သမိုင်းလှလှ ရေးနိုင်ကြပါစေကြောင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, December 25, 2018

သမိုင်းလှလှ ရေးနိုင်ကြပါစေကြောင်း


ကမ္ဘောဇတိုင်း
.
မကြာမီ ရက်ပိုင်းအတွင်း နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်တစ်ခုသို့ ကူးပြောင်းရောက်ရှိတော့မည် ဖြစ်ပါသည်။ ၂ဝ၁၆ ခုနှစ်တွင် နိုင်ငံတော်အာဏာကို စတင်ကျင့်သုံးကိုင်တွယ် အုပ်ချုပ်ခဲ့သော NLD အစိုးရအနေဖြင့်လည်း သက်တမ်း ထက်ဝက်အား ကျော်လွန်ခဲ့ပြီး ဖြစ်ပါသည်။
.
NLD အစိုးရ၏ သက်တမ်းထက်ဝက်ကျော်အတွင်း ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် ဆောင်ရွက်ရာတွင် ယခု ၂ဝ၁၈ နှစ်ကုန်ပိုင်းတွင် ပိုမိုသိသာထင်ရှားလာသည်ကို တွေ့ရမည်ဖြစ်သည်။ အုပ်ချုပ်ရေးကဏ္ဍတွင် အပြောင်းအလဲတစ်ရပ်အနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး လက်အောက်သို့ ပြောင်းရွှေ့သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သမ္မတရုံး ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
.
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အစိုးရအုပ်ချုပ်ရေးအတွက် အဓိက အကျဆုံး အခြေခံဒေါက်တိုင်ဟု ဆိုနိုင်ပါသည်။  အုပ်ချုပ်ရေးတွင် အခြေခံအကျဆုံးမှာ ရပ်/ကျေးအဆင့်ဖြစ်ပြီး၊ ယင်းရပ်/ကျေးအဆင့်ကို အဓိက မောင်းနှင်နေသူများမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများသာ ဖြစ်ပါသည်။ အစိုး တစ်ရပ်၏ ပုံရိပ် ကောင်းခြင်း/ဆိုးခြင်းသည် ယင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အောက်ခြေစာရေးဝန်ထမ်းများ၏ လုပ်ရည်ကိုင်ရည် အပေါ်တွင်လည်း များစွာမူတည်နေပါသည်။ ထိုကဲ့သို့ အရေးပါလှသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနလက်အောက်သို့ ပြောင်းရွှေ့ခြင်းဖြင့် အုပ်ချုပ်ရေးကဏ္ဍတွင် မည်မျှအကျိုးသက်ရောက်မှု ရှိသည်/မရှိသည်ကိုမူ လက်ရှိအချိန်တွင် မသိရှိနိုင်သေးချေ။
.
ပြီးခဲ့သည့် ၁၃၈ဝ ခုနှစ် (၂ဝ၁၈ ခုနှစ်)၊ မြန်မာနှစ်ဆန်းတစ်ရက်တွင် နိုင်ငံတော်သမ္မတ ပြောကြားခဲ့သော နှစ်သစ်ကူးမိန့်ခွန်း၌ အနာဂတ်တွင် ပေါ်ထွန်းလာမည့် ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးစနစ်အတွက် ကြိုတင် စီမံဆောင်ရွက်သည့်အနေဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်များ၏ တင်ပြချက်များကို အခြေခံပြီး ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲရန် ရှိကြောင်း ပြောဆိုထားပါသည်။ ယခုအခါ ယင်း အပြောင်းအလဲများကို စတင်ဖော်ဆောင်နေသည်ဟု သုံးသပ်နိုင်မည်ဖြစ်ပါသည်။
.
၂ဝ၁၈ ခုနှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်နိုင်ခဲ့သလို ဖေ ဖော်ဝါရီလ ၁၃ ရက်ကလည်း လားဟူဒီမိုကရက်တစ်ပြည်ထောင်စုနှင့် မွန်ပြည်သစ်ပါတီတို့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (ဃြဗ) လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းတို့မှာ သိသာထင်ရှားသည့် အောင်မြင်မှု များ ဖြစ်ပါသည်။
.
တစ်ဖန် ၂ဝ၁၈ နှစ်ကုန်ပိုင်းဖြစ်သော ဒီဇင်ဘာလ ၂၁ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ ဃြဗ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့ တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးရန်အတွက် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၃ဝ ရက်ထိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ရာ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများမှလည်း ကြိုဆိုထောက်ခံခဲ့ကြသည်ကို ဝမ်းမြောက်ဖွယ် မြင်တွေ့ရပါသည်။ ယင်းကဲ့သို့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စုပေါင်းညီညွတ်စွာဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့မည်ဆိုလျှင် လာမည့် ၂ဝ၁၉ ခုနှစ်သည် မြန်မာပြည်အတွက် ငြိမ်းချမ်းရေး အာရုဏ်ဦးသို့ ရောက်ရှိမည့် နှစ် တစ်နှစ် ဖြစ်လာနိုင်ပါသည်။
.
သို့သော် ၂ဝ၁၈ ခုနှစ်အတွက် အရုပ်ဆိုးအကျည်းတန်စေသည့် ဖြစ်ရပ်တစ်ခုမှာ နှစ်ဆန်းပိုင်း၊ ဖေဖော်ဝါရီလ ၂၁ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း၏ မြို့တော်ဖြစ်သော လားရှိုးမြို့လယ်တွင် ချိန်ကိုက်မိုင်း ဗုံးတစ်လုံး ပေါက်ကွဲ မှုကြောင့် ဘဏ်ဝန်ထမ်းအမျိုးသမီး ၂ ဦး သေဆုံးပြီး လူအချို့ ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ယခု နှစ်ကုန်ပိုင်း၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ တောင်နောက်ကျေးရွာအုပ် စုအတွင်း RCSS/SSA တပ်ဖွဲ့ဝင်များနှင့် ပအိုဝ်းတိုင်းရင်းသားများ ပဋိပက္ခဖြစ်ပွားရာမှ ပအိုဝ်းတိုင်းရင်းသား ၅ ဦး သေဆုံးခဲ့ရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍  RCSS ၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ တပ်ဖွဲ့ဝင် တစ်ဦးလည်း သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကြီးမြို့ပေါ်တွင် ပအိုဝ်းတိုင်းရင်းသား အင်အား ၁ဝဝဝ ကျော်မှ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး  RCSS မှလည်း ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း ကြေညာချက်ကို ပြန်လည်ထုတ်ပြန်ခဲ့ပါသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာများတွင်လည်း ဝေဖန်မှု များ များပြားနေပြီး လူမျိုးရေးပဋိပက္ခအသွင် ဆောင်လာနေသည်ကို တွေ့ရပါသည်။ ဝါဒဖြန့်ချိရေး သတင်းများကို ရေးသားနေသူများကလည်း ယင်းဖြစ်ရပ်ကို အခွင့်ကောင်းယူကာ လုပ်ဆောင်နေကြသည်ကို တွေ့မြင်နေရပါသည်။
.
မည်သို့ပင်ဖြစ်စေ ကောင်း/ဆိုးနှစ်လီဖြင့် ၂ဝ၁၈ တစ်နှစ်တာကို သမိုင်းစာမျက်နှာအဖြစ် ချန်ထားခဲ့ရမည်သာ ဖြစ်ပါသည်။ ဆက်လက်လျှောက်လှမ်းရမည့် ၂ဝ၁၉ နှစ်သစ်တွင် အနိဋ္ဌာရုံများကို အဆုံးသတ်ကာ ပြည်သူ၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ စုပေါင်းအားဖြင့် သမိုင်းလှလှ ရေးသားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။  
.

No comments:

Post a Comment