စာဖတ်ရှိန် မြှင့်တင်ရေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, January 3, 2019

စာဖတ်ရှိန် မြှင့်တင်ရေး



ကျော်ကျော်လင်း
.
.
ကမ္ဘာပေါ်တွင် ရှေးဟောင်းစာကြည့်တိုက်များကို ဘီစီ ၆ဝဝ ခန့်ကပင်ရှိခဲ့သည်ဟု မှတ်တမ်းများအရသိရသည်။ အီဂျစ်နိုင်ငံတော်လ မီဘုရင်မင်းဆက်များ တည်ထောင်ခဲ့သော အလက်ဇန္ဒြီယားစာကြည့်တိုက်မှာ အကြီးဆုံးနှင့် အထင်ရှားဆုံးဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။ မြန်မာနိုင်ငံ၌ ရှေးမြန်မာမင်းများ လက်ထက်ကပင် စာကြည့်တိုက်များ ထွန်းကားသည်။ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တိုင်းနီးပါးတွင် စာကြည့်တိုက်များ တည်ရှိခဲ့ သည်။ မှတ်တမ်းများအရ ပုဂံခေတ်ဘုံငါးဆင့် ပိဋကတ်အုတ်တိုက်တို့မှာ အစောဆုံးစာကြည့် တိုက်ဖြစ်ကြောင်း သိရှိရသည်။ ယင်းတို့နှင့် ခေတ်ပြိုင် သထုံရွှေစာရံဘုရားတံတိုင်းအတွင်း ပိဋကတ္တယစေတီ ဥမင်တွင် ပိဋကတ်သုံးပုံအစုံကို စုဆောင်းထားရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ခေတ်မီစာကြည့်တိုက်ကို ၁၈၈၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အနောက်တိုင်း စာကြည့်တိုက်စနစ်များအတိုင်း ရန်ကုန် မြို့၌ ပထမဆုံး ပြည်သူ့စာကြည့်တိုက်ကို ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။ ၁၉၁ဝ ပြည့်နှစ်သို့ရောက် သည့်အခါ မြန်မာနိုင်ငံ အနှံ့အပြား အမြို့မြို့များတွင် စာကြည့်တိုက်များကို တည်ထောင်နိုင်ခဲ့ သည်။ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်း၊ ကျေးလက် ပြုပြင်ရေးအသင်း၊ လူငယ်များကြီး ပွားရေးအသင်းများ ပေါ်ထွက်လာပြီး ထိုအသင်း များ၏ ကြိုးပမ်းဆောင်ရွက် မှုကြောင့် လူထုစာ ကြည့်တိုက်များ၊ ကျေးရွာစာကြည့်တိုက်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာသည်။ ရှမ်းပြည်တွင် အစောဆုံးပေါ်ထွက်လာသည့် စာကြည့် အသင်းနှင့် စာကြည့်တိုက်မှာ အလင်းရောင် စာကြည့်တိုက်ဖြစ်သည်။ ထိုအသင်းကို စတင် ထူထောင်သူများစာရင်းတွင် ဦးတင်အေး(ပင်လုံ စာချုပ်အဖွဲ့ဝင်)လည်း တစ်ဦးအပါအဝင်ဖြစ် သည်။ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် နိုင်ငံ တော်ကို တည်ဆောက်ခဲ့သူများ၊ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သူများ၊ ကုလသမဂ္ဂအတွင်းရေးမှူး တာဝန်ကို ယူခဲ့သူ ဦးသန့်ကဲ့သို့သော ပုဂ္ဂိုလ် များအားလုံးသည် စာဖတ်ခဲ့သူများသာဖြစ် သည်။
.
လူတိုင်းအတွက် လိုအပ်ချက်ဖြစ်သော တစ်သက်တာ သင်ယူမှုဆိုင်ရာ အထောက်အကူပြုနိုင်သည့် နေရာဌာနမှာ စာကြည့်တိုက်များပင်ဖြစ်သည်။ စာကြည့်တိုက်ဆိုသည်မှာ ကြည့် ရှုလေ့လာရန်၊ ငှားရမ်းရန်စာအုပ်များကို သိမ်း ဆည်းထားရာ အဆောက်အအုံဟု မြန်မာအဘိ ဓာန်တွင် ဖွင့်ဆိုထားသည်။ စာကြည့်တိုက်များ ၏ မူလသဘောထား မှာ စာကိုဖတ်ရှုလေ့လာ ရန်အတွက်ဖြစ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် စာအုပ်အမျိုးအစား မည်မျှပင်စုံလင်ပါစေ ဖတ်ရှုလေ့လာသူ၊ ငှားရမ်းသူ မရှိပါက စာဖတ်သူမရှိပါလျှင် စာအုပ်များ သိမ်းဆည်း ထားသည့် စာအုပ်ဂိုဒေါင်တစ်ခု ထက် ဘာမှမပိုပါ။ ထိုပုံစံများကို ကျောင်းစာကြည့်တိုက်နှင့် ရပ်ကွက်စာကြည့်တိုက်များတွင် မကြာခဏ တွေ့ရလေ့ ရှိသည်။ လူတိုင်းအတွက် ပညာသင်ကြားရေးကို အထောက်အပံ့ပြုနိုင်၊ လာရောက် ဖတ်ရှုလေ့လာသူများကို ခွဲခြားဆက်ဆံမှုမရှိဘဲ အပြည့်အဝ ဝန်ဆောင်မှုပေးနိုင်သောကြောင့် စာဖတ်ခြင်းသည် မရှိမဖြစ် လိုအပ်ပါသည်။ စာကြည့်တိုက်များတွင် ပညာရှာခြင်းသည် စရိတ်စကနှင့် အချိန်ကို များစွာသက်သာစေပြီး လွယ်လင့်တကူ လက်လှမ်းမီရှိသည့်အတွက် စာကြည့်တိုက်များကို ဘဝတက္ကသိုလ်ဟုပင် တင်စားခေါ်ဆိုခြင်းများ ရှိလာကြသည်။ ထို့ အပြင် မည်သည့် စာကြည့်တိုက်မျိုးကို မဆို အကောင်းဆုံး မိတ်ဆွေစစ်၊ မိတ်ဆွေမှန်များ စုစည်းထားသကဲ့သို့ ဖြစ်နေခြင်းကြောင့် စာ ကြည့်တိုက်ကို ထိရောက်စွာ အသုံးချလိုက် သည့်အခါ မိမိနှစ်သက်ရာ မိတ်ဆွေကောင်းကို သာ ရွေးချယ်မိတ်ဖွဲ့ပေါင်းသင်းသကဲ့သို့ ဖြစ် နေပါသည်။ စာအုပ်စာပေ လူ့မိတ်ဆွေများ ကြောင့် မိမိတွင်လည်း များစွာအကျိုးရှိလာပါ သည်။ စာဖတ်ခြင်းကြောင့် အကြားအမြင်နှင့် ဗဟုသုတများလာခြင်း၊ ဗလငါးတန်ဖွံ့ဖြိုးခြင်း၊ ဆင်ခြင်သုံးသပ်ဆုံးဖြတ်နိုင်စွမ်း မြင့်တက်လာ ခြင်း၊ အကောင်းအဆိုးကို နားလည်ခြင်းများနှင့် ပြည့်စုံသဖြင့် လူ့စွမ်းလူ့စ တိုးတက်ကာ ဘဝ၏ အောင်မြင်မှုများကို မလွတ်တမ်း ရယူနိုင်ပေ လိမ့်မည်။
.
ယနေ့တွင် ကမ္ဘာအရပ်ရပ်၌ ထင်ရှားကျော် ကြားသည့် စာကြည့်တိုက်များအနက် အနည်း ငယ် ဖော်ပြရသော လန်ဒန်ဗြိတိသျှပြတိုက်ကြီးရှိ စာကြည့်တိုက်၊ အောက်စဖို့စ်တက္ကသိုလ် ဘော့ဒလီယန်စာကြည့်တိုက်၊ ထရီနီတီကော လိပ်ကျောင်း စာကြည့်တိုက်၊ ကိန်းဘရစ်(ခ်ျ) တက္ကသိုလ်စာကြည့်တိုက်၊ ပြင်သစ်ပါရီမြို့ရှိ နိုင်ငံတော် စာကြည့်တိုက်၊ ဗာတီကန်စာကြည့်တိုက်၊ ဝါရှင်တန်ကွန်ကရက် စာကြည့်တိုက် လိနင်ဂရက် ရုရှားနိုင်ငံတော် စာကြည့်တိုက်များ ဖြစ်သည်။ မြန်မာပြည်တွင် ထင်ရှားသည့် ဘာ နတ်ပိဋကတ်တိုက်ကို နိုင်ငံတော် စာကြည့် တိုက်အဖြစ် ပြောင်းလဲ ကာ ၁၉၅၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ ''စာဖတ်သူများ စာဖတ်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး''ဆိုသည့်ဆောင် ပုဒ်နှင့်အညီ စာတတ်သူတိုင်း စာဖတ်ရေးလှုပ် ရှားမှုအခမ်းအနားကို ကျင်းပခဲ့သည်။ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ ၌ ကျင်းပသည့် အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်တက်ရောက်ပြီး အဖွင့်စကားကိုပြောကြား ခဲ့သည်။ ထိုအခမ်းအနားတွင် ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ စကားများအနက် မှတ်သားမိသည့်စကားများအချို့မှာ ''မိမိအနေ နှင့် စာဖတ်သည့် အလေ့အထရှိကြောင်း၊ စာဖတ်ခြင်းအကျိုးကို စဉ်းစားမိကြောင်း၊ နိုင်ငံတစ်ဝန်းမှ စာရေးဆရာ၊ ဆရာမများနှင့်ထမင်း လက်ဆုံစားခဲ့ကြောင်း၊ ထမင်းစားပွဲမတက်မီ ကပင် မိမိစဉ်းစားခဲ့ကြောင်း၊ ဘာကြောင့်စာ ရေးရသည်ကို တွေးမိကြောင်း၊ မိမိအနေနှင့် အကြောင်း ၂ ခုကိုသာ တွေးမိသည်။ စာရေး သည်ဆိုရာတွင် မိမိ၏ အတွေ့အကြုံ များကို မျှဝေလိုခြင်းနှင့် မိမိ၏အတွေးအခေါ်များကို လူတစ်ဖက်သားကို လွှမ်းမိုးလိုခြင်း စသည့်အချက် နှစ်ခုသာ တွေ့ရကြောင်း၊ ဤအချက် ၂ ခုကိုသာ အခြေခံသည်ကို ဆွေးနွေးခဲ့သည့် စာရေး ဆရာမများ၊ ဆရာများကလည်း ဤအချက်ကို သဘောတူခဲ့သည်ဟု ဆိုပါသည်။ ရသစာပေ နှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးသွား သည်။ စာဖတ်ခြင်း၏ အလေ့အကျင့်များ အ ကြောင်းလည်း အဓိကထားသည်။ စာဖတ်နှုန်း၊ စာအုပ်ကို မြတ်နိုးမှုများ တစ်ယောက်နှင့်တစ် ယောက် မတူခြင်းကိုလည်း ရှင်းပြသွားသည်။ စာဖတ်ခြင်းကြောင့် မိမိ၏ ပတ်ဝန်းကျင်ကျယ် ပြန့်လာကြောင်းကိုလည်း ရှင်းပြခဲ့သည်။ ရသ စာပေတစ်ခုသည် ယဉ်ကျေးမှုအမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး အကြောင်းကို သိရှိလာနိုင်သည်ဟု ဆိုခဲ့သည်။ လူများ၏အတွေးအခေါ် များ၊ နှလုံးသားများကို ရသစာပေက နားလည်စေနိုင်သည်ဟုလည်း ဆိုပါသည်။ ဒေါ်အောင် ဆန်းစုကြည်၏ မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည်။
.
စာဖတ်ခြင်းနှင့် ပတ်သက်၍ လူတော်တော် များများသည် အကျိုးရှိသည့် စာအုပ်ကောင်း များကိုသာ ဖတ်သင့်သည် ဟု ဆိုသည်။ သို့သော် ကောင်းမကောင်းကို ဖတ်ကြည့်မှသာသိ နိုင်သည်။ စာများများဖတ်မှသာ ကောင်းသည့် စာ၊ မကောင်းသည့်စာ၊ တန်ဖိုးရှိသည့်စာများကို ရွေးချယ်နိုင်ပေမည်။ ဆိုလိုရင်းမှာ ကိုယ်တိုင်က များများဖတ်ထားသည့် အလေ့အကျင့်အခံလည်း ရှိမှသာ စာအုပ်ကောင်းများကို အ လွယ်တကူ ရွေးချယ်နိုင်ပေမည်။ အကောင်းဆုံးမှာ စာရေးဆရာကြီးများက ဝေဖန်ချက်၊ သုံးသပ်ချက်များ ရေးသည်ကို ဖတ်ထားရန်လိုပါ သည်။ ဤနေရာတွင် စာအုပ်ဝေဖန်သူများ၏ သမာသမတ်ကျသော ရေးသားချက်များကို ရွေးချယ်ဖတ်ရှုမိခြင်းက အရေးကြီးသည်။ ထို စာအုပ်ဝေဖန်ချက်များကိုလည်း များများဖတ်ရှု သည့် အလေ့အထ ရလာပါက အလွယ်တကူ ခွဲခြားနိုင်ပါလိမ့်မည်။ အဓိကအရေးကြီးသည်မှာ စာဖတ်သည့် အလေ့အထများစွာ ရှိရန်သာဖြစ် သည်။
.
စာဖတ်ခြင်းအလေ့အထ စွဲမြဲစွာရှိရန်မှာ မိမိတို့၏ ပတ်ဝန်းကျင်တွင် ဖတ်စရာစာအုပ် စာတမ်းများ အလွယ်တကူ ရရှိရန်မှာ အရေးကြီးပါသည်။ ဤသို့ဖတ်စရာစာတမ်းကိစ္စကို အနီးဝန်းကျင်ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် စာကြည့်တိုက်များက အလွယ်တကူဖြေရှင်းပေးနိုင်သည်ဟု ဆိုနိုင်သည်။ သို့သော် စာအုပ်များ၏ အဓိကအချက်မှာ အတွေးအခေါ်ဖြစ်သည်ကို မမေ့သင့်ပါ။ အချို့သော စာကြည့်တိုက်များ သည် စာဖတ်ဝိုင်းများ ဦးဆောင်ပြီး ကျင်းပ ပေးလေ့ရှိသည်။ မိမိတို့ ဖတ်ထားသည့် စာများကို သုံးသပ်နိုင်ရန်၊ ဆွေးနွေးတတ်ရန်၊ အမြင်မတူ သည်များကို ယဉ်ယဉ်ကျေးကျေးနှင့် ဆွေးနွေး တတ်လာစေရန် ရည်ရွယ်ပြီး စာဖတ်ဝိုင်းများကို ကျင်းပပေးလေ့ရှိသည်။ အလွန်ကောင်းသည့် စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက်တာဝန် ခံများဖြစ်သည်။ အချို့သော စာကြည့်တိုက် များသည် ဘယ်သူမှ မလိုချင်သည့် စာအုပ် အဟောင်းကြီးများ၊ မဂ္ဂဇင်းအစုတ်များ၊ ကျောင်းစာအုပ်အနွမ်းများ၊ အိမ်တွင်ထားပါက နေရာယူသည်ဟု ယူဆထားသည့် စာအုပ်အ ဟောင်းများ ဘယ်သူမှ ကိုင်တွယ်မကြည့်လို သည့်စာအုပ်များ၊ ရုပ်ပြကာတွန်းစာအုပ်အစုတ် အပြတ်များသာ အများစုဖြစ်နေသည်ကို တွေ့ ရပါသည်။ ထိုစာအုပ်များအတွက် စာကြည့် တိုက်သည် စာဖတ်ချင်စိတ်ဖြစ်လာအောင် မလှုံ့ဆော်နိုင်ပါ။ ကလေးများ ဖတ်ချင်သည့် စာအုပ်များမှာ အရောင်အသွေးစုံစုံလင်လင် တောက်တောက်ပပနှင့် စာအုပ်ကလေးသည် ဖွင့်ကြည့်ချင်စရာကောင်းနေသည့် စာအုပ်များ သာဖြစ်နေသည်။ ကလေးဘဝကပင် စာအုပ် များကို ချစ်ခင်စိတ် ပေါ်လာရန် လုပ်ဆောင်ရန် လိုပါသည်။
.
စာအုပ်တစ်အုပ်ကို ကောင်းကောင်းမွန်မွန်နှင့် ရိုရိုသေသေသိမ်းဆည်းချင်စရာကောင်း အောင်ထားမည်ဆိုပါက တစ်သက်တာ ကာလလောက် သိမ်းဆည်းနိုင်ပါသည်။ ကိုယ်တိုင် ဖတ်ရှုရန် အချိန်မပေးနိုင်သော်လည်း မိမိနှင့်   ဘေးပတ်ဝန်းကျင်မှ လူများအား ငှားရမ်းပေး ဖတ်ခြင်းဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးကို များစွာ အထောက်အကူပြုနိုင် ပါသည်။ တစ်ခါတစ်ရံ ကိုယ်မလိုချင်သည့်စာအုပ်များကို အိမ်ရှင်းသည့်အနေဖြင့် စာကြည့်တိုက်များသို့ ပေးလှူ တတ်ကြသည်ကို တွေ့ဖူးသည်။ ထိုအလှူရှင်များ ငယ်စဉ်က သင်ကြားဖူးသည့် မက်ထရစ်တန်း ဖတ်စာအုပ်များ၊ ကျောင်းသုံးပြဌာန်းစာ အုပ်များကို ပလပ်စတစ်အိတ်ဖြင့် ချည်ထုတ်ပြီး အစည်းလိုက် လာလှူခြင်းကိုလည်း ကြုံခဲ့ ဖူးသည်။ စာကြည့်တိုက်တာဝန်ခံခမြာ လက်ခံရအခက် ငြင်းပယ်ရန်အခက်ဖြစ်တော့သည်။ ထိုအလှူရှင်၏ စေတနာကို စော်ကားရာရောက် တော့မည်။ ထိုစာအုပ်များသည် စာဖတ်သူများ စိတ်မဝင်စားသည့် အထက်တန်း စာမေးပွဲအထူး ထုတ်များ၊ မေးခွန်းပေါင်းချုပ်များ အပါအဝင် ကျောင်းသင်ခန်းစာများ ဖြစ်ကြသည်။ ထိုစာအုပ် အလှူများသည် စာဖတ်လိုသည့် ပုဂ္ဂိုလ်များနှင့် ဘာမှမပတ်သက်၊ မသက်ဆိုင်တော့သည့် စာအုပ်များ ဖြစ်နေရသည့်အထဲ အလှူ ရှင်ကိုယ်တိုင်က အိမ်ရှင်းသည့်အနေဖြင့် ပေးပို့သည့်အလှူဖြစ်နေခြင်းကြောင့် ထိုအလှူမျိုးကား သာဓုခေါ်ထိုက်၊ မထိုက် စဉ်းစားရန်လိုပါသည်။
.
စာပေကို မြတ်နိုးသည့် အရင်းခံစိတ်ထားများဖြင့် စာကြည့်တိုက်များ တည်ထောင်ခဲ့ရာ စာကြည့်တိုက်ပေါင်း ငါးသောင်းကျော် ကိုယ့်အားကိုယ်ကိုး တည်ထောင်နိုင်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။ အဆိုပါ စာကြည့် တိုက်များအနက် အချို့မှာ ထိန်းသိမ်းမှုအား နည်းသဖြင့် ရေရှည်ရပ်တည်မှု မရှိခဲ့ရသည်။ စာကြည့်တိုက် တစ်ခုသည် စံချိန်မီဖြစ်ရန်အတွက် စံငါးရပ်နှင့် ပြည့်စုံနေရန် လိုအပ်ပါသည်။ စာကြည့်တိုက်တစ်ခု ပျက်သုဉ်း သွားခြင်းမှာ ထိုစံတစ်ရပ်ရပ်အားနည်းခြင်း သို့မဟုတ် ချွတ်ယွင်းချက်ကြောင့် ဖြစ်သည်ဟုဆိုပါသည်။ စာကြည့်တိုက် အဆောက်အအုံနှင့် ပရိဘောဂ များ မပြည့်စုံခြင်း၊ စာအုပ်များနှင့် စာနယ်ဇင်း မျိုးစုံ မစုံလင်ခြင်း သို့မဟုတ် အနည်းငယ်မျှသာရှိခြင်း၊ ရန်ပုံငွေလုံလောက်စွာမရှိခြင်း၊ စာကြည့်တိုက် ကော်မတီနှင့် စာကြည့်တိုက်မှူး မရှိခြင်း၊ စာဖတ်သူများ တိုးပွားလာခြင်းမရှိ သည်တို့ ဖြစ်ပါသည်။ အဆိုပါ စံငါးရပ်မှ အားနည်းလာသည့်အချက်ကို မူတည်လျက် ပြန်လည်ပြုပြင်မည်ဆိုပါက ကျေးလက်စာကြည့်တိုက်များ ပြန်လည်ရှင်သန်လာပေမည်။ ကျောင်းသား လူငယ်များအား စဉ်းစားတွေးခေါ် တတ်သည့်အလေ့အထကို ပြုစုပျိုးထောင်ပေး ပြီး စာကြည့်တိုက်များကို အကျိုးရှိစွာ အသုံး ချခြင်းဖြင့် အရည်အသွေးများ ပို၍ တောက်ပြောင်လာပေမည်။
.
မည်သူမဆို ဘဝမီးရှူးရောင်များ ထွန်းလင်းလာရေးအတွက် စာဖတ်သည့်အလေ့အထကို မွေးမြူသင့်ပါသည်။ ကလေးဘဝမှ စာသင်သားအရွယ်တိုင်သည့်အချိန်တွင် စာဖတ်ခြင်း အလေ့အထကို စွဲမြဲအောင် လူကြီးမိဘ များက ဂရုတစိုက် ပျိုးထောင်သင့်ပါသည်။ အရွယ်ရောက်သည့်ကာလများ အရွယ်ရောက်ပြီး သူများအထိ စာပေလေ့လာ ဖတ်ရှုခြင်း အလေ့အထစွဲမြဲနေပါက ''စာတတ်သူတိုင်း စာဖတ် ရေးလှုပ်ရှားမှု''သည် ဘဝမှပေးသောလက် ဆောင်အဖြစ် ရှိနေမည်မှာ အသေအချာပင် ဖြစ်သည်။ ။
.