ငြိမ်းချမ်းရေးဖြစ်စဉ်သည် ပဋိပက္ခများကို ချုပ်ငြိမ်းနိုင်ခြင်း မရှိဘဲ ပိုမိုဖြစ်ပွားရန် တွန်းအားပေးနေဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, December 29, 2018

ငြိမ်းချမ်းရေးဖြစ်စဉ်သည် ပဋိပက္ခများကို ချုပ်ငြိမ်းနိုင်ခြင်း မရှိဘဲ ပိုမိုဖြစ်ပွားရန် တွန်းအားပေးနေဟု ဆို

ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ပြည်တွင်းစစ်ပွဲများကို အပြီးသတ် ချုပ်ငြိမ်းစေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း လက်တွေ့ တွင် ငြိမ်းချမ်းရေးဖြစ်စဉ်သည် ပဋိပက္ခများကို ချုပ်ငြိမ်းနိုင်ခြင်း မရှိဘဲ ပိုမို ဖြစ်ပွားစေရန် တွန်းအားပေးနေသည်ဟု သုံးသပ်မိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ဒီ ဇင်ဘာ ၉ ရက်က ကျရောက်သော ၁၉ နှစ်ပြည့် အထိမ်းအမှတ် သဘောထား ကြေညာချက်တွင် ထုတ်ပြန်ရေးသားခဲ့သည်ဟု သိရသည်။
.
.
ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လက်နက်ကိုင် ပဋိပက္ခများ၏ ဓားစာခံ အဖြစ်ခံနေရသော အမျိုးသမီးထု၏ ကိုယ်စားပြုမှုသည် ဆုံးဖြတ်ချက် ချမှတ်သည့် နေရာများတွင်လုံ လောက်စွာ ရှိမနေကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တန်းတူရေးကို အခြေမခံသည့်အပြင် အားလုံးပါဝင်မှု မရှိဘဲ ဆောင်ရွက်ပါက ဟန်ပြငြိမ်းချမ်းရေးသာ ရရှိမည်ဖြစ်ကြောင်းနှင့် ရေ ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည် ဖြစ်ကြောင်း အမျိုးသမီး များအဖွဲ့ (မြန်မာနိုင်ငံ)က အ ဆိုပါ ထုတ်ပြန်ချက်တွင် ထောက်ပြ ပြောဆိုထားကြောင်း သိရသည်။
.
''လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်ဟာ တရားဥပဒေ စိုးမိုးရေးအတွက် အသက်သွေးကြော ဖြစ်သလို တရားဥပဒေ စိုးမိုးရေးဟာလည်း ဒီမိုကရေစီစနစ် ရှင်သန်ရေးအတွက် အသက်သွေးကြော ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် ရေရှည် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ခိုင်မာစေဖို့အတွက်လည်း တရားဥပဒေ စိုးမိုးရေးက မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်ပါတယ်။ အခုလို သတင်းမီဒီယာတွေကို ပိတ်ပင်နေတာတွေ၊ လူ့အခွင့်အရေးအတွက် တက်ကြွ လှုပ်ရှားနေသူတွေကို နည်းလမ်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားနေတာတွေဟာ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် အတားအဆီးတွေ ဖြစ် တယ်လို့ ကျွန်မတို့ အဖွဲ့ချုပ်က ယူဆပါတယ်။ ဘယ်လိုပဲဖြစ်စေ ကျွန်မတို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကတော့ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ ကျား-မ တန်းတူရေး သာမက တိုင်းရင်းသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အာမခံ ပေးနိုင်မယ့် ဖက်ဒရယ်ဒီ မိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ အင်အားတစ်ခုအနေနဲ့ ဆက်လက်ပါဝင် ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ သိန္နိဋ္ဌာန် ပြုပါတယ်''ဟု အ မျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ အထွေထွေ အတွင်းရေးမှူး လွေးပိုး ငယ်က ပြောကြားခဲ့သည်။
.
ပြည်တွင်း ပဋိပက္ခစစ်ပွဲများ ကြောင့် အမျိုးသမီးများ မုဒိမ်းကျင့်ခံရခြင်း၊ သတ်ဖြတ် ခံရခြင်း၊ညှဉ်းပန်း နှိပ်စက်ခံရခြင်း၊ အတင်းအဓမ္မ လုပ် အားစေခိုင်းခံရခြင်း၊ ပေါ်တာဆွဲခံရခြင်း၊ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းတို့မှာ ယနေ့ကာလထိ ခံ စားနေရသည်ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
.
ထို့အပြင် ၂ဝ၁၈ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ပွားသည့် တိုက်ပွဲများသာ မက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း ဖြစ်ပွားသည့်တိုက် ပွဲများလည်း ရှိနေသဖြင့် လူ့အခွင့်အ ရေးချိုးဖောက်ခံရမှုများ ပိုမိုများပြား လာကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အဖွဲ့ (SWAN )၏ စစ်တမ်းများအရ သိရသည်။
.
ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်း ချမ်းရေးကို တည်ဆောက်နိုင်ရန်အတွက် တိုင်းရင်းသား ဒေသအသီးသီးတွင် စစ်ပွဲများ ရပ်တန့်ရန်နှင့် စစ်ပွဲ များအတွင်း ခံစားခဲ့ရသည့် ပြည်သူများ၏ ဘဝ ရပ်တည်ရှင်သန်နိုင်ရန်အတွက် တိုင်းရင်းသားဒေသ အသီး သီးတွင် တိုးချဲ့ထားသည့် အစိုးရတပ်မတော်များ နောက်ဆုတ်ပေးရန်လည်း ယင်းအဖွဲ့မှ တောင်းဆိုထားကြောင်း သိရသည်။
.

No comments:

Post a Comment