မေ့နေပါသလား နှစ်ထောင်တော့ ဆောင်သွားပါ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, January 2, 2019

မေ့နေပါသလား နှစ်ထောင်တော့ ဆောင်သွားပါ



အောင်ဆန်းဝင်း
.
.
အထက်နဲ့အောက် ချိတ်ဆက်မှုအားနည်း ချက်ကြောင့် အလုပ်လုပ်တဲ့ နေရာမှာ နှောင့် နှေးကြန့်ကြာမှုဖြစ်ရတယ်လို့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ဖူးပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ နိုင်ငံတစ်ခုအတွက် ဒီလို အားနည်းချက်ရှိနေခြင်းဟာ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုလို့ ဆိုရမှာပါ။ လက်ရှိ မြန် မာနိုင်ငံရဲ့ အနေအထားက အသက်ငွေ့ငွေ့ကျန်တဲ့ သေခါနီး လူမမာ တစ်ယောက်ကို ကျားကန် အသက်ဆက် ပေးထားရတဲ့ ဥပမာနဲ့တူနေ ပါတယ်။ ဒဏ်ရာဒဏ်ချက်မျိုးစုံကို ဆေးမြီးတိုနဲ့ ကုလို့ရတဲ့နေရာကု၊ ဒဏ်ကျေလိမ်းဆေး ပွတ်တဲ့နေရာပွတ်ထားရ။ အကိုက်အခဲပျောက် ဆေးသောက်တန်တာသောက်။ မြေပုံတစ်ချပ်လုံးအတွက် နောက်ဆုံးလက်ကျန် ထွက်သက် ထိန်းနိုင်အောင် မသေဆေးထိုးထားရတဲ့အတိုင်း၊ နေ့လား ညလား လွန်မြောက်အောင်မ နည်းကြိုးစားရုန်းကန် နေရတာဖြစ်ပါတယ်။
.
ဒီလိုအခြေအနေမှာ ချိတ်ဆက်ဆောင်ရွက်မှု အားနည်းချက်ကြောင့် လုပ်ငန်းနှောင့်နှေး ကြန့်ကြာတယ်ဆိုတာမျိုး ရှိကိုမရှိသင့်ပါဘူး။ အထက်က ခိုင်မာတိကျပြတ်သားတဲ့ လမ်း ညွှန်မှုလုပ်ရမယ်။ အောက်ခြေကလည်း လမ်းညွှန် ချက်တွေကို လက်တွေ့ကျကျအကောင်အ ထည်ပေါ်အောင် ဆောင်ရွက်နိုင်ရပါလိမ့်မယ်။  တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတဲ့ စကားရပ်နဲ့အညီ တာဝန်မဲ့မှုတွေ ရှိလာရင် ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ပါတယ်။ လမ်းညွှန်ချက် ထုတ်တဲ့ လူကထုတ်ပြီးပြီးရော သဘောထား၊ အောက်ခြေကလည်း ရောက်လာသမျှကို အရင်လို ပိုနေမြဲ ကျားနေမြဲ စိတ်ဓာတ်တွေနဲ့ဆိုရင်တော့ လုပ်သမျှအားလုံး အဟောသိကံဖြစ် နေဦးမှာပါ။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့စကားက အစိုးရတစ်ရပ်တည်းနဲ့ သက်ဆိုင်တဲ့စကား မ ဟုတ်ပါဘူး။ အစိုးရလက်အောက်က ဝန်ထမ်း ယန္တရားတစ်ခုလုံးနဲ့ အကျုံးဝင်ပါတယ်။
.
သက်ဆိုင်ရာအင်္ဂါစဉ်အလိုက် တစ်စိတ် တစ်ဝမ်းတည်း ညီညွတ်မှ နိုင်ငံတိုးတက်ရေး ဆောင်ရွက်တဲ့နေရာမှာ အလျှင်အမြန် ခရီးပေါက် မှာဖြစ်ပါတယ်။ ခက်တာက မြန်မာနိုင်ငံသား တွေရဲ့ အရိုးစွဲတတ်တဲ့စိတ်ဓာတ်၊ အပြောင်း အလဲတစ်ခုလုပ်တော့မယ်ဆိုရင် တော်တော်ကြီး တွေဝေတတ်ကြပါတယ်။ အနာခံပြီးမှ အသာစံရမယ့် အပြောင်းအလဲမျိုးဆို ပိုလို့တောင် နောက်တွန့်တတ်ကြပါတယ်။ ဒါဟာ ဘာကိုပြလည်းဆိုတော့ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ တစ်ဦးတစ်ယောက်ကောင်းစားရေး စိတ်ဓာတ်ကို ပြသရာရောက်ပါတယ်။ အ ရင်တုန်းက ဒါမျိုးလုပ်လာတဲ့အတွက် မြိုးမြိုး မြတ်မြတ် အိတ်ထောင်ထဲထည့်လို့ရတယ်။ အပြောင်းအလဲလုပ်လိုက်မှ ငါစားတဲ့ထမင်းလုတ် ကြီးလျော့ကျသွားမလား၊ တိတိကျကျတိုင်မယ့် လူမရှိရင် ပူပန်စရာမလိုဘူးဆိုတာတွေ အောက်ခြေမှာ ခုထိ မိုးကောင်းနေတုန်းပါ။
.
ဒီလိုအခြေအနေကို ထိထိရောက်ရောက် မက်မက်စက်စက် ခံစားရတာက အောက်ခြေ ပြည်သူ၊ ဟိုနေရာသွား လည်းကြောက်နေရတုန်း ဒီနေရာသွားလည်း စောင့်နေရတုန်း၊ ကြောက်စရာမလို စောင့်စရာမလိုအောင် ပုဒ်မလေး ပေးမှလုပ်။ အခြေအနေကောင်းဖို့ ရေလောင်းစို့ဆိုတာ ပြည်သူတွေလုပ်နေကြရတုန်းပါ။ လုပ်သင့် လုပ်ထိုက်တာ မလုပ်ဘဲ မလိုအပ်တာကို ကြန့် ကြာအောင် လုပ်တာဟာ အလွန်အင်မတန် အောက်တန်းကျတဲ့ လုပ်ရပ်တစ်ခုပါ။ မြန်မာ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို ကြည့်မယ်ဆိုရင် လိုက်ပါကြိုဆိုတဲ့ ယန္တရားစုတွေရှိသလို၊ မလုပ်မရှုပ်မပြုတ် အရင်လို ငုတ်တုတ်မေ့ချင် ယောင်ဆောင်တဲ့ လူတွေလည်း ရှိနေပါသေး တယ်။ ပြည်သူ့ဝန်ထမ်းဖြစ်ရမယ့်လူတွေက ပြည်သူ့အဆိပ်ပန်းဖြစ်နေတာ ကောင်းတဲ့ လက္ခဏာရပ် မဟုတ်ပါဘူး။ အချိန်မီလိုက်ပါ ပြောင်းလဲဖို့ လိုအပ်တာအမှန်ပါ။
.
မညီမျှတဲ့ ချိန်ခွင်လျှာကို ညီမျှအောင်ညှိ ဖို့က သက်ဆိုင်ရာ အစိုးရမှာ တာဝန်အရှိဆုံးပါ။ မလိုအပ်တဲ့ အမှုန်အမွှား တွေ တွယ်ကပ်နေရင် လှည်းတန်လှည်း ရှင်းတန်ရှင်းဖို့ လိုအပ်ပါတယ်။ ဖုန်စုပ်စက်နဲ့စုပ်သင့်ရင် စုပ်ထုတ်ရပါ မယ်။ ဂျွတ်တက်နေရင် စက်ရွေပေါ် အသုံးပြု လို့ရပါတယ်။ သိသိကြီးနဲ့ လက်ပိုက်ကြည့်လို့ ကတော့ အပြောင်းအလဲ ကြားမှာ ဗလောင်းဗလဲများနေဦးမှာ ဖြစ်ပါတယ်။ လက်ရှိအစိုးရ လက်အောက်မှာ လည်ပတ်နေတဲ့ ဝန်ထမ်း ယန္တရား တစ်ခုလုံးနီးပါးက အစိုးရဟောင်းလက် ထက်က ကူးပြောင်းလာတဲ့ လူတွေချည်းပါ။ အမှန်တကယ် လူပြောင်း မူပြောင်းတာ ထိပ်ပိုင်း အဖျားနားလောက်ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပြောင်းလဲမှုကို လက်သင့်မခံနိုင်တဲ့လူတွေ၊ လက်သင့်ခံဖို့ ဝန်လေးတဲ့လူတွေကြောင့် အထက်နဲ့ အောက် ချိတ်ဆက်မှုအားနည်းတယ်လို့ ကောက်ချက်ချလို့ ရနိုင်ပါတယ်။
.
စလောင်းရွဲ့နဲ့ အိုးပဲ့နှုတ်ခမ်းနားခြင်းမီးမှုတ်တဲ့ အကြောင်းလေးတစ်ခု ဖောက်သည်ချချင်ပါ သေးတယ်။ ကျန်ခဲ့တဲ့နှစ် ဒီဇင်ဘာလလယ် လောက်က ရက်လွန်မီတာ ဖြတ်ပိုင်းလေးကိုင်ပြီး ဓာတ်အားခပေးဆောင်ဖို့ လျှပ်စစ်မီတာရုံးကို သွား ပါတယ်။ ရက်လွန်တဲ့အကြောင်းရင်းက ကိုယ်ကိုယ်တိုင်အမှုမဲ့ အမှတ်မဲ့ကြောင့်လို့ ဆိုရမှာပေါ့။ ပုံမှန် ဓာတ်အားခ ပေးဆောင်နေကျက လကုန်ပိုင်းနား ၂၃ ရက်နေ့၊ ၂ဝ ရက်နေ့ သတိရလို့ မီတာဖြတ်ပိုင်းလေး ကောက်ကြည့်တော့ ဆောင်ရမယ့်ရက်က ၁၇ ရက်နေ့ ဖြစ်နေပါ တယ်။ ခေါင်းထဲ ချက်ချင်းရောက်လာတဲ့အတွေး က မြန်မာကျပ်ငွေ နှစ်ထောင်တိတိ အိတ်ထောင်ထဲက အပိုထွက်တော့ ဆိုတာပါ။ ဘယ် လိုအကြောင်းကြောင့် ဆောင်ရမယ့်ရက်ပြောင်း ထားတယ်ဆိုတာ မပြောတတ်ပါဘူး။ တစ်နေ့ လုပ်တစ်နေ့စား စာပေသမားလက်ထဲက ကျပ် ငွေနှစ်ထောင်စုံလုံးကန်းဖို့ သေချာသလောက်။
.
ရုံးရောက်တာနဲ့ ကျသင့်ဓာတ်အားခနဲ့အတူ သူတို့ပြောပြောနေတဲ့ ရက်လွန်ဒဏ်ကြေးနှစ် ထောင်ကို တစ်ပေါင်း တစ်စည်းတည်း အလိုက်တသိ ကောင်တာပေါ် တင်လိုက်ပါတယ်။ ကိုယ်လိုသူလို အခြေခံလူတန်းစားအတွက် ငွေ နှစ်ထောင်ဆိုတာ တစ်နပ်စာ ကောင်းကောင်း ရနိုင်တော့ နှမြောမိတာအမှန်ပါ။ ဒါပေမဲ့ မတတ်နိုင်ပါဘူး။ သတ်မှတ်ချက်ကြီးလိုဖြစ်နေတဲ့အတွက် ပေးလိုက်ရတာပါပဲ။ အဲဒီအချိန်မှာ ဘေးနားက တစ်ယောက်ကို မီတာ ဖြတ်ပိုင်းတွေ ရက်လွန်တဲ့အတွက် ဒဏ်ကြေးဆောင်ရမယ်လို့ ပြောပါတယ်။ အဲဒီတစ်ယောက်လာဆောင်တာ က မီတာဖြတ်ပိုင်းသုံးစောင်၊ အားလုံးပေါင်း မြန်မာငွေ ခြောက်ထောင်ကျပ်တိတိ ရက်လွန် ဒဏ်ကြေးပေးလိုက်ရ ပါတယ်။ နှစ်ထောင်ပေး ရတဲ့ ကိုယ်တောင် နှမြောသေးရင် ခြောက်ထောင်သမားအတွက် ဆိုဖွယ်ရာမရှိပါဘူး။ ဒါ ပေမဲ့ ရက်ရက်ရောရော ပေးလိုက်ရပါတယ်။
.
ရှမ်းပြည်နယ်ကိုယ်စားပြု အပတ်စဉ်ထုတ် ဝေနေတဲ့ ကမ္ဘောဇတိုင်းသတင်းဂျာနယ်၊ အတွဲ ၄၊ အမှတ် ၃ဝ က သတင်းထောက် ရဲရင့်ဇွဲ ရေးသားထားတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါ တယ်။ လျှပ်စစ်မီတာဖြတ်ပိုင်း ရက်လွန်ဒဏ် ကြေးနဲ့ ပတ်သက်တဲ့အကြောင်းအရာ ရေးသား ထားတဲ့သတင်းပါ။ အဲဒီသတင်းထဲမှာ တောင် ကြီးခရိုင်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း က ခရိုင်အင်ဂျင်နီယာ ဦးသိန်းဝင်းက အခုလို ဆိုထားပါတယ်။ ''ကျွန်တော်တို့ လျှပ်စစ်ရုံးအ နေနဲ့ အရင်တည်းက လျှပ်စစ်ဓာတ်အားခအ တွက် ရက်လွန်ကြေးကောက်ခံခြင်း မရှိပါဘူး။ မီးစက်ခ ကောက်ခံတာဖြစ်ပါတယ်။ သတ်မှတ် ထားတဲ့ နောက်ဆုံးရက် လာမသွင်းရင် တစ်လ ကို မီးစက်ခ ၂ဝဝဝ၊ နှစ်လဆိုရင် ၃ဝဝဝ၊ သုံးလအတွက် ၄ဝဝဝ ဖြစ်ပါတယ်။ ၄ လကျော် သွားရင် အဲဒီမီတာစက်ကို ယာယီသိမ်းပါတယ်။ ကျသင့်ငွေလာသွင်းမှ မီတာစက်ပြန်ပေးတယ်။ ဒါကို ပြည်သူတွေက နားလည်မှုလွဲနေတယ် လို့''ပြောထားပါတယ်။
.
သူ ပြောကြားချက်ထဲမှာ ရက်လွန်ကြေး ကောက်ခံခြင်းမရှိဘူးလို့ အတိအလင်း ပါနေပါ တယ်။ လအပိုင်းအခြားလိုက် ကျော်လွန်မှသာ ၂ဝဝဝ/၃ဝဝဝ နှုန်း မီးဆက်ခအနေနဲ့ ကောက်ခံ တယ်လို့ ပြောပါတယ်။ ဒါဆိုရင် အကြောင်းအ မျိုးမျိုးကြောင့် တစ်ရက်တန်သည်၊ နှစ်ရက်တန် သည် လွန်တဲ့ မီတာဖြတ်ပိုင်းတွေကို နှစ်ထောင် နှုန်း မပျက်မကွက် ကောက်နေတာ လုပ်စားလို့ ရလို့ လုပ်တာလား၊ ဒါမှမဟုတ် အထက်နဲ့ အောက် ချိတ်ဆက်မှု အားနည်းတာလား ဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေပါတယ်။ လျှပ်စစ် နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လည်း လျှပ်စစ်ဓာတ်အားခ ရက်လွန်ကြေး မကောက်ခံဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးရုံး တွေကို ညွှန်ကြားထားတဲ့အကြောင်း သတင်းထဲမှာ ရေးသားထားပါ သေးတယ်။ ဝန်ကြီးစကားဘေးခေါက်ထားကြ လားတော့ မပြောတတ်။
.
တိုင်းပြည်အတွက် အလုပ်လုပ်တဲ့ နေရာမှာ အထက်နဲ့အောက် ချိတ်ဆက်မှုအားနည်းရင် အထက်ကတစ်မျိုး အောက်ကတစ်မျိုးဖြစ် နေရင် အဓိက နစ်နာတာ အောက်ခြေပြည်သူ လူထုပါ။ အထက်ရောက်နေတဲ့လူတွေ ကလည်း အောက်ခြေကို အလျင်းသင့်သလို စေ့စေ့စပ်စပ် ကြည့်ဖို့ လိုအပ်သလို၊ အောက်ခြေကလည်း အထက်ညွှန်ကြားချက်ကို တိတိကျကျလိုက်နာဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပါး စပ်က ဘယ်လောက်ကြွေးကြော်ပါစေ လက်တွေ့ကျတဲ့ အောင်မြင်မှု မရနိုင်ပါဘူး။ အချိန်ကုန်လည်ချောင်းနာတာ အဖတ်တင်ပါလိမ့်မယ်။ နိုင်ငံတစ်ခုလုံးမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ ချိန်ထိုးကြည့်ရင် အခုတင်ပြတဲ့ အကြောင်းအရာက အသေးအမွှားကိစ္စရပ်လေးပါ။ ကြီးလေချဉ်လေသံပရာမျိုး မဖြစ်ရအောင် အ သေးအမွှားကစပြီး အလေးထားပြင်ဖို့ လိုအပ်ကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။
.