လွတ်လပ်ရေး ဆုံးရှုံးခြင်းနှင့် ပြန်လည်ရရှိခြင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, December 31, 2018

လွတ်လပ်ရေး ဆုံးရှုံးခြင်းနှင့် ပြန်လည်ရရှိခြင်း



စိုင်းကင်းကွဲ
.
.
ကမ္ဘာကြီး၏ သက်တမ်းနှင့်နှိုင်းယှဉ်ပါက ကမ္ဘာပေါ်တွင် တည်ရှိနေသော နိုင်ငံအများစု၏ သက်တမ်းသည် ဘာမှမဆိုင်ပါ။ များစွာပင်ကွာ ခြားလှသည်။ ထိုသို့ နှိုင်းယှဉ်ခြင်းသည် ဘာမှ အဓိပ္ပာယ်မရှိသည်ကို လူတိုင်းသိကြ ပါသည်။ သို့သော် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ခြင်းဖြင့် ထိုနိုင်ငံ၏ အရည်အ သွေးနှင့် နေထိုင်နေသည့် လူသားများ၏ လုပ် ဆောင်ခဲ့မှုများကို ကောင်းစွာသိရှိနိုင်ပါသည်။ သမိုင်းများတွင် သင်ခန်းစာများပါရှိတတ်သည်။ ထိုအကြောင်းအရာများကို သင်ကြားလေ့လာခြင်းဖြင့် ထိုအဖြစ်အပျက်များကို အကောင်း ဘက်မှ ကြည့်ရှုပြီး သင်ခန်းစာများ ထုတ်ယူ ဆင်ခြင်နိုင်ကြပါသည်။ ထို့ကြောင့်လည်း ဒေါက်တာသန်းထွန်းက ''သမိုင်းဆိုတာ မအ အောင်သင်ကြားခြင်း''ဖြစ်သည်ဟု မှတ်ချက် ပြုခဲ့ခြင်းဖြစ်သည်။
.
ယနေ့ကမ္ဘာကြီးသည် လွန်ခဲ့သော ရာစု နှစ်များနှင့် များစွာကွာခြားသွားပြီဟု ဆိုနိုင်သည်။ လူ့အဖွဲ့အစည်း တစ်ရပ်လုံးတွင်လည်း အပြောင်းအလဲများစွာပေါ်ထွက်လာသည်။ နိုင် ငံကြီးတစ်ခု ပြိုကွဲသွားသည်။ နိုင်ငံသစ်များစွာ ပေါ်ထွက်လာသည်။ နိုင်ငံတစ်ခုနှင့်တစ်ခု စစ်မက်အားပြိုင်ပြီး သိမ်းပိုက်ခြင်း အုပ်ချုပ်အစိုးရ ခြင်းများကို ယဉ်ကျေးသော ကမ္ဘာ့အသိုင်းအ ဝန်းမှ လက်မခံကြတော့ပါ။ သို့သော် လွန်ခဲ့ သော နှစ်ပေါင်းနှစ်ရာခန့် ကာလများကတော့ ယခုလို လူသားများအတွေးအခေါ်မဟုတ်ကြပါ။ ကမ္ဘာအနှံ့အပြားတွင် ကိုလိုနီဝါဒအားကောင်း နေသည်။ နိုင်ငံကြီးများကလည်း အပြိုင် ကို လိုနီ နယ်ပယ်ကို တိုးချဲ့နေကြသည်။ ယင်းကို လိုနီအရှင်သခင် များအနက် ဗြိတိသျှကိုလိုနီအင် ပိုင်ယာသည် အားအကောင်းဆုံးဖြစ်နေသည်။ မည်မျှကြီးကျယ်နေသနည်း ဟုဆိုပါက ဗြိတိသျှ အင်ပါယာအကျယ်အဝန်းသည် နေမဝင်အင်ပါယာဟုပင် တင်စားခဲ့ကြသည်။
.
ဗြိတိသျှတို့သည် မြန်မာပြည်ကို သိမ်းပိုက် စဉ်ကပင် စနစ်တကျအစီအစဉ်ရှိရှိသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ အစီအစဉ်အတိုင်း သာသနာ ပြုလုပ်ငန်းစဉ်၊ ကုန်စည်ကူးသန်းရောင်းဝယ်မှု၊ နောက်ဆုံးတွင် စစ်အင်အားကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်ကို ပထမအင်္ဂလိပ်မြန်မာ စစ်ပွဲဆင်နွှဲပြီး တနင်္သာရီနှင့် ရခိုင်ဒေသများကို သိမ်းပိုက်ခဲ့သည်။ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ် တွင်ဖြစ်သည်။ ထိုစစ်ပွဲအပြီး နှစ်ပေါင်း ၃ဝ နီးပါးအကြာတွင် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲကို ဖန်တီးပြီး မြန်မာနိုင်ငံအောက်ပိုင်းတစ်ခုလုံးကို သိမ်းယူခဲ့သည်။ ခရစ်သက္ကရာဇ် ၁၈၅၂ ခုနှစ်တွင်ဖြစ်သည်။ အထက်မြန်မာပြည်တစ်ပိုင်းသာ မြန်မာဘုရင်၏ အုပ်ချုပ်မှုအောက်၌ ကျန်တော့သည်။ ထိုနယ်မြေလည်း မြန်မာဘုရင်လက်၌ ကြာကြာမတည်ရှိခဲ့ပါ။ နှစ်ပေါင်း ၃၅ နှစ်အကြာတွင် ကိုလိုနီအင်ပါယာအဖြစ် သိမ်းပိုက်ခံလိုက်ရပါသည်။ မြန်မာဘုရင်ကိုလည်း ၁၈၈၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ တန် ဆောင်မုန်းလပြည့်ကျော် ၇ ရက်နေ့တွင် အင်္ဂ လိပ်နယ်ချဲ့တို့က နန်းတော်သို့ ဝင်ရောက်ပြီး ကြက်ကလေး၊ ငှက်ကလေးကဲ့သို့ အလွယ်တ ကူဖမ်းဆီးသွားသည်။ ဤကား မြန်မာတို့၏ ကျွန်ဘဝသို့ကျရောက်သွားခြင်း၏ နိဒါန်းအစ ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို တတိယစစ်ပွဲ အစဇာတ်လမ်းအကျဉ်းမှာ ဤသို့ဖြစ်သည်။
.
ဘုံဘေဘားမားကုမ္ပဏီသစ်ခိုးမှုကိစ္စပေါ် လာသည့်အခါ မြန်မာဘုရင်ဘက်မှာ ဒဏ်ငွေ ဆောင်စေသည့် ကိစ္စဖြစ်ပွားခဲ့သည်။ ထိုသို့ ဒဏ်ရိုက်သည့်ကိစ္စကို အကြောင်းပြုပြီး အထက်မြန်မာပြည်ကို သိမ်းပိုက်ရေး အစီအစဉ်ကို အကောင်အထည်ဖော်လိုက်သည်။ ၁၈၇၄ ခု နှစ်၊ ဗြိတိသျှပါလီမန်တွင် ကွန်ဆာဗေးတစ်ပါတီမှ အာဏာရလာစဉ်ကပင် မြန်မာပြည်ကိုသိမ်းယူရန် ဆုံးဖြတ်ချက်ချမှတ်ပြီးဖြစ်သည်။ ထိုအချိန်တွင် မြန်မာပြည်ကို မြန်မာဘုရင် မည်သူအုပ်ချုပ်စိုးစံနေသည်ဖြစ်စေ သိမ်းယူတော့မည်မှာ အသေအချာဖြစ်သည်။ အင်္ဂလိပ်အရင်း ရှင်တို့ကို နှိုးဆွတိုက်တွန်းနေသည့် အခြားအ ကြောင်းတစ်ရပ်မှာ သီပေါဘုရင်က ပြင်သစ်ကုမ္ပ ဏီတစ်ခုကို တစ်နှစ်အခွန်တော်ငွေကျပ်သုံး သိန်း ပေးဆောင်စေ၍ ပတ္တမြားကျောက်တွင်း တူးဖော်ခွင့်ပြုလိုက်ကြောင်း ပြင်သစ်ဘဏ်တစ် ခုကို ဖွင့်လှစ်၍စီစဉ်နေကြောင်း ပြင်သစ်မီး သင်္ဘောကုမ္ပဏီတစ်ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း မန္တလေးမှ ရှမ်းပြည်ကိုဖြတ်လျက် အင်ဒိုချိုင်း နားရှိ တုံကင်းနှင့်လည်း မီးရထားလမ်းတစ်ခု ဖောက်လုပ်ရန်စီစဉ်နေကြောင်း စသည့် သ တင်းများဖြစ်သည်။ စသည့်နယ်ချဲ့များ၏ စား ကျက်လုပွဲတွင် မြန်မာ့ထီးနန်းသည် အချောင် ဆုံးရှုံးခဲ့ရသည်ဟု ဆိုရမလိုဖြစ်ခဲ့သည်။ အင်္ဂ လိပ်တို့က ဘုံဘေဘားမားသစ် ကုမ္ပဏီကိစ္စကို အကြောင်းပြုပြီး အကောင်အထည်ဖော်လိုက် သည့် အထက်မြန်မာနိုင်ငံသိမ်းပိုက်ရေးအစီအ စဉ်ဖြစ်သည့် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲသည် တစ်ဖက်သတ်အသာစီးဖြင့် အင်္ဂလိပ်တို့အောင် ပွဲခံခဲ့သည်။ စစ်ချီတက်လာသည့် အင်္ဂလိပ်စစ် တပ်သည် မြန်မာတပ်များ၏ မဆိုစလောက် သော ခုခံမှုကိုသာ ရင်ဆိုင်ခဲ့ရပြီး သီပေါဘုရင် ကို သက်တောင့်သက်သာဖြင့် ဖမ်းဆီးပြီးနောက် စစ်ပွဲကို အဆုံးသတ်လိုက်သည်။ စစ်ပွဲကာလ သည် ၁၄ ရက်သာကြာမြင့်သည်။ တစ်လခန့် အကြာတွင် နေမဝင်ဗြိတိသျှအင်ပါယာကြီး၏ အရှင်သခင် ဝိတိုရိယဘုရင်မကြီးအား ၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် နှစ်သစ်ကူး လက်ဆောင်အဖြစ် မြန်မာနိုင်ငံကို ပေးအပ် လိုက်သည်။ ထိုကာလမှ ဆဋ္ဌမမြောက်ဂျော့ ဘုရင်လက်ထက်အထိ အပြည့်အဝ ကိုလိုနီ လက်အောက်ခံဘဝသို့ ကျရောက်ခဲ့သည်။ ပထမအင်္ဂလိပ်မြန်မာစစ်ပွဲတွင် လက်လွှတ်ဆုံး ရှုံးခဲ့ရသည့် ရခိုင်တနင်္သာရီဒေသတို့၊ ကိုလိုနီ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ရသည့် ကာလများမှ စ တင်ရေတွက်သော် နှစ်ပေါင်း ၁၂၂ နှစ်တိုင်း ကျွန်သက်ရှည်ခဲ့ရလေသည်။
.
လွတ်လပ်ရေးစတင်ဆုံးရှုံးသည်မှ လုံးဝလွတ်လပ်ရေးကို ပြန်လည်ရယူနိုင်သည့် ကာ လအထိ လွတ်လပ်ရေးတိုက်ပွဲဝင် ရဟန်း၊ ပြည်သူအပေါင်းနှင့် မျိုးချစ်သူရဲကောင်းအပေါင်း တို့၏ အသက်သွေးချွေး မြောက်များစွာကိုရင်း နှီးခဲ့ရသည်။ ယနေ့ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ကြိုးပမ်းခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ လူထုခေါင်းဆောင်များသည် လွတ်လပ်ရေး ရလုရခင်ကာလတွင် လုပ်ကြံခံခဲ့ရသည်။ ထိုအခါ သခင်နုက ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဒုတိယဝန်ကြီးချုပ် ဗိုလ်လကျာ်၊ နိုင်ငံရေးအတွင်းဝန် ဗိုလ်ထွန်းလင်းတို့နှင့်အတူ  အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက်ပြီး နန်းရင်းဝန် အက်တလီနှင့် တွေ့ဆုံဆွေးနွေး သည်။ ရလဒ်အဖြစ် နု-အက်တလီစာချုပ်ခေါ် မြန်မာ့လွတ်လပ်ရေးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ သည်။ ထိုစာချုပ်ပါအချက်အလက်များကို ၁၉၄၇ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ တွင် တိုင်းပြည်သို့ ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ဗြိ တိသျှပါလီမန်က မြန်မာနိုင်ငံလွတ်လပ်ရေးဥပ ဒေကြမ်းကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၂၈ မဲ၊ ကန့်ကွက်မဲ (သို့မဟုတ်)ကြားနေမဲ ၁၁၄ မဲ ဖြင့် အတည်ပြုနိုင်ခဲ့သည်။ ထောက်ခံမဲအသာ ဖြင့် အနိုင်ရခဲ့သည်။ မြန်မာ့လွတ်လပ်ရေးဥပဒေ ကို ဗြိတိသျှအင်ပါယာဥသျှောင်ဂျော့ဘုရင်မင်း မြတ်က လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ သည်။ ထို့ကြောင့် မြန်မာ့လွတ်လပ်ရေးသည် အခမ်းအနားနှင့် လွှဲပြောင်းယူရန်သာကျန်တော့ သည့်အဆင့်သို့ ရောက်နေပြီး လွတ်လပ်ရေးရယူ မည့် နေ့ရက်နှင့်အချိန်ကို သတ်မှတ်ရန်သာလို တော့သည်။
.
ဗိုလ်ချုပ်တို့ မကျဆုံးမီအချိန်ကပင် လွတ်လပ်ရေးရယူမည့် နေ့ရက်နှင့်အချိန်ကာလတို့ကို စီစဉ်ရန် ပြန်ကြားရေးဝန်ကြီးတာဝန်ယူထားသည့် ဒီးဒုတ်ဦးဘချိုက ကြိုတင်စီစဉ်ထားသည်။ မြန်မာ့လွတ်လပ်ရေး ရယူမည့်နေ့ရက်၊ အချိန်အခါကို ကိန်းခမ်းဗေဒင်ဇာတာခွင်များနှင့် စနစ်တကျလုပ်ရန်အတွက် ပျဉ်းမနားမြို့မှ နာမည်ကျော် ဆရာကြီးဦးသန်းမောင်နှင့် တပည့်ရင်း ဖြစ်သူ ဆရာမောက်တို့ကို ဇာတာရေးရန် တာဝန်ပေးခဲ့သည်။ သို့သော် ဒီးဒုတ်ဦးဘချိုသည် ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးခဲ့သဖြင့် ဇာတာကိစ္စ ရပ်ဆိုင်းသွားသည်။ သို့သော် ပြန်ကြားရေးဝန် ကြီးသစ် သခင်လွန်းဘော်သည် ဒီးဒုတ်ဦးဘ ချို၏ ကြိုတင်ပြင်ဆင်ထားမှုကို သိရှိသဖြင့် လွတ်လပ်ရေးအခါ ဂြိုလ်ခွင်ဇာတာများ တွက် ချက်မှုများကို တောင်းခံသည်။ ပျဉ်းမနားဦးသန်း မောင်မှအစပြုပြီး ပညာရှင်အများအပြား၏ တွက်ချက်ဖွဲ့အပ်သည့် ဇာတာခွင်၊ ဂြိုဟ်ခွင်များ သည် ဝန်ကြီးထံသို့လည်းကောင်း၊ အချို့ပညာ ရှင်များ၏ လွတ်လပ်ရေးအခါ ဂြိုဟ်ခွင်ဇာတာ များသည် သတင်းစာများတွင်ပါလာသည်။ မြန် မာ့လွတ်လပ်ရေးနေ့နှင့် ပတ်သက်ပြီး သတင်း စာများတွင် ဝေဖန်ရေးဆောင်းပါးများ အဆက် မပြတ်ထွက်လာသည်။ ထိုသို့ သတင်းစာများ ပေါ်တွင် ဤရက်သည်ကောင်း၏၊ ထိုအချိန် သည်မကောင်း စသည်ဖြင့် အပြန်အလှန်ရေး သားရင်း ဝေဖန်ရေးဆောင်းပါးများ ပလူပျံ အောင်ထွက်လာသည်။ တိုက်ပွဲသည် ပြင်းထန် လာသဖြင့် လွတ်လပ်ရေးအခါဂြိုဟ်ခွင်ဇာတာ များနှင့် ပတ်သက်သည့် ဆောင်းပါးများကို သတင်းစာတွင် မထည့်ရဟု ဝန်ကြီးချုပ်အမိန့်ဖြင့် ပိတ်ပင်ရသည်အထိ ဖြစ်ခဲ့သည်။
.
၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလလယ်လောက်တွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက် ၄ နာရီ မိနစ် ၂ဝ တွင် မြန်မာ့လွတ်လပ်ရေးကို ကြေညာမည်ဟု သတင်းစာများတွင် ပါလာခဲ့သည်။ ဤဇာတာကို ဆရာတော်တစ်ပါးနှင့် ဗိုလ်လကျာ်၏ ဗေဒင်ဆရာပဲခူးဦးသက်တင်တို့က တွက်ချက်အခါပေးသည်ဟုဆိုသည်။ မည်သို့ဆိုစေ ဇန်နဝါရီလ ၄ ရက်၊ နံနက် ၄ နာရီ မိနစ် ၂ဝ သည် မြန်မာ့လွတ်လပ်ရေး ရယူနိုင်ခဲ့သည့် အချိန်ဖြစ်လာသည်။ မြန်မာသက္ကရာဇ် ၁၃၈၉ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက်၊ တနင်္ဂနွေနေ့ဖြစ်သည်။ နံနက် ၄ နာရီ မိနစ် ၂ဝ တိတိအချိန်တွင် ရန်ကုန်ဆိပ်ကမ်း၌ ဆိုက်ကပ် ထားသည့် ဗြိတိသျှဘာမင်ဂမ်စစ်သင်္ဘောကြီးမှ အမြှောက်ပစ်ဖောက်ပြီး မင်္ဂလာအချိန်သို့ ဆိုက် ရောက်ပြီဖြစ်ကြောင်း အချက်ပေးလိုက်သည် နှင့် တိုင်းပြုပြည်ပြု လွှတ်တော်ရှေ့မျက်နှာစာတွင် ရှိ အလံတိုင်တွင် လွှင့်ထူထားသည့် ဗြိတိသျှယူ နီယံဂျက်အလံတော်ကို အင်္ဂလိပ်စစ်င်္ဘောမှ စစ် တီးဝိုင်းက ဗြိတိသျှနိုင်ငံတော်သီချင်းကိုတီး မှုတ်ပေးသည်။ ယူနီယံဂျက်အလံချပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံတော်ကို ဗမာ့တပ်မတော်ရေမှ စစ်သည်နှစ်ဦးက တိုင် ထိပ်သို့ ဖြည်းဖြည်းချင်းလွှင့်တင်လိုက်သည်။ စစ်တီးဝိုင်းအဖွဲ့မှ ''ကမ္ဘာမကြေ''နိုင်ငံတော် သီချင်းကို တီးမှုတ်ပေးသည်။ တက်ရောက်လာ သည့် ပရိသတ်အပေါင်းတို့ ဦးညွှတ်အလေးပြု သည်။ အလံတင်အခမ်းအနားပြီးသည်နှင့် နံ နက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် လွှတ်တော် အစည်းအဝေးခန်းမ၌ နိုင်ငံတော်အာဏာကိုလွှဲ ပြောင်းပေးအပ်သည့် အခမ်းအနားကို ဆက် လက်ကျင်းပသည်။ ထိုအချိန်အထိ ရှိနေသော တိုင်းပြုပြည်ပြု လွှတ်တော်သည် ယာယီမြန်မာ ပါလီမန်ဖြစ်လာသည်။ နာယကကြီးစဝ်ရွှေသိုက်    သည် ယာယီသမ္မတဖြစ်လာသည်။ ပါလီမန် ဥက္ကဌအဖြစ် ပျော်ဘွယ်ဦးမြက တာဝန်ယူသည်။
.
ထွက်တော်မူရာ နန်းကခွာ
.
လွှတ်တော်အစည်းအဝေးခန်းမ၌ အာဏာ လွှဲပြောင်းသည့် အခမ်းအနားပြီးနောက် ဘုရင်ခံ ဆာဟူးဘတ်ရန့်ထံမှ နိုင်ငံတော်အာဏာအပ်နှင်းပွဲကို နံနက် ၆ နာရီခွဲတွင် စတင်သည်။ ဘုရင်ခံ၏အိမ်တော်ရှေ့တွင် အခမ်းအနားကျင်း ပသည်။ အခမ်းအနားကျင်းပရာစင်မြင့်ရှေ့တွင် ရှိနေသည့် တိုင်ထိပ်တွင် လွှင့်ထူထားသည့် ယူနီယံဂျက်အလံကို ချ၍ ပြည်ထောင်စုမြန်မာနိုင် ငံတော်အလံကိုလွှင့်ထူသည်။ စစ်တီးဝိုင်းမှ အလံတင် အလံချနေစဉ် နှစ်နိုင်ငံ အမျိုးသားသီချင်းကို တီးမှုတ်သည်။ မြန်မာနိုင်ငံတော်အလံ တိုင်ထိပ်ပေါ်သို့ရောက်သည်နှင့် ဘုရင်ခံဆာဟူး ဘတ်ရန့်သည် သမ္မတကြီးစဝ်ရွှေသိုက်ကိုလက် ဆွဲနှုတ်ဆက်ပြီး သင်္ဘောဆိပ်သို့ဆင်းရန် သမ္မ တကြီးနှင့်အတူ ကားနှင့်ထွက်သွားသည်။ ဘာမင်ဂမ်စစ်သင်္ဘောပေါ်သို့ ဆာဟူးဘတ်ရန့်တက် သွားသည့်အခါ စစ်တီးဝိုင်းမှာ ဘင်ခရာများကို ငြိမ့်ညောင်းစွာ တီးမှုတ်သည်။ နံနက် ၈ နာရီ ၂ဝ မိနစ်တွင် မြန်မာပြည်ဘုရင်ခံဟောင်းသည် ရန်ကုန်ဆိပ်ကမ်းမှတဆင့် မြန်မာ့မြေပေါ်မှ နှုတ်ဆက်ထွက်ခွာသွားသည်။
.
ထို့နောက် လွှတ်တော်အစည်းအဝေးခန်းမတွင် အစိုးရအဖွဲ့နှင့် ဧည့်ပရိသတ်အပေါင်းတို့ အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သစ်၏ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက်က တိုင်တည်ပြီး မြန်မာ့လွတ်လပ်ရေးကြေညာစာ တမ်းကြီးကို ဖတ်ကြားသည်။ မြန်မာ့လွတ်လပ်ရေးကို ကမ္ဘာသို့ကြေညာလိုက်ခြင်းဖြစ်သည်။ အေးမြလှသည့် ဆောင်းနံနက်ခင်းနှင့်အတူ နိုင်ငံတစ်ခု မွေးဖွားခြင်းကို ကမ္ဘာသို့ သတင်း ပေးလိုက်ခြင်းဖြစ်သည်။ မြူနှင်းစိုစိုလပြာသို၏ အခါကာလတွင် နိုင်ငံတော်တစ်ခုကို ဒုတိယ အကြိမ် ထပ်မံမွေးဖွားလာခြင်းဖြစ်သည်။
.