အဝေရာကွင်းပြင်မှာ မြန်မာလိုသာ ချစ်ခင်ပါ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, January 31, 2019

အဝေရာကွင်းပြင်မှာ မြန်မာလိုသာ ချစ်ခင်ပါ


အောင်ဆန်းဝင်း

လူငယ်တွေနဲ့ ပေါင်းသင်းသွားလာရင်း လွတ်လပ်ပွင့်လင်းတဲ့ ခေတ်လူငယ်သဘာဝကို လေ့လာခွင့် ရတယ်။ ၂၁ ရာစု ခေတ်လူငယ်တွေဆိုတော့ အရာရာ အတိတ်ကာလနဲ့ လုံးဝ ဆန့်ကျင်ဘက်။ ၀တ်စားဆင်ယင်မှု ကွဲပြားတယ်။ နေထိုင်ပြောဆိုပုံ ဆန်းပြားတယ်။ ပေါင်းသင်း ဆက်ဆံရေး ကိစ္စရပ်တွေမှာ အတော်ကြီး ခြားနားသွားတယ်။ ပြောစရာရှိရင် နှုတ်မတွန့်ဘူး။ လုပ်စရာ ရှိရင် ၀န်မလေးဘူး။ သွားစရာလိုရင် ခြေမြန် လက်မြန် သွားကြတယ်။ ခေတ်ကာလကိုက ၂၁ ရာစု နည်းပညာမြင့် ဒုံးပျံခေတ်လို့ ဆိုကြတယ် မဟုတ်လား။ အရွယ်ရောက် လူလတ် လူကြီးပိုင်းတောင် ရင်ဘောင်တန်းနိုင်အောင် အမီလိုက် ကြသေးတာ။ တက်သစ်စ ဂျက်အင်ဂျင်ပိုင်ရှင် လူငယ်တွေ ခေတ်ရှေ့ပြေးဖို့ ကြိုးစားတာ သိပ်တော့ မဆန်း။ နိုင်ငံတကာ စံနှုန်းနဲ့ကြည့်ရင် နောက်တောင် ကျနေပါသေးတယ်။
.
ဒီမိုကရေစီ လမ်းကြောင်းပေါ် ခြေလှမ်းစ နင်းတဲ့ မြန်မာပြည်ဟာ ကျန်ခဲ့တဲ့ ဆယ်စုနှစ် တွေနဲ့စာရင် ပွင့်လင်း လွတ်လပ်မှု တချို့ ရှိလာပါတယ်။ အရင် ပြောမရ ဆိုမရတွေ နည်းနည်း ပါးပါး ပြောခွင့်ရလာတယ်။ တို့မရ ထိမရတွေ တို့ကနန်း ဆိတ်ကနန်း လုပ်ခွင့် ရှိလာတယ်။ ပြောသမျှ နားထောင်ခြင်း နားမထောင်ခြင်းက သူတို့အကန့်။ တို့ထိလို့မှ ထကြွမလာတာသူတို့ ကဏ္ဍ။ ဘာမှ အပြောမခံ၊ တို့ထိခွင့် လုံးဝ မရှိတာနဲ့စာရင် ကောင်းတဲ့ဖက် ဦးတည်တယ်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ စာပေလောကမှာ ဆိုရင် သိသာ ထင်ရှားတဲ့ ပွင့်လင်း လွတ်လပ်မှုတချို့ ရှိလာတာကို တွေ့ရပါတယ်။ ရေးသားထားသမျှ အမြှီးအမောက်လွဲအောင် ဖြတ်မယ့်စာပေကင်ပေတိုင် ဆိုတာ မရှိတော့ဘူး။ အချက်အလက်မှန်ရင် သမ္မတကိုတောင် ခေါင်းစဉ်တပ်ရေးလို့ ရတယ်။ ဒီမိုကရေစီ စံနှုန်းအောက်မှာ ကိုယ့်တာဝန်ကို ယူဖို့ပဲ လိုပါတယ်။
.


နောက်ထပ် သိသာထင်ရှားတဲ့ ပြောင်းလဲမှု တစ်ခုက ၀တ်စားဆင်ယင်မှု အပိုင်း။ ပေါ်ချင်တာပေါ် ဖော်ချင်တာ ဖော်ပြီး ပွဲလမ်းသဘင်တွေ တက်လာကြတယ်။ အနုပညာ အသိုင်းအ၀ိုင်းနဲ့ ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေမှာ ၀တ်ထားတာလား၊ ချွတ်ပြတာလား ခွဲခြားရခက်တဲ့ ၀တ်စားဆင်ယင်မှုကို မျက်တောင် တစ်ဖျတ်တိုင်း တွေ့နေရပါတယ်။ အားရပါးရ လှန်ပြခွင့်ရအောင် ခွင့်ပြုချက် တောင်းတဲ့လူလည်း ရှိလိုက်ပါသေးတယ်။ ရှေးတုန်းက ခြေသလုံးသားလေး မြင်နိုင်ဖို့ ကာလသားကြီး တစ်သိုက် အပျိုတွေ ရေခပ်ဆင်းချိန် တစ်ကူးတစ်က ပြေးကြည့်ခဲ့ရတယ်တဲ့။ ခုများတော့ သွားရင်းလာရင်း မမြင်ချင်အဆုံး။ မကြည့်လည်း နေ့တစ်ဓူဝ အော်တိုမြင်နေရတယ်။ ပိတ်စ မလောက် ဆိုးဝါးတဲ့ ၀တ်စားဆင်ယင်မှုအပိုင်း သာမန်လူငယ်တွေကြား ဒီမိုကရေစီမကျပါစေနဲ့ ဆုတောင်းရမယ့် အတိုင်းပါ။
.
မြန်မာ့ဒီမိုကရေစီ စံနှုန်းအောက်မှာ အထူးခြားဆုံး ပြောင်းလဲမှုတစ်ခု ရှိပါသေးတယ်။ နေ့စဉ် မြင်တွေ့နေရတဲ့ ဆန္ဒထုတ်ဖော်ပွဲတွေပါ။ လိုအပ်လို့ အမှန်တကယ် လမ်းပေါ်တက်တဲ့ပွဲတွေ ရှိသလို၊ မယောင်ရာ ဆီလူးတာတွေလည်း အတော်များများ တွေ့လာရပါတယ်။ ကျောင်း အိမ်သာ သန့်ရှင်းမှု နည်းတဲ့ ကိစ္စရပ်လောက်နဲ့ ၀န်ကြီးချုပ် တစ်ယောက်ကို မကျေနပ်ကြောင်း၊ အိမ်သာသန့်ရှင်းရေး လုပ်ပေးဖို့အကြောင်း ဆန္ဒ ဖော်ထုတ်တာမျိုးက အလွန် အင်မတန်ရှက်စရာ ကောင်းတဲ့ လုပ်ရပ်ပါ။ ကျောင်းအိမ်သာ သန့်ရှင်းဖို့အတွက် အသုံးပြုနေတဲ့ ကျောင်းသား/သူ တွေမှာ အဓိက တာဝန် ရှိပါတယ်။ ကျောင်းမှာ ရှိတဲ့ သန့်ရှင်းရေး ၀န်ထမ်းဆိုတာလည်း လူသားတွေပါ။ ကိုယ်တွေ စောက်သုံးကျအောင် မနေဘဲ သခွပ်ပင်က မီးတကျည်ကျည် လုပ်တာမျိုး ဘယ်ဒီမိုကရေစီကမှ လက်ခံမှာ မဟုတ်ပါဘူး။
.
ဒီမိုကရေစီဆိုတာ လူသားတစ်ယောက် အခွင့်အရေး အပြည့်အ၀ ရရှိစေတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်။ လွတ်လပ်စွာ သွားလာခွင့်ရှိတယ်။ မကြိုက်တာကို လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့် ပေထားပါတယ်။ လူသားတစ်ယောက် အခွင့်အရေး လူသားဆန်စွာ ရရှိစေတာကို ဒီမိုကရေစီစနစ် လို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်။ လူသားတစ်ယောက် အခွင့်အရေး ပီပီပြင်ပြင် ရရှိစေနိုင်တာ ဒီမိုကရေစီစနစ်။ လွတ်လပ်ခြင်းအနှစ်သာရကို ခံစားစေနိုင်တာ ဒီမိုကရေစီ စံနှုန်းပါ။ ဒါပေမဲ့ ဒီမိုကရေစီဟာ ပစ်စလက်ခတ် နေချင်သလိုနေ၊ ပြောချင်သလို ပြော၊ လုပ်ချင်တာ လုပ်နိုင်တဲ့ ဥပဒေမဲ့ စနစ် မဟုတ်ပါဘူး။ လာဘ်စားတာ မိရင် ဖမ်းပါတယ်။ မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရင် ဖမ်းပါတယ်။ မကောင်းမှု ကျူးလွန်ရင် ထိထိရောက်ရောက် အရေးယူပါတယ်။ ဒီမိုကရေစီမှာ သူ့စည်းကမ်းနဲ့ သူ ရှိလို့ ထင်ရာစိုင်းခွင့် မရှိပါဘူး။
.

လူသားတစ်ယောက် အခွင့်အရေး ပီပီပြင်ပြင် ရရှိစေနိုင်တာ ဒီမိုကရေစီစနစ်။ လွတ်လပ် ခြင်း အနှစ်သာရကို ခံစားစေနိုင်တာ ဒီမိုကရေစီ စံနှုန်းပါ။ ဒါပေမဲ့ ဒီမိုကရေစီဟာ ပစ်စ လက်ခတ် နေချင်သလိုနေ၊ ပြောချင်သလို ပြော၊ လုပ်ချင်တာ လုပ်နိုင်တဲ့ ဥပဒေမဲ့ စနစ် မ ဟုတ်ပါဘူး။


မြန်မာနိုင်ငံဟာ ဒီမိုကရေစီ စနစ်ပီပြင်အောင် ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ နိုင်ငံ တစ်ခုပါ။ ဖော်ဆောင်ရင်းနဲ့ ထိုက်သင့်တဲ့ လွတ်လပ်မှုတွေ အစပြုပေးနေပါတယ်။ စစ်မှန်ကောင်းမွန်တဲ့ စနစ်တစ်ခု ဖော်ဆောင်တဲ့နေရာ အစိုးရတစ် ရပ်တည်းမှာ တာဝန်ရှိတာ မဟုတ်ပါဘူး။ အစိုးရ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ တိုင်းသူပြည်သား အားလုံးမှာလည်း တာဝန်ရှိပါတယ်။ လက်တွဲ ညီဖို့ လိုအပ်ပါတယ်။ ဒီလို တန်းတူညီမျှစည်း ကမ်းကျတဲ့ ဒီမိုကရေစီစနစ် ပီပြင်အောင် ဖော်ဆောင်ဖို့ ကြိုးစားဆဲမှာ ဒီမိုကရေစီ မျက်နှာ အိုးမည်းသုတ်တဲ့ လုပ်ရပ်တချို့လူငယ်တွေကြား စိတ်မကောင်းစွာ မြင်တွေ့နေရပါတယ်။ လူငယ်ဆိုတာ တိုင်းပြည်အနာဂတ်၊ အနာဂတ် နိုင်ငတော်ကို လက်ဆင့်ကမ်း သယ်ဆောင်မှာ ဒီနေ့ခေတ် လူတွေပါ။ ပြောင်းလဲလာတဲ့ လွတ်လပ်ခွင့်ကို မဟုတ်တဲ့နေရာ အသုံးချတာ စိတ်ပျက်စရာ ကောင်းတဲ့ အရာတစ်ခုပါ။
.
တစ်နေ့ည ၅ နာရီလောက် အဝေရာ မီးပုံးပျံကွင်းထဲသွားဖို့ လူငယ်လေး တစ်ယောက် အဖော် လာစပ်တယ်။ တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း မီးပုံးပျံလွှတ်တဲ့ အချိန်နဲ့ တစ်ခါ တလေ မိတ်ဆွေ သူငယ်ချင်းတွေ လိုက်ပို့တာက လွဲရင် အဝေရာကွင်းထဲ သွားလေ့သွားထ မရှိ၊  သွားစရာ အကြောင်း မရှိခဲ့ဘူး။ အလုပ်လည်းပါး စာရေးလည်း နားထားတာနဲ့ တစ်ခုခု ရမလား စိတ်နဲ့ လိုက်သွားဖြစ်ပါတယ်။ ကွင်းအ၀င် မုခ်ပေါက်ဝနားမှာ လူငယ် လူလတ်ပိုင်းတွေ ပိုက်ကျော်ခြင်း ခတ်တာကို တွေ့ရတယ်။ မီးပုံးပျံ လွတ်တဲ့ ကွင်းပြင်ထဲမှာ ကားမောင်းသင်တဲ့ အိမ်စီးကားတွေ ရှိနေတယ်။ သက်ကြီးပိုင်း တချို့ ကျန်းမာရေး လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်နေကြပါတယ်။ ပြေးလွှား ဆော့ကစားနေတဲ့ ကလေးငယ်တွေလည်း ရှိတယ်။ အဝေရာကွင်း တစ်ပြင်လုံး လက်ညိုးထိုး မလွဲ တွေ့ရတာက သမီးရည်းစား စုံတွဲလေးတွေပါ။
.
တချို့ စုံတွဲလေးတွေက သစ်ပင်အောက်မှာ မိုးတိုးမတ်တတ်၊ တချို့က မော်တော်ဆိုင်ကယ်ပေါ် တစ်ယောက်ထိုင်၊ တစ်ယောက်က မြေပြင်ပေါ် ခြေစုံရပ်။ ကိုယ်ပိုင်ကားနဲ့ လာတဲ့ သမီးရည်းစားတွေက ကားပေါ်မှာ မှန် အလုံပိတ်လို့။ မြက်ခင်းပြင်ပေါ် သတင်းစာ စက္ကူခင်းပြီး ချစ်တေးကျူတဲ့ စုံတွဲလေးတွေလည်း မနည်းလှပါဘူး။ လူငယ်သဘာဝ ချစ်သူကိုယ်စီနဲ့ ချစ်ခွန်းသီကြတာ ဆောင်း ညနေစောင်းမှာ လှပတဲ့ အချစ်ပန်းချီကား တစ်ချပ် ကြည့်နေရသလိုပါ။ ကွင်းအရှေ့ဘက်ခြမ်း တောင်ကြီးဘူတာရုံနား ရောက်တော့လည်း ဇလီဖားတုံးပေါ်မှာ တချို့ တွေ့ရတယ်။ ပုပျပ်ပျပ် သစ်ပင်တို အောက်မှာလည်း သူတို့လေးတွေ။ ဟင်းလင်းပြင် အလှတရားနဲ့ ချစ်သူတို့ ညနေစောင်းကို မုဒိတာပွားခံစားတုန်း ကွင်းပြင်ကျယ် လမ်းမဘေးကြည်နူးမှု လွန်ကျူးတဲ့ ချစ်သူနှစ်ဦးက မျက်လုံးထဲ တည့်တည့် ရောက်လာတယ်။
.
၁၅ နှစ်ပတ်လည် သူငယ်မလေးနဲ့ ၂၀  လောက်ရှိတဲ့ လူငယ် ချစ်သူ စုံတွဲ။ ဆိုင်ကယ်ကို ကျောပေးထိုင် စကားပြောလိုက်၊ လူငယ်လေး ရင်ခွင်ထဲ ကလေးမလေး ပျောက်သွားလိုက်။ ကိုရီးယား ဇာတ်လမ်းတွဲထဲကလို သူငယ်မကို ကျောပေါ်တင်ပြေးတဲ့အခါ ပြေး။ လက်ချင်းချိတ် ဟန်ရေးပြတဲ့အခါ ပြ။ အတော်ကြာတော့ မောကြတယ် ထင်ပါရဲ့၊ ဆိုင်ကယ်ဘေး သူငယ်လေး ထိုင်လိုက်တယ်။ သူငယ်လေး ရင်ခွင်ထဲ ကလေးမ ရောက်သွားတယ်။ ဇာတ်လမ်းက အဲဒီမှာ စတာ။ အနေအထိုင် အမေရိကန် စတိုင်နဲ့ ဖြစ်ချင်တိုင်း ဖြစ်ကြတာ လူသူမြင်လို့မှ မကောင်း။ ဖြတ်သွားဖြတ်လာ လူတွေကြား မြင်ကွင်းကျယ် ဖြစ်တာကို ဂရုစိုက်ရကောင်းမှန်း မသိ။ သူတို့ဇာတ်လမ်းကို မှတ်တမ်းလုပ်တဲ့ ကင်မရာမန်းတွေလည်း တစ်ပုံတစ်ပင် ရှိနေပါတယ်။ လေလှိုင်းပေါ် ရောက်သွားရင် အဖတ်ပြန်ဆယ်ဖို့ ဆိုတာ အဝေးကြီးပါ။
.

ဖြတ်သွားဖြတ်လာ လူတွေကြား မြင်ကွင်းကျယ် ဖြစ်တာကို ဂရုစိုက်ရကောင်းမှန်း မသိ။ သူတို့ဇာတ်လမ်းကို မှတ်တမ်းလုပ်တဲ့ ကင်မရာမန်းတွေလည်း တစ်ပုံတစ်ပင် ရှိနေပါတယ်။ လေလှိုင်းပေါ် ရောက်သွားရင် အဖတ်ပြန်ဆယ်ဖို့ ဆိုတာ အဝေးကြီးပါ။


ယိုသူမရှက် မြင်သူရှက်တဲ့။ ရှက်စိတ်လေး ၀င်အောင် ပြောဆိုလမ်းပြချင်ပေမယ့် ခေတ် လူငယ်တချို့ လက်ဆလက်နက အားလုံးသိတဲ့ အတိုင်း။ မဆိုင်ရာ ဂလိုင်ဝင်ခေါက်ရင် ကျောလုံဖို့ အတော် စဉ်းစားရတဲ့ အနေအထား။ မတတ်သာတဲ့အဆုံး စိတ်ပေါက်ရောက်လာတဲ့ ကိုယ်တွေပဲ ကျောခိုင်း ထွက်ခဲ့ရပါတယ်။ ကွင်း ပြောင်ပြောင် လင်းထိန်ထိန် လမ်းမဘေး အနောက်စတိုင်နဲ့ ထင်ရာစိုင်းတာ ကောင်းတဲ့ အလုပ် မဟုတ်ပါဘူး။ မြန်မာ့ယဉ်ကျေးမှုနဲ့လည်း ဆန့်ကျင်ပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ ပွင့်လင်းစွာ နေထိုင်လို့ ရတယ်။ လွတ်လပ်စွာ ပြောဆိုခွင့် ရှိတယ်။ လူသား တစ်ယောက် အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် ပေးထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ လူဟာ လူနဲ့ တူအောင် နေဖို့ လိုအပ်တာကြောင့် အဝေရာကွင်းထဲက လူငယ်လူရွယ် သမီးရည်းစားစုံတွဲလေးများ ဆင်ခြင်တုံတရား ရှိစေလိုကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment