NBF နှင့် MIPS တို့ ညောင်ရွှေတွင် တွေ့ဆုံ ဆွေးနွေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, December 27, 2018

NBF နှင့် MIPS တို့ ညောင်ရွှေတွင် တွေ့ဆုံ ဆွေးနွေး


စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ Ever Joy ဟိုတယ်တွင် ဒီဇင်ဘာလ ၂ဝ ရက်က ညီနောင်တိုင်း ရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)နှင့် မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသိပ္ပံ (MIPS )မှ ဒေါက်တာ မင်းဇော်ဦးတို့ တွေ့ဆုံခဲ့ပြီး Federalism, Constitutional Reform and Security Dialogue Workshop ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
.
.
''နိုင်ငံခြားက ဖက်ဒရယ်တွေနဲ့တော့ မြန်မာ့ဖက်ဒရယ်က မတူနိုင်ဘူး။ ၄၇ ပင်လုံညီလာခံ စာချုပ်ဆိုတာ အမှန်က ဖက်ဒရယ်စာချုပ်ပါ။ အားလုံးပါဝင် လုပ်ဆောင်နိုင်ဖို့ ဖက်ဒရယ်စာချုပ် ချုပ်ခဲ့ကြတာပါ။ ပါဝင်မှုရှယ်ယာတွေ စိုက်ထုတ်ထည့်ထားကြတာပါ။ ဒါကို ဖြေဖျောက်ချင်တာ။ ချုပ်ကိုင်ချင်တာတွေကြောင့် စာချုပ်ပါ တိုင်းရင်းသား တွေရဲ့ ပါဝင်မှု ရှယ်ယာလို့ ဖက်ဒရယ်လို့ မမြင်ကြတော့ဘဲ တိုင်းရင်းသားတွေက အဆိုးဘက် အမြင်နဲ့ လက်နက်ကိုင်ပြီး ရပိုင်ခွင့်တွေ တောင်းဆိုနေကြတယ်လို့ ဆိုနေကြတာပါ။ တကယ်တော့ တိုင်းရင်းသားတွေက လုပ်ငန်းတစ်ခုကို ပူးပေါင်းလုပ်ဆောင်ဖို့ ရှယ်ယာပါဝင်ခဲ့ကြတဲ့ ဖက်ဒရယ်ညီညွတ်ရေး စာချုပ်ကြီးပါ။ တိုင်းရင်း သားတွေက ယုံကြည်ချက်တွေ၊ ဘဝတွေ အပ်နှံခဲ့ကြတဲ့ စာချုပ်ကြီးပါ။ ကျွန်တော့်အနေနဲ့ ဒါကို မြင်နိုင်အောင် အဓိက ဆွေးနွေးခဲ့ပါတယ်''ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီမှ ဒုတိယဥက္ကဌ ဦးစဝ်သာဦးက ပြောသည်။
.
အလားတူ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် တစ်ဦးဖြစ်သူ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ''ရပ်တန့်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေ ပြန်လည် လုပ်ဆောင်နိုင်စွမ်း ရှိဖို့ နိုင်ငံရေးပါတီတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က စွမ်းဆောင်နေပါတယ်။ အိမ်ထောင်စု တစ်ခုမှာပါတဲ့သူ အချင်းချင်း မညီမညွတ်ဖြစ်နေတာကို တည့်မတ်စေနိုင်ဖို့ ကြိုးပမ်းတဲ့ နေရာမှာ အချင်းချင်း သဘောထားကြီးမှု၊ ယုံကြည်မှုတွေ တည်ဆောက်ပြီး လာမယ့် ၂၁ ပင်လုံညီလာခံတွေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြန်လည်စတင်နိုင်ဖို့ အစွမ်းကုန် လုပ် ဆောင်နေကြတာဖြစ်ပါတယ်''ဟု ဆိုသည်။
.
အဆိုပါ ဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်များကို လေ့လာခြင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းနှင့် လုံခြုံရေးအမြင်တို့ ကို တက်ရောက်သူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး NBF  အဖွဲ့ဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၄၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment