လားရှိုးမြို့ နည်းပညာတက္ကသိုလ်ရှေ့တွင် တစ်ကိုယ်တော်သပိတ်မှောက်သည့် ကျောင်းသားအား အမှုဖွင့် ထိန်းသိမ်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, December 19, 2018

လားရှိုးမြို့ နည်းပညာတက္ကသိုလ်ရှေ့တွင် တစ်ကိုယ်တော်သပိတ်မှောက်သည့် ကျောင်းသားအား အမှုဖွင့် ထိန်းသိမ်း

နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနည်းပညာတက္ကသိုလ်ရှေ့တွင် တစ်ကိုယ်တော် သပိတ်မှောက်သည့် ကျောင်းသားအား စတင်သပိတ်မှောက်သည့် ဒီဇင်ဘာ ၁၇ ရက်၊ ညနေပိုင်းမှာပင် ငြိမ်းစုစီ ဥပဒေပုဒ်မဖြင့်  ထိန်းသိမ်းလိုက်ကြောင်း လားရှိုးမြို့၊ အမှတ် (၂) နယ်မြေ ရဲစခန်းမှ သိရှိရသည်။
.

.
လားရှိုးနည်းပညာတက္ကသိုလ်ကျောင်းတွင် ကျောင်းသားအခွင့်အရေးဆုံးရှုံးနေခြင်းများ၊ ဒီဇင်ဘာလအတွင်း ကျောင်းသားသမဂ္ဂရုံးခန်းမှပစ္စည်းများ ဖျက်ဆီးခံရခြင်းများ၊ သမဂ္ဂအလံဖြုတ်ချခံရခြင်းများကြောင့် လားရှိုးနည်း ပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ရှမ်းပြည်နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂတို့၏ ဥက္ကဌဖြစ်သူ စိုင်းကျော်ဇောဟန်က သပိတ်မှောက်စဉ် ရဲတပ်ဖွဲ့က အမှုဖွင့်ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။
.
“ကျောင်းသားကို ကျွန်တော်တို့အမှုဖွင့်ထားပါတယ်။ ငြိမ်းစုစီနဲ့ဖွင့်ထားတာပါ။ ကျွန်တော်တို့ဖက်က အာမခံပေး ပါတယ်။ သူ့အနေနဲ့ အာမခံမယူဘူး။ ကျွန်တော်တို့က ကိုယ်တိုင်ခံဝန်နဲ့ပေးပါတယ်။ ရဲလုပ်ငန်းပြည့်စုံသွားပါ ပြီ။’’ဟု လားရှိုးမြို့၊ အမှတ် (၂) နယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် နေကျော်က ပြောသည်။
.
အဆိုပါ တစ်ကိုယ်တော် သပိတ်မှောက်ကျောင်းသားသည် ရဲတပ်ဖွဲ့က ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ခြင်းကို လက်မခံခဲ့ဘဲ ၎င်း၏ ဦးလေးဖြစ်သူ လာရောက်၍ အာမခံယူဖြင့် ထုတ်ယူရာတွင်လည်း ၎င်းက လိုက်မသွားကြောင်း သိရသည်။
.
ပညာရေးဝန်ကြီးဌာနထံတောင်းဆိုသည့် တောင်းဆိုချက် ၇ ချက်တွင် ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ကို ဖောက်ဖျက်ပြီး ကျောင်းသားများအား ဈေးနှုန်းကြီးမြင့်စွာ ရောင်းချမှုကိုဖြေရှင်းပေးရန်၊ ဆေးနား၊ စီးပွားနားနှင့် ကျောင်းပြောင်းသင်ယူခွင့်ခက်ခဲနေမှုများကိုဖြေရှင်းပေးရန်၊ ရုံးခန်းသော့ချိုးဖျက်ခံရပြီး သမဂ္ဂအလံ ဖြုတ်ချ  ဖျောက်ဖျက်ခံရခြင်းကို ဖြေရှင်းပေးရန်၊ ကျောင်းသား၊ ကျောင်းသူ အဆောင်များ ဆရာ/ ဆရာမအဆောင်များ ဆောက်လုပ်ပြီးစီးပြီဖြစ်သဖြင့် ဝန်ကြီးဌာနသို့ တင်ပြ  တောင်းဆိုခဲ့ဖူးသော ကျောင်းတွင်း ဆေးခန်းဖွင့်လှစ်ပေး ရန်၊ ကျောင်းသားသမဂ္ဂ၏ လွတ်လပ်စွာရပ်တည်ခွင့် အပေါ် စွက်ဖက်ပြီး အဖက်ဖက်မှ ဖိနှိပ်မှုများအပေါ် ဖြေရှင်းပေးရန်၊ ကျောင်းလုံခြူံမှု မရှိသည့်အပေါ် တာဝန်ရှိသူများက တာဝန်ယူမှု၊ တာဝန်ခံမှုမရှိ သည့်အပေါ် ဖြေရှင်းပေးရန်၊ စာမေးပွဲရလဒ်များ မမျှတမှုအပေါ် ဝန်ကြီးဌာနက တာဝန်ယူဖြေရှင်းပေးရန်စသည့် ပညာရေး ဝန်ကြီးဌာနထံ တောင်းဆိုသည့်အချက်များပါရှိသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ သမဂ္ဂအလံထောင်၍ သပိတ်မှောက်ခဲ့ကြောင်း သိရသည်။
.
“အာမခံလည်းမယူဘူး။ ကိုယ်တိုင်ခံဝန်နဲ့ အိမ်လည်းမပြန်ဘူး၊ ဒီမှာပဲနေမယ်လို့ ကျောင်းသားက ပြောပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကို လွတ်လပ်စွာထားပါတယ်။ ချုပ်လည်းမထားပါဘူး။ ပြန်ချင်တဲ့ အချိန်ပြန်လို့ရပါတယ်” ဟု စခန်းမှူး ရဲအုပ် နေကျော်က ပြောသည်။
.
အဆိုပါ တစ်ကိုယ်တော်သပိတ်မှောက်ကျောင်းသား စိုင်းကျော်ဇောဟန်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၈ ရက်တွင် ဥပဒေအကြံတောင်းတင်ကာ ဒီဇင်ဘာ ၁၉ ရက်တွင် တရားစွဲမည်ဖြစ်ပြီး လက်ရှိတွင် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။  
.
.
.
#KBZTai #Shan