ကလောမြို့နယ်၊ နန်ပန်တက်ကျေးရွာတွင် နေအိမ်မီးလောင်ရာမှ လူ ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, December 30, 2018

ကလောမြို့နယ်၊ နန်ပန်တက်ကျေးရွာတွင် နေအိမ်မီးလောင်ရာမှ လူ ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရ



.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မှ ၁၈ မိုင်ခန့်အကွာ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန်းပန်တက်ကျေးရွာတွင် ဒီဇင်ဘာလ ၃၀ ရက် နံက် ၃ နာရီခွဲခန့်က နေအိမ်တစ်လုံးမီးလောင်ကျွမ်းရာ အိမ်ရှင်နှင့် အသက် (၁၁) နှစ် အရွယ် ကလေး တစ်ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
“မြေးအဖွားနှစ်ယောက်က အိပ်ပျော်နေပြီး မီးလောင်ခံရတာပါ။ ဒဏ်ရာရသူတွေကတော့ လက်နဲ့ မျက်နှာ မီးဟပ်ပြီး မစိုးရိမ်ရအခြေအနေမှာရှိပါတယ်။ လမ်းကကျဉ်းတော့ မီးသတ်ကားဝင်ရတာ ခက်ပြီး ကြန့်ကြာပေမဲ့ လူထုက အင်အားကောင်းပြီး နန်းပန်တက်ချောင်းကလည်း အနီးမှာရှိတော့ မီးငြိမ်းသတ်ရတာ မြန်ပါတယ်။ လောင်စာဖြစ်နိုင် တာတွေကို စနစ်တကျသိမ်းဆည်းကြဖို့ လူထုကိုပြောချင်ပါတယ်”ဟု ကလောမြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦစီးမှူး ဦးနေရဲကျော်က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန်းပန်တက်ကျေးရွာနေ အိမ်ရှင် ဒေါ်ညွန့်ကြည်နေအိမ်တွင် ဒီဇင်ဘာလ ၃၀ ရက် နံနက် ၃ နာရီခွဲခန့်က ထွန်းထားသည့်ဖယောင်းတိုင်မီးမှ အနီးရှိ မီးသွေးအိတ်ပေါ်သို့ လဲကျရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အိမ်ရှင်ဒေါ်ညွန့်ကြည်နှင့် မြေးဖြစ်သူ မောင်မိုးစက်လင်း(၁၁)နှစ်တို့မှာ မီးလောင် ဒဏ်ရာများဖြင့် အခင်းဖြစ် နေရာတွင်သေဆုံးခဲ့ကာ အတူနေ သမီးဖြစ်သူ ဒေါ်စန္ဒာ (၄၇နှစ်)၊ မသန်မစွမ်း နှင့် ကိုကြယ် (၂၉နှစ်)တို့မှာ လက်နှင့်မျက်နှာ တို့တွင် မီးဟပ်သည့်ဒဏ်ရာများဖြင့် ကလောဆေးရုံသို့ တင်ပို့ထားရ ကြောင်း သိရှိရသည်။
.
မီးလောင်မှုအား ကလောမြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် ၁၄ ဦး၊ အရန်မီးသတ် ၂၀ ဦးနှင့်ရွာလူထူ ၅၀ ဦး၊ မီးသတ်ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီခွဲအချိန်တွင် မီးငြိမ်းခဲ့ပြီး  မီးလောင်မှုကြောင့် မော်တော်ဆိုင်ကယ် ၄ စီးနှင့်နေအိမ်တို့မှာ မီးလောင်ပြာကျသဖြင့် ဆုံးရှုံးမှုတန်ဘိုး ကျပ်သိန်း ၂၀ ခန့်ရှိမည်ဟု ခန့်မှန်းကြောင်း မီးသတ်ဦးစီးဌာနမှ ပြောကြားသည်။
.
ယင်း မီးလောင်မှုနှင့်ပတ်သက်၍ သေဆုံးသွားသည့် အိမ်ရှင်ဖြစ်သူ ဒေါ်ညွန့်ကြည်အား ကလောမြို့မရဲစခန်းမှ (ပ)၁၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ ၂၇၉၊ ၃၃၇၊ ၃၃၈၊ ၃၀၄(က) တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.