ကျိုင်းတုံတက္ကသိုလ် ကျောင်းဝင်းအတွင်း မိဘများမှ ကျောင်းသူတစ်ဦးအား အကြမ်းဖက်ဆုံးမခြင်းနှင့် ပတ်သက်၍ တက္ကသိုလ်တာဝန်ရှိသူများမှ အမှုဖွင့် တိုင်ကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, January 26, 2019

ကျိုင်းတုံတက္ကသိုလ် ကျောင်းဝင်းအတွင်း မိဘများမှ ကျောင်းသူတစ်ဦးအား အကြမ်းဖက်ဆုံးမခြင်းနှင့် ပတ်သက်၍ တက္ကသိုလ်တာဝန်ရှိသူများမှ အမှုဖွင့် တိုင်ကြား



ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့၊ တောင်ကြီးလမ်းရှိ ကျိုင်း တုံတက္ကသိုလ်ကျောင်းဝင်းအတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်က ကျောင်းသူတစ်ဦးအား ၄င်း၏မိဘ များမှ အကြမ်းဖက်ဆုံးမခဲ့ခြင်းနှင့် ပတ်သက်၍ နောင်တွင် အလားတူ ကိစ္စရပ်များ မဖြစ်ပွားစေရေးအတွက် တက္ကသိုလ် တာဝန်ရှိသူများမှ တရားလိုပြုလုပ်၍ ကျိုင်းတုံမြို့နယ်တရားရုံးတွင် အမှုဖွင့်တိုင်တန်းထားကြောင်း သိရသည်။
.
.
ကျိုင်းတုံတက္ကသိုလ်တွင် ပညာသင်ယူနေဆဲဖြစ်သည့် ကျောင်းသူ တစ်ဦး၏ မိဘများမှ ဇန်နဝါရီလ ၁၁ ရက်တွင် ကျောင်းဝင်းအတွင်းသို့ မော်တော်ယာဉ်ဖြင့် ဝင်ရောက်လာခဲ့ပြီး သမီးဖြစ်သူအား ဆံပင်ဆွဲ၍ ရိုက်နှက် ထိုးကြိတ်ခဲ့ ခြင်းကြောင့် တက္ကသိုလ် ဆရာများနှင့် လုံခြုံရေးတာဝန်ရှိသူ များမှ ဝင်ရောက်တားမြစ်ခဲ့ရပြီး ရိုက် နှက်ခံရသည့် ကျောင်းသူ၏ အဒေါ်ဆိုသူ ပြောကြားချက်အရ ကျောင်း သူမှာ ဦးခေါင်းနောက်ပိုင်းကွဲ၍ ၄ ချက်ချုပ်ခဲ့ရသည်ဟု သိရသည်။
.
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်စန်းစန်းမာမှ ကျိုင်းတုံမြို့မရဲစခန်းတွင် ကျောင်းသူတစ်ဦးအား ကျောင်း ပရဝုဏ်အတွင်း အကြမ်းဖက်ဆုံးမ ခဲ့သည့် ကျောင်းသားမိဘ ၂ ဦးအား အမှုဖွင့်လှစ် တိုင်ကြားရန် စီစဉ်ခဲ့ သော်လည်း ကျိုင်းတုံမြို့မရဲစခန်း မှူး ဒုတိယရဲမှူး သန်းထွန်းဦးက ရဲအရေးမပိုင် သည့်အမှုဖြစ်သည့်အ တွက် တရားရုံးသို့ ဦးတိုက်လျှောက် ထားတိုင်ကြားရန် လမ်းညွှန်ပေးခဲ့ ကြောင်း သိရသည်။
.
''သူ့သမီးကို ဆုံးမတာဆိုပေမယ့် ကျောင်းဝင်းထဲမှာဖြစ်ပြီး ကျောင်းသား/ကျောင်းသူတွေ၊ ဆရာ/ဆရာမ တွေ၊ ဝန်ထမ်းတွေ အများသွားလာ နေတဲ့နေရာမှာ အမြင်မတော်လောက် အောင် ဆဲဆိုရိုက်နှက် အကြမ်းဖက်တာ မျိုးကိုတော့ လက်မခံပါဘူး။ ဒါ ကြောင့် အကြမ်းဖက်ရိုက်နှက်ဆုံးမ တဲ့မိဘတွေကို ရဲစခန်းမှာအမှုဖွင့်ဖို့ စီစဉ်ခဲ့ ပေမယ့် ရဲစခန်းမှူးက တရားရုံးမှာ ဦးတိုက်လျှောက်ထားတိုင်ကြားပါ ဆိုလို့ တရားရုံးမှာ တိုင်ကြားထားပါ တယ်''ဟု ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်စမ်းစမ်းမာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံမြို့မရဲစခန်း မှူး ဒုတိယရဲမှူး သန်းထွန်းအောင် ကလည်း ''တက္ကသိုလ် ကျောင်းဝင်းထဲ ကို ကျောင်းသား/သူတွေနဲ့ တာဝန် ရှိသူတွေကို ဝင်ခွင့်အသိအမှတ်ပြု ပြီး ဝင်ခွင့်ပေးတာမလုပ်ထားတော့ အရပ်သား တွေ အလွယ်တကူ ဝင်လို့ ရနေပါတယ်။ အခုဖြစ်စဉ်မှာလည်း ကျောင်းတာဝန်ရှိသူတွေအနေနဲ့ တာဝန်ဝတ္တရား နှောင့်ယှက်မှု ပုဒ်မ ၁၈၆ နဲ့ တရားရုံးကိုပဲဦးတိုက် လျှောက် ထားရမှာဖြစ်ပြီး ရဲအရေးမပိုင်ပါဘူး။ ခံရသူ ကာယကံရှင်ကိုယ်တိုင်က အမှုလာဖွင့်မယ်ဆိုရင်တော့ ရဲအရေး ပိုင်တဲ့အမှု ဖြစ်ပါလိမ့်မယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံတက္ကသိုလ်ဝင်းအတွင်း ဖြစ်ပွားခဲ့သည့် ကျောင်းသူတစ်ဦးအား ၄င်း၏မိဘများမှ အကြမ်းဖက်ရိုက်နှက် ဆုံးမခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက် ၍ ကျိုင်းတုံမြို့ရှိ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က တက္ကသိုလ် တွင် အေးချမ်းစွာ ပညာသင်ယူနေ သော ကျောင်းသား/သူများအတွက် မလိုလားအပ်သည့်ဖြစ်စဉ်များ မဖြစ် ပွားစေရန်အတွက် ကျောင်းတာဝန် ရှိသူများနှင့် လုံခြုံရေးတာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်း၍ ကျောင်းနှင့် ကျောင်း ပတ်ဝန်းကျင် တည်ငြိမ်အေးချမ်းစေရေး လုပ်ဆောင်သွားရန်လိုအပ်သည် ဟု အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြောကြားခဲ့သည်ဟု သိရသည်။
.

No comments:

Post a Comment