင်းကောင်း၊
ဆရာကောင်းတွေနှင့် ကလေးတွေပညာသင်ခွင့် ရပါ့မလား၊ ဤအချက်ကိုလည်း ကြည့်ရပေဦး မည်။ စီးပွားရေးအနေဖြင့်လည်း
ကုန်စည်စီး ဆင်းမှုကောင်းမွန်ပါမှ ဘဝတွေရှင်သန်ရမှာမို့ သူဌေးကြီးတွေ၊ ပညာရှိကြီးတွေလည်း
လိုပါ သေး၏။ သို့သော် ပညာရေး၊ စီးပွားရေးတွေ ကောင်းနေသည်ဆိုသော်ငြား တရားဥပဒေစိုး မိုးမှု
မရှိခဲ့လျှင် အမြောက်သံ၊ စိန်သံ၊ ဗုံးသံတွေ ကြား သက်စွန့်ဆံဖျား ပြေးလွှားနေရဦးမည်။
သူပုန်နှင့် နှစ်ချီအောင် စစ်တိုက်နေရသော ဆီးရီးယားနိုင်ငံလိုမျိုး နေချင်စရာကောင်းပါ
တော့မလား။
.
နေအပ်သည့် ဒေသများကို ဗုဒ္ဓစာပေများ အရ ရေးကြည့်ရာ ပြည့်စုံပြီလားဆိုတော့
ဒါ တွင် မကနိုင်သေးပါ။ မြစ်ချောင်း၊ အင်း၊ အိုင် သည် မြောင်းတာတမံတွေလည်း ရှိသင့်သည်။
လမ်းပန်းဆက်သွယ်ရေးလည်း လွယ်ကူနေဦး မှ သို့မဟုတ်လျှင်ူညေိုသခု ချောင်ပိတ် သွားနိုင်သည်။
ကြည်း၊ ရေ၊ လေ လမ်းကြောင်း တွေရှိမှ လိုရာခရီးအပြီးရောက်မှာပေါ့။ အိမ်နီး ချင်းလာအိုနိုင်ငံနှင့်
ယှဉ်ကြည့်လျှင် မြန်မာပြည် က နေချင်စရာကောင်းနေပြန်ပြီ။ ကိုယ့်နိုင်ငံ၏ နေရာအခင်းအကျင်းကို
ကြည့်ရုံမျှဖြင့်ပင် နိုင်ငံ ချစ်စိတ်တွေ ဖြစ်ပေးလာနိုင်ကြောင်း သိစေ အပ်ပါသည်။
.
ပြောစရာကျန်သေးသည်က ကျန်းမာရေး ကိစ္စ၊ ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်မရှိပြန်လျှင်
လည်း ဒေသကောင်း၏ အင်္ဂါရပ် မပြည့်စုံသေး။ ဆေးပညာသည် သိထားသင်ထားကောင်း၏။ ကျန်းမာရေးစောင့်ရှောက်မှု
ဝန်ဆောင်မှုတွေ လည်း သက်သာချောင်ချိရန် လိုသည်ပေါ့။ ဂျာ နယ်ထဲက ဖတ်လိုက်ရသည့် ကာတွန်းတစ်ခု
''ဆေးရုံတက်လိုက်ရတာ တစ်သက်လုံးရှာထား တာတွေ ကုန်ပါလေရော''သည်လိုဆိုလျှင် လည်း မလွယ်သေးပါ။
.
အရပ်ဒေသတစ်ခု၏ ကောင်းခြင်းဆိုင်ရာ အချက်တစ်ခုရှိသေးသည်။ ယဉ်ကျေးမှုပိုင်းမှာ
ကိုယ့်အရပ်၊ ကိုယ့်ဇာတ်ကိုက်နေဖို့ပါပဲ။ ရှက် ခြင်း၊ ကြောက်ခြင်းမရှိ ကိုယ်နှုတ်တို့
ဖရိုဖရဲဖြစ် နေသည့်အရပ် ဗုဒ္ဓဘာသာနှင့်မအပ်စပ်ချေ။ ရုပ်ရှင်ကားကြီးတစ်ခုမှာ မြန်မာ့ယဉ်ကျေးမှုနှင့်
မလျော်ကန်ဘဲ မင်းသမီးကစ၍ နှုတ်ခမ်းနှင့် Kiss ပေးရမည့်အခန်းကို မရိုက်နိုင်ပါဘူးလို့
ငြင်းဆန်လိုက်သည့် မင်းသမီးသက်မွန်မြင့်ကို အရမ်းလေးစားမိ၏။ ဆက်လုပ်ပါ သက်မွန် မြင့်။
.
နောက်ဆုံးအားဖြင့် ပစ္စုပ္ပန်သံသရာအတွက် ကောင်းနေသည့် အရပ်ပင်ဖြစ်စေကာမူ
စည်းလုံးညီညွတ်မှုမရှိသည့် အရပ်ဖြစ်နေသော် သူတစ်လူ ငါတစ်မင်းဖြင့် ပညာရေး၊ စီးပွားရေး၊
ကျန်းမာရေး၊ သာသနာအရေးတွေ ကောင်းနိုင် စရာမရှိ။ ပမာဆောင်ရသော် ဘုရားလက်ထက်က ကောသမ္ဘီပြည်လို
ရဟန်းတွေရန်ဖြစ်၊ မြန် မာပြည်လို ကချငှ်ုဗ နှင့် စစ်ပွဲတွေဆက်ဖြစ် နေလျှင် မြင်ရသည့်မြင်ကွင်း၊
ကြားရသည့်အသံ တို့သည် စိတ်မချမ်းမြေ့စရာတွေပဲ ဖြစ်နေမှာ ပေါ့။ ထေရဝါဒသာသနာစစ်စစ် ထွန်းကားနေ
သော မြန်မာပြည်သည် ''ပတရူပ ဒေသဝါ တောစ''ဖြစ်နေသဖြင့် တိုင်းပြည်နှင့် လူမျိုးကို ချစ်ပါသော်လည်း
နေရာတိုင်းမဟုတ်သေး၍ ရင်မအေးရသေးပါ။ ။
.
No comments:
Post a Comment