ဟက်ပီးနယူးယား ၂ဝ၁၉ နှစ်သစ် လက်ဆောင်မွန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, December 31, 2018

ဟက်ပီးနယူးယား ၂ဝ၁၉ နှစ်သစ် လက်ဆောင်မွန်



ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.

Photo - Internet
.
တစ်နှစ်ကုန်ပြန်
.
''အချိန်နှင့် ဒီရေသည် လူကိုမစောင့်''ဟူ သော ဆိုရိုးစကားအတိုင်းပင် အချိန်တို့သည် စက္ကန့်နှင့်အမျှ ကုန်ဆုံးသွားကြ၏။ ဥတုသုံးလီ ရာသီဆယ့်နှစ်လတို့ကား ပုံမှန်ကုန်လွန်နေ၏။ ငယ်ဘဝတုန်းက သင်္ကြန်ပွဲပြီးနောက် ဝါကျွတ် ပွဲအတွက် ၆ လတာ စောင့်ဆိုင်းရသည်ကို အ ကြာကြီးကြာမြင့်သည်အထင်ရှိခဲ့ပါ၏။ ယခုလို အသက် ၇ဝ ကျော် တတိယအရွယ် ကုန်ဆုံး ခါနီးတွင်ကား တစ်နှစ်ပြီးနောက် တစ်နှစ်သည် မျက်စိတစ်မှိတ်လျှပ်တစ်ပြက် ကဲ့သို့ပင် ဖြုတ် ချည်းလျင်လျင်မြန်မြန်ကြီး ကုန်လွယ်လွန်းလှသည်မို့ မယုံနိုင်လောက်အောင် အံ့သြမိရပါ၏။ နှစ်သစ် ၂ဝ၁၉ ခုနှစ်ကို ကြိုဆိုသောအားဖြင့် ဆောင်းပါးတစ်ပုဒ်ရေးဖို့ စိတ်ကူးရမိ၍ ထိုင်ရေး ဖြစ်သောအခါ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်း သို့ ဝင်ရောက်နေပေပြီ။ မကြာမီရက်ပိုင်းအ တွင်း၌ နှစ်ဟောင်း ၂ဝ၁၈ ကို နှုတ်ဆက်၊ နှစ် သစ်ကိုပွေ့ဖက်လျက်ဘဝရှေ့စခန်းဆက် လက်ချီတက်ရပေဦးတော့မည်။ နှစ်သစ်လက်ဆောင်မွန်အဖြစ် အကျိုးရှိရာရှိကြောင်း ရေးသားလက်ဆင့်ကမ်းလို၏။ မည်သူတွေအတွက် ဦးစားပေးမည်နည်။ ဘာအကြောင်း အရာတို့ကို မီးမောင်းထိုးပြမည်နည်း။
.
တိုင်းပြည်တစ်ပြည်တိုးတက်ဖွံ့ဖြိုးဖို့ လူ့အရင်းအမြစ်သည် အဓိကအရေးကြီး၏။ ပညာ တတ်ကာ နှလုံးလှပြီး အသုံးကျဖို့လည်း ပိုမိုလို အပ်၏။ မြေပေါ်မြေအောက် သယံဇာတပေါ ကြွယ်ခြင်းကား အထောက်အပံ့ပြုရေးသာရှိ၏။ ပညာမဲ့ နှလုံးပုပ်ပြီး အသုံးမကျလောကကြီးကို ဒုက္ခတွေ ဗရပွပေးမည့်သူများ၊ အထူးသဖြင့် နိုင်ငံ့ဥသျှောင် ခေါင်းဆောင်ကြီးများ အရည်အချင်းချို့တဲ့၊ အတ္တစိတ်ကြီးမား၊ ရာထူးကိုရာသက်ပန် ဆုပ်ကိုင်ထားလိုကြပါလျှင် တိုင်းပြည်ကြီးသည် တစ်ရှိန်ထိုးကျဆင်းရုံမက ပြည်တွင်းပြည်ပြေ<ွကးတွေလည်ပင်းနစ်ပေတော့မည်။ ကမ္ဘာ့ သမိုင်း၌ ရွှေရောင်လွှမ်း ရွှေခေတ်ကိုထူထောင်နိုင်ခဲ့ သည့် ဂရိတိုင်းပြည်၊ ကျွန်တော်တို့ မြန်မာ့သမိုင်း၌ ပေါက်ကံပြည်ကြီး(ပုဂံ)တို့ ယိုယွင်းကျ ဆင်းပျက်စီးခဲ့ရသည်မှာ မင်းဆိုးမင်းညစ်များ၏ လက်ချက်တို့ကြောင့် ဖြစ်ခဲ့ရပြီးပြီ။ ဘာသာရပ် အသေ Dead Subject ဟုဆိုကြသည့် သမိုင်း ဘာသာကို သင်ကြားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ''မအအောင်''ဟု သမိုင်းပါမောက္ခသု တေသီဒေါက်တာသန်းထွန်းက မိန့်ကြားခဲ့ပါ၏။ သင်ခန်းစာယူရမည်။ ဟန်မကျခဲ့လျှော်ခဲ့သည် များကို ရှောင်၊ ဟန်ကျခဲ့တော်ခဲ့ကြသည်များကို ဆောင်၊ ဤသို့အားဖြင့် တိုးတက်အောင်မြင်မှုကို ရှေးရှုကြရပါလိမ့်မည်။
.
လူ့အရင်းအမြစ်သည် ကျောင်းသားလူငယ် များဖြစ်ကြ၏။ တပည့်များကို လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် ပန်းပုဆစ်ထုကြသူများကား ကျောင်းဆရာ၊ ဆရာမများဖြစ်ပါသည်။ ဆရာ တွေ ဆရာ့ကျင့်ဝတ်ပြည့်စုံ၊ ဝါသနာ၊ စေတနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာဟူသော နာငါး နာနှင့် ပြည့်စုံလျှင် လူချွန်လူကောင်းများ ပေါ် ထွန်းလာမည်မှာ မုချမလွဲပေ။ မိရင်းဖရင်းမှ လွဲလျှင် စာတတ်အတန်းအောင်ရုံမှမဟုတ်မူဘဲ ဆုံးမသွန်သင်နိုင်ပါမှ အာစရိယမည်ပေမည်။ ရတနာမြတ်သုံးပါးနှင့် တစ်ဂိုဏ်းတည်းထားနိုင် အကန်တော့ခံနိုင်ပါမည်။
.
ဆရာကောင်းအင်္ဂါ
.
ကဲ ဒုတိယမိဘခေါ်ဆိုထိုက်သော အာစရိ ယများ၌ ပြည့်စုံရမည့်အရည်အချင်းများကား အဘယ်တို့ပါနည်း။ လောကအတွက် မရှိမဖြစ် လိုအပ်သော ပုဂ္ဂိုလ်များဖြစ်သည့် အနန္တော၊ အနန္တဂိုဏ်းဝင် အာစရိယသခင်များ၌ အတတ် ပညာပိုင်းသာမက၊ အသိပညာနှင့် ကိုယ်ကျင့် ပိုင်းဆိုင်ရာ အရည်အချင်းတို့ ပြည့်ဝဖို့လို ကြောင်း စာဖတ်နာသူတိုင်း သိရှိထားကြပြီးဖြစ် ပါသည်။ အတတ်ပညာပိုင်းအနေနှင့် မိမိအထူး ပြုရာ အတတ်ပညာတို့တွင် ပြည့်စုံကုံလုံကြပါ၏။ သင်ရိုးညွှန်းတမ်းထက် ပြင်ပစာဖတ်ကြသော ဆရာတို့အဖို့ အသိပညာလည်း ကြွယ်ဝမည်မှာ အထူးပြောစရာမလိုတော့ပါ။ ကိုယ်ကျင့်ပိုင်းဆိုင်ရာ အရည်အချင်းများနှင့် ပြည့်စုံရန်မူ အကြမ်းအားဖြင့် ငါးပါးသီလမျှကို မကျိုးမပေါက် မပြောက်မကျားအောင်ထိန်းသိမ်းထား နိုင်ပါက လုံလောက်သည်ဟု ဆိုနိုင်ပါပြီ။ အကြောင်းသော်ကား ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံရန် လိုအပ်သော အခြေခံ လူ့ကျင့်ဝတ်ဂုဏ်ရည်ဟူ သည် ငါးပါးပဉ္စသီလဖြစ်သောကြောင့်ပါ။ ငါး ပါးကြီးများတောင်မှ လုံခြုံအောင်ထိန်းသိမ်းရ ခက်ခဲလိမ့်မည်ဟု လျှော့ပေါ့တွက်ကြသူတို့အဖို့ လိုရင်းတစ်ချက်တည်းကို စောင့်ထိန်းဆောက် တည်နိုင်က ရပါပြီ။ ''အလို ဟုတ်မှလည်းပြောပါ စာရေးဆရာရယ်''ဟု စောဒကတက်လိုသော စာဖတ်သူများအား ကိုယ်ချင်းစာနာစိတ်တစ်ခု မွေးမြူကျင့်သုံးက သီလငါးပါးလုံးလုံခြုံနိုင်ဖို့ ဖြစ်ခြင်းအကြောင်းရင်းဖြစ်သည်ကို ဖော်ပြပေး ချင်ပါ၏။ ငါးပါးသီလလုံခြုံရုံမျှနှင့် တောင့်တ တိုင်းပြည့်စုံနိုင်သည်ဟု သူတော်ကောင်းတို့ မိန့်ဆိုချက်အရ ဆရာ့ကိုယ်ကျင့်လည်းပြည့်စုံ၊ ကျန်သောလိုအပ်ချက် အသီးသီးလည်း ပြည့်စုံ နိုင်ခြင်းကာ မည်မျှကောင်းပါသနည်း။ ကျွဲကူး ရေပါဆိုစကားနှင့်အညီ သီလ ၅ ပါးသာလုံခြုံ ကျန်တောင့်တပြည့်စုံ ကောင်းလှ၏တည်း။
.
ကျွန်တော်တို့ ဂေါတမမြတ်ဗုဒ္ဓသည် လောကုတ္တရာသံသရာမှ ထွက်မြောက်ရာတရား များကိုချည်းသာ ဟောကြားညွှန်ပြတော်မူသည် မဟုတ်ပါ။ သတ္တဝါများ လောကသုံးပါး၌ ကျင် လည်နေရစဉ်အတွင်း အားလုံးအဆင်ပြေပြေ ကျန်းမာချမ်းသာကြပါစေရန် ရည်သန်၍လော ကီကျင့်ဖွယ်ရာ အသွယ်သွယ် တရားတော်များ ကိုလည်း ဟောကြားတော်မူခဲ့ပေသေး၏။ လူမှု ရေးတရားတော်များအနက် အာစရိယမည်ထိုက် အောင် ဆရာကောင်းများအတွက် ပြည့်စုံသင့် သည့် ဆရာ့ကောင်းအင်္ဂါခုနစ်ပါးကို အင်္ဂုတ္ထိုရ် ပါဠိတော် သတ္တကနိပါတ် ဒေဝတာဝဂ်ဒုတိယ မိတ္တသုတ်တော်မှာ သြဝါဒတရားမြတ်မိန့်ကြား တော်မူခဲ့သည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်၏။
.
ပထမအင်္ဂါ
.
ဆရာကောင်းမှန်လျှင် ''ပီယ''ဂုဏ်နှင့်ပြည့် စုံအောင် နေထိုင်ကျင့်သုံးရ၏။ တပည့်များချစ် ခင်မှုကို ခံယူရရှိနိုင်အောင် ပြောဆိုနေထိုင်အပ်၏။ အတတ်ပညာ၊ အသိပညာများကို စေတနာ အပြည့်အဝ စိတ်လက်ရှည်စွာ သင်ပြသင့်၏။ ချို့တဲ့သည့် တပည့်များအား စာအုပ်ခဲတံ စသည်အခါအားလျော်စွာ ဝေငှထောက်ပံ့သင့်၏။ ဤသည်တို့ကား တပည့်ကို ချီးမြှောက်ခြင်းမည်ပါပေ၏။ မျက်မှောက်ခေတ်ကာလ၌ ပထမအချက်နှင့် ပြည့်စုံသော ဆရာ အတော်အသင့်တော့ ကျန်သေး၏။ ဝါသနာ၊ စေတနာအရင်း ခံရှိက သူ့အလိုလို ဆောင်ရွက်ပေးပြီးဖြစ်၏။ လစာတစ်ခုကိုသာ မက်မောပြီး ပညာရေးလော ကသင်ကြားဆရာအဖြစ် ဝင်လာခဲ့လျှင် ဤအ ချက်နှင့် မပြည့်စုံနိုင်ပါ။ စေတနာမှန်ပြီး နှုတ်လျှာ ကြမ်းလျှင်လည်း တပည့်တို့၏ ချစ်ခင် လေးစားမှုကို မရရှိနိုင်ပါပေ။
.        
ဒုတိယအင်္ဂါ
.
''ဂုရု''ဂုဏ်နှင့်ပြည့်စုံဖို့ လိုအပ်၏။ ဆရာ သမားဆိုသော ဂုရုအဆင့်သို့ရောက်ရှိအောင် ဘက်စုံ ဗဟုသုတ ပြည့်ဝနေဖို့လို၏။ အတန်း ပညာဘွဲ့များအပြင် ခေတ်ကြီးနှင့်အမီလိုက်နိုင် ရန် ပြင်ပဗဟုသုတအဖြာဖြာအတွက် စာများများ ဖတ်ရန်အရေးကြီး၏။ မှတ်လည်းမှတ်၊ ကျင့်လည်းကျင့်၊ ပြန်လည်လည်း မျှဝေညွှန်ကြား ဆုံးမပေးနိုင်ရပါမည်။ မေးမြန်းလာလျှင် လည်း တုံ့မဆိုင်းချက်ချင်းဒိုးခနဲ ဒက်ခနဲဖြေ ကြားပေးနိုင်မှ တပည့်များက အထင်ကြီးလေး စားကြပါမည်။ ဆရာဟူသည် တပည့်များထက် အသက်၊ သိက္ခာပညာကြီးသူများဖြစ်ကြသည့် အတိုင်း မည်သည့်အကြောင်းကြောင့်မှ သိက္ခာ မကျသင့်ပါ။ ဆရာ့သိက္ခာကျခြင်းသည် ကမ္ဘာ ပျက်ဖို့ခြေတစ်လှမ်းစတင်လှမ်းခြင်း ဖြစ်နေပြီ ဟု ပညာရှိများက မိန့်ဆိုတတ်ကြသည်ကို အ ထူးသတိချပ်သင့်၏။ ခုခေတ်၌ သက်လတ်၊ သက်ငယ်များ မဆိုထားနှင့် အချို့သက်ကြီးပိုင်း များပင်လျှင် စာသိပ်မဖတ်ကြတော့ပါ။
.        
တတိယအင်္ဂါ
.
''ဘာဝနီယ''ဂုဏ်သည် အမှတ် ၃ အင်္ဂါ ဖြစ်၏။ ကြောင်းကျိုးပြခိုင်မာစွာဖြင့် နားဝင်အ သည်းစွဲသွားစေကာ တစ်သက်လုံးမှတ်ယူကျင့် သုံးနိုင်အောင် နူးညံ့သိမ်မွေ့ချိုသာစွာ ဆိုဆုံးမ တတ်သည့်ဂုဏ်ဖြစ်၏။ စကား ပြေပြစ်ချိုသာတိုင်း အနှစ်မပါလျှင်လည်း ဤဂုဏ်အင်္ဂါနှင့် ပြည့်စုံနိုင်မည်မဟုတ်ပါ။ တပည့်တို့၏ ဗီဇစရိုက် အမျိုးမျိုးရှိသည့်အနက် ဆိုးသွမ်းချင်သူအား လိမ္မာယဉ်ကျေးပြီး ပုံစံပြောင်းလဲသွားအောင် နှင့် တစ်သက်လုံး လိမ္မာယဉ်ကျေးအောင် လူ ကောင်းလူတော်ဖြစ်အောင် သွန်သင်နိုင်မှသာ ''ဘဝနီယ''အင်္ဂါ တတိယ အချက်နှင့်ပြည့်စုံနိုင် ပါမည်။ ခက်ခဲမည့် ဂုဏ်မဟုတ်ပါ။ မေတ္တာအ ရင်းခံလျှင် ပြည့်စုံနိုင်ပါ၏။
.
စတုတ္တအင်္ဂါ
.
အမှတ် ၄ အင်္ဂါရပ်မှာ''ဝတ္တာ''ဂုဏ်ဟုဆိုပါ ၏။ တပည့်များလမ်းမှားမရောက်အောင် ပြုမူ နေထိုင်ပြောဆိုပုံများကို အကဲခတ်ကာ ပြုပြင်ပေး၊ ဆုံးမပေးတတ်ရ၏။ တာဝန်နှင့်ဝတ္တရားဟူ ၍ နှစ်ကဏ္ဍရှိရာ၌ စာတတ်မြောက်အောင် သင်ကြားပို့ချပေးခြင်းသည် တာဝန်ကျေထမ်း ဆောင်ခြင်းမည်၏။ ဝတ္တရားကား တပည့်များ အတွက် လုပ်ပေးသင့်၊ ဆုံးမသင့်သည်တို့ကို ဆရာ့ကျင့်ဝတ်အရ ဆောင်ရွက်ပေးရခြင်းဖြစ် ၏။ တကူးတကသီးခြားကြီးတော့ သိပ်မလိုအပ် လှပါ။ အမြင်မတော်သည်ကို ဆုံးမပြုပြင်လျှင် အချိန်မီပါ၏။ မသိမမြင်မကြားလိုက်ရ၍ အချိန် အနည်းငယ်နှောင်းပြီး ယူဆက မိဘများကို ဆက်သွယ်ပြီး အကြောင်းကြားညှိနှိုင်းလက်တွဲ ဆောင်ရွက်ပေးက လမ်းကြောင်းမှန်ပေါ် တည့် မတ်တင်ပေးလိုက်နိုင်ပါမည်။ ဆရာမိဘအသင်း ဟူသည် ကျောင်းရန်ပုံငွေတိုးမြှင့်ရေးတစ်ခု တည်းအတွက် မဟုတ်ပါ။ ကျောင်းသားအရေး က ပို၍အဓိကကျကြောင်း သတိပြုသင့်ပါ သည်။
.
ပဉ္စမအင်္ဂါ
.
''ဝစနက္ခမ''ဂုဏ်သည် အမှတ် ၅ အင်္ဂါ ဖြစ်၏။ ဝစနက္ခမဟူသော ပါဠိဝေါဟာရ၏ အ နက်အဓိပ္ပာယ်မှာ တပည့်များက ဆရာကို အားကိုးကြီးစွာဖြင့် သူ့အခက်အခဲ၊ သူ့ပြဿနာ များ တင်ပြကာ အကြံတောင်းမည်။ ပြေလည်မည့် နည်းလမ်းမေးမြန်းတောင်းခံလာပါက စိတ်လက်ရှည်စွာ စိတ်ဝင်စားကာ မိမိသားသမီးအ ရင်းကဲ့သို့ သဘောပိုက်ပြီး နားထောင်ပေးရ၏။ မိမိဖြေရှင်းပေးခိုင်းက တပည့်သဘောပေါက် အောင် ပြောပြနားချကူညီပေးသင့်၏။ မိမိလက် လှမ်းမမီဖြစ်နေခဲ့သော် ပညာရှိ သက်ကြီးသူထံ ပို့ပေး၍ အဖြေရအောင် စီမံပေးသင့်၏။ ကုသိုလ် ပညာ ဥစ္စာသုံးချက် သာမက ကိုယ်ကျန်း မာ၊ စိတ်ချမ်းသာရေးအတွက်ပါ မေးကြပါဟု လမ်းကြောင်းဖွင့်ပေးထားအပ်သည်။
.
ဆဌမအင်္ဂါ
.
အမှတ် ၆ အင်္ဂါရပ်မှာ ''ဂမ္ဘီရကထံကတ္တာ'' ဂုဏ်ဖြစ်၏။ ဆရာတို့မည်သည် တပည့်များအတွက် စံနမူနာပုဂ္ဂိုလ်ဖြစ်၏။ ဂမ္ဘီရမှာနက်နဲသောဟု အနက်ထွက်၍ နက်နဲသောစကားများကို လည်း အခါအားလျော်စွာ ပြောပြပေးရ၏။ သို့မှသာ တပည့်များသည် ဆရာ့အတွေးအခေါ်များ ကြားနာရဖန်များလာသည့်အခါ သူတို့လည်း ဆရာ့နည်းတူ လေးနက်စွာ တွေးတောဆင်ခြင် တတ်သည့် အလေ့ကိုရရှိသွားနိုင်၏။ သူတို့နား နှင့်တန်ရုံမျှသော အတွေးအခေါ်ကိုလည်း ရွေး ချယ်တတ်ဖို့ အရေးကြီး၏။ အောက်ခြေမှစပြီး တစ်ဆင့်တစ်ဆင့်တက်ကာ ပိုမိုလေးနက်ရင့် ကျက်သော အတွေး အခေါ်အထိ တဖြည်းဖြည်း ဆွဲခေါ် မြှင့်တင်ပေးတတ်ရပါမည်။ ဆယ်ခွန်း တစ်ခွန်းဝင်၊ ဆယ်ဦးတစ်ဦးအဖတ်တင် ကျန်ရစ်လျှင်ပင် များစွာအကျိုးရှိနေပေပြီ။ သစ်တစ်ပင်၏ သစ်သီးသစ်စေ့များစွာအနက်မှ နောက်မျိုးဆက်သစ် တစ်ပင် ရှင်သန်ဖူးပွင့်သီးလျှင် မျိုးဆက်သစ်အသီးအစေ့များ ထောင်သောင်း တိုးပွားလာမြဲဖြစ်သည်။ ဤသို့အားဖြင့် မျိုး ဆက်သစ်လူငယ်များထံ လက်ဆင့်ကမ်းရင်း အဆက်မပြတ် တစ်ခေတ်ပြီးတစ်ခေတ်လူတော် လူကောင်း လူရည်မွန်၊ လူရည်ချွန်များ အစဉ် ပေါ်ထွန်းလာမည် မဟုတ်ပါလား။
.
သတ္တမအင်္ဂါ
.
''နော်စဌာနေနိယောဇန''ဂုဏ်ရည်သည် ဆရာများအဖို့ အသက်ထက်ဆုံးရှိနေရမည့် အမှတ် ၇ အင်္ဂါရပ်ဖြစ်၏။ တပည့်များကို အကျိုးယုတ်စေမည့် လုပ်ငန်းများ ပြုလုပ်မိအောင် မတိုက်တွန်းမိဖို့ သတိပြုရမည့်အချက်သည် နောက်ဆုံးမှ ဖော်ပြသော်လည်း အထူးအရေးကြီးလှ၏။ ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း မရည်ရွယ်ဘဲနှင့် ပြောမိညွှန်မိခိုင်းမိခြင်းသော် လည်းကောင်း၊ မည်သည့်အကြောင်းနှင့်မျှ မကျူးလွန်မိကြဖို့မှာ ဆရာသမား၏ စိတ်ရင်း စေတနာရင်းနှင့် ကိုယ်ချင်းစာနာစိတ်ပေါ်မူ တည်နေ၏။ အဇာတသတ်မင်းသား၏ ဆရာ ဒေဝဒတ်နှင့် အဂုင်္လိမာလ ၏ ဆရာ ဒိသာပါ မောက္ခတို့ကို သာဓကပြလို၏။ ဖခင် ဗိမ္ဗသာရမင်းကြီးအား သတ်မိမှား၍ ငရဲကျရောက်ရခြင်း၊ လက်ညှိုးပေါင်းတစ်ထောင်ပြည့်အောင် လူထောင်ကျော်သတ်မိရခြင်းတို့ကား ဆရာ့အမှား ဆရာ့ရည်ရွယ်ချက် ယုတ်မာမှုတို့ကြောင့် ဖြစ်ရသော ရင်နာဖွယ် ဇာတ်လမ်းများပါပေ။ကောင်း ရာကောင်းကြောင်းကို ရည်ရွယ်ချက် မွန်မြတ်ဖြင့်သာ တပည့်များ အလုပ်ကောင်းများ လုပ်ကိုင်မိဖို့ တိုးတက်ကြီးပွားချမ်းသာဖို့တို့ကို ရှေးရှုရမည်မှာ အာစရိယ၏ အရေးကြီးဆုံး ကျင့်ဝတ်အင်္ဂါ ဖြစ်ပါတော့သည်။
.
နိဂုံးချုပ်
.
စိတ်စေတနာကောင်းသော်လည်း နှုတ် လျှာကြမ်းမိလျှင် တပည့်များ မချစ်ခင်တတ်ကြ ပါ။ ဂုရုဂုဏ်နှင့် မပြည့်စုံလျှင် ဆရာ့သိက္ခာလျော့ပါးကာ အရည်အချင်းမဲ့ တပည့်များ နိုင်ငံခေါင်း ဆောင်ဖြစ်လာခဲ့သော် တိုင်းပြည်သာမက ကမ္ဘာလောကကြီးပါ ပျက်စီးဆုတ်ယုတ်ပေ တော့မည်။ တပည့်တွေကို လိမ္မာယဉ်ကျေး အောင် မသွန်သင်မညွှန်ပြနိုင်ပါက တပည့်လူ ဆိုးတွေ တိုးပွားစေတော့မည်။ ဆရာ့ဝတ္တရား ချို့တဲ့လျှင် တပည့်တို့ခမျာမှာ တောက်မည့်မီးခဲ မရဲနိုင်တော့ပေ။ ဆရာက တပည့်အခက်အခဲကို မဖြေရှင်းပေးနိုင်၊ သင့်ရာသို့ မပို့ဆောင်ပေး၊ မ အပ်နှံပေးနိုင်က ဒုက္ခပင်လယ်ဝေတော့မည်။ ခက်ခဲနက်နဲသော အတွေးအခေါ်မွေးမြူမပေး လိုက်နိုင်ပါက ဆန်ကုန်မြေလေးတွေ ဖြစ်ကုန် တော့မည်။ အရေးအကြီးဆုံးကား မတော်မရော် အတွေးအပြော အလုပ်သို့ လမ်းမှားမညွှန်မခိုင်း စေဖို့ပါ။ အာစရိယ မည်ထိုက်ဖို့ အင်္ဂါခုနစ်ရပ် ဆိုသော်ငြား တစ်ချက်ပြည့်ဖို့တောင် အတော် ကြီးဖြည့်ရသည်။ မည်ကာ မတ္တ ဆရာလား၊ တပည့်လက်အုပ် အကြွေးမတင်ဖို့အရေးကြီးပါ ကြောင်း။           
.