အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ပွားတော် ၅ ဆူကို ရွှေသင်္ကန်း ကပ်လှူခြင်းအား တားမြစ်ရန် ရှမ်းပြည်နယ်အစိုးရသို့ တင်ပြထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, January 3, 2019

အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရုပ်ပွားတော် ၅ ဆူကို ရွှေသင်္ကန်း ကပ်လှူခြင်းအား တားမြစ်ရန် ရှမ်းပြည်နယ်အစိုးရသို့ တင်ပြထား


စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ပွားတော် ၅ ဆူကို ဒေသစာရီ ပင့်ဆောင်ရာ၌ ခက်ခဲလာနိုင်သဖြင့် ဘုရားရွှေကပ်ခြင်း တားမြစ်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်က တင်ပြထားကြောင်း ဖောင်တော်ဦးဘုရား ဂေါပအဖွဲ့ထံမှ သိရသည်။
.
ယင်းကဲ့သို့ ဗုဒရုပ်ပွားတော်များအား  ရွှေသင်္ကန်းကပ်လှူခြင်းကို တားမြစ်ရန် ဖောင်တော်ဦးဘုရား သြ၀ါဒ ဓမ္မစရိယဆရာတော်များ၊ ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့များက ဒီဇင်ဘာလ ၂၇ ရက်တွင် အစည်းအဝေးပြုလုပ် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

အဲဒါနဲ့ ပတ်သက်ပြီးတော့ သြ၀ါဒဓမ္မစရိယဆရာတော်တွေ၊  ဌာနဆိုင်ရာများနဲ့ ဂေါပက အဖွဲ့တွေ အစည်းအဝေး လုပ်ခဲ့ပါတယ်။ ရွှေကပ်ခြင်းကို တားမြစ်ဖို့ အစည်းအဝေးမှာတော့ ဆုံးဖြတ်ထားတယ်။ အတိအကျတော့ မသိရသေးဘူး။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားတယ်။ သူတို့ကနေ ဘယ်လို ပြန်အကြောင်းကြားမလဲတော့ မသိဘူး။ အဓိက တားမြစ်ရတာကတော့ ရွှေကပ်တာတွေက ညီမျှမှု မရှိဘူး။ အပြင်က ရွှေတွေက ရွှေအရည်အသွေး မစစ်မှန်တော့ အဆင်မပြေဘူး။ ဘုရားပင့် ဆောင်ရာမှာလည်း အခက်အခဲဖြစ်ပေါ်လာမှာ စိုးလို့ တားမြစ်ဖို့ ဆုံးဖြတ်လိုက်တာပါဟု ဖောင်တော်ဦးဘုရားဂေါပကအဖွဲ့မှ ဒုဥက္ကဌ ဦးသန်းဝင်းက ပြောသည်။
.
ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရွှေပြားကပ်ခြင်းကို တားမြစ်သည့် အကြောင်းအရာများမှာ ရွှေပြားကပ်ခြင်း ညီညာမှု မရှိခြင်း၊ ဘုရားရုပ်ပွားတော် အပေါ်ပိုင်းတွင်သာ ရွှေပြားကပ်ပြီး အောက်ပိုင်းတွင် ရွှေပြားကပ်ခြင်း မရှိသည့်အတွက် အလေးချိန် ညီမျှမှု မရှိခြင်း၊ ရွှေအစစ်အမှန် မရရှိခြင်း၊ ဘုရားရုပ်ပွားတော်များ ဒေသစာရီကြွချီစဉ် ပင့်ဆောင်ရာတွင် အခက်အခဲဖြစ်ပေါ်လာနိုင်ခြင်း၊ ဘုရား ရုပ်ပွားတော်များအား ရွှေပြားကပ်ရာတွင် တစ်နေရာတည်း၌သာ ပူဇော်ကပ်လှူးခြင်းကြောင့် ပုံသဏ္ဍာန် ညီမျှမှု မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
.

ရှမ်းပြည်နယ်အစိုးရအဖွဲ့ သို့ ပေးပို့ခဲ့သော တင်ပြစာတွင် အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော် ၅ ဆူအား ရွှေကပ်ခြင်း တားမြစ်ရန်ဟု ပါရှိပြီး အင်းလေးကန်အတွင်းရှိ အခြားသော ဘုရားရုပ်ပွားတော်မြတ်များကို ရွှေပြားကပ်လှူခွင့် ပြုရန်ဟု တင်ပြထားကြောင်း သိရသည်။
.
ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဖောင်တောင်ဦြး မတ်စွာဘုရား ရုပ်ပွားတော် ၅ ဆူ ဒေသစာရီ ကြွချီပူဇော်ခံပွဲတော်ကို နှစ်စဉ်သီတင်း ကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက် အထိ ကျင်းပလေ့ရှိကြောင်း သိရသည်။