မိုင်းဖြတ်မြို့နယ်အတွင်းရှိ တောင်သူများနှင့် ဆက်စပ်လုပ်ငန်းရှင်များအား ငမြှောင်တောင်ပိုးအန္တရာယ် နှိုးဆော်သတိပေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, December 31, 2018

မိုင်းဖြတ်မြို့နယ်အတွင်းရှိ တောင်သူများနှင့် ဆက်စပ်လုပ်ငန်းရှင်များအား ငမြှောင်တောင်ပိုးအန္တရာယ် နှိုးဆော်သတိပေး



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ တောင်သူများနှင့် စိုက်ပျိုးရေးနှင့် ဆက်စပ်သော လုပ်ငန်းရှင်းများအား စိုက်ပျိုးရေးဦးစီးဌာနမှ ငမြှောင်တောင် (Fall Armyworm) အန္တရာယ် နှိုးဆော်သတိပေးချက်များကို ဒီဇင်ဘာ ၃ဝ ရက်နေ့ က ပေးပို့ထားကြောင်း သိရသည်။
.
.
''ယခုအခါ ဖျက်ပိုးမျိုးသစ် တစ်မျိုးဖြစ်တဲ့ (ငမြှောင်တောင်- Fall Armyworm)ဟာ နေပြည်တော်၊ မြင်းခြံမြို့နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွေမှာ အစေ့ထုတ်ပြောင်း စိုက်ခင်းများအတွင်း အနည်းငယ်ကျရောက် နေတဲ့အတွက် တောင်သူတွေကို အခုလို့ နှိုးဆော် သတိပေးချက်တွေ ပေးပို့ခြင်းဖြစ်တယ်''ဟု မိုင်းဖြတ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.
အဆိုပါ ဖျက်ပိုးသည် ပြောင်းနှင့် အခြားအဓိကသီးနှံများဖြစ်သော စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်နှင့် ဝါသီးနှံ အပါအဝင် သီးနှံမျိုးပေါင်း ၈ဝ ကျော်ကို စားသောက်ဖျက် ဆီးနိုင်သည့်အပြင် တစ်ညအတွင်း ကီလိုမီတာ ၁ဝဝ အထိ ပျံသန်းနိုင်စွမ်းရှိပြီး ထိရောက်စွာနှိမ်နင်းနိုင်ခြင်းမရှိပါက သီးနှံအထွက်နှုန်းကို သိသိသာသာ ထိခိုက်စေနိုင် သည့် အပြင် စားနပ်ရိက္ခာ ဖူလုံမှုအပေါ်တွင်လည်း များစွာသက်ရောက်စေနိုင်သော ဖျက်ပိုးဖြစ်သည့်အတွက် ထိရောက်စွာကာကွယ်နှိမ်နင်းရန် စိုက်ပျိုးရေး မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ သတိပေးနှိုးဆော်ထားသည်။
.
အဆိုပါ ငမြှောင်တောင် (Fall Armyworm)ဖျက်ပိုးကို တောင်သူများ၏ စိုက်ခင်းများတွင် တွေ့လျှင် တွေ့ချင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မိုင်းဖြတ်သို့ ချက်ချင်းအကြောင်းကြားနိုင်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ကျေးရွာများရှိ စိုက်ခင်းများသို့ အရောက် ကွင်းဆင်းစစ်ဆေးလျက် ရှိသဖြင့် ကြိုတင်ကာ ကွယ်ရေးနည်းလမ်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
.