တာချီလိတ်တွင် ထိုင်းနိုင်ငံမှ အလိုရှိတရားခံ တစ်ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားအား လိမ်လည်ပြုလုပ်မှုဖြင့် အရေးယူထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, December 30, 2018

တာချီလိတ်တွင် ထိုင်းနိုင်ငံမှ အလိုရှိတရားခံ တစ်ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားအား လိမ်လည်ပြုလုပ်မှုဖြင့် အရေးယူထား



မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)မှ အလိုရှိတရားခံ တစ်ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား လိမ်လည်ပြုလုပ်ကိုင်ဆောင်ထားမှုဖြင့် ဒီဇင်ဘာ ၂၉ ညနေပိုင်းက ထပ်ဆင့်အရေးအယူဆောင်ရွက်ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
.

.
အဆိုပါ ထိုင်းနိုင်ငံသား အိုက်ရှဲန်(ခ)အာဖိပိုနို(ခ)တော့နလုံပိုတစ်(ခ)ကျရမ်းဝတ် ချနရန်းချိုင်းဖတ်(ခ)အစ်ခရူ၊ (၂၅ နှစ်) သည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော ၂ နှစ်ခန့် ကတည်းက မယ်ဆိုင်ချောင်းအား တရားမဝင်ဖြတ်ကူး ဝင်ရောက်ပြီး အိုက်ရှဲန်အမည်ဖြင့် တရားမဝင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ် ကိုင်ဆောင်ထားစဉ် ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)၏ သတင်းဖလှယ်ချက်အရ ဒီဇင် ဘာ ၈ ရက် နံနက် ၆ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး ညိုပု ဦးစီးအဖွဲ့၊ တာချီလိတ် မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကိုကိုဦး ဦးစီး အဖွဲ့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်တော်ကော့(တွင်း)ရွာ၊ ချယ်ရီလမ်း၊ အမှတ်(၃၂၂/၁)နေအိမ်တွင် လိုင်စင်မဲ့ မော်တော်ယာဉ် တစ်စီး၊ နိုင်ငံသား စိစစ်ရေးကဒ်ပြား တစ်ခုနှင့်အတူ ဖမ်းဆီးရမိပြီး တာချီလိတ်မြို့မရဲစခန်းက (ပ)၄၄၂/၂ဝ၁၈၊ ပို့/သွင်း ၈ ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
.
''ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က သတင်းဖလှယ်ပေးပို့ချက်အရ ထိုင်းနိုင်ငံမှ အလိုရှိ တရားခံ တစ်ဦးပါ။ ဒီဇင်ဘာ ၈ ရက်နေ့ကတည်းက ပို့ကုန်၊ သွင်းကုန်ဥပဒေနဲ့ ဖမ်းဆီးစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဒီနေ့ ကျွန်တော်တို့ လဝကကို ပြန်လွှဲပေးလို့ ဆက်လက်စစ်ဆေးခဲ့တာပါ။ နိုင်ငံသား စိစစ်ရေးကတ်ပြားမှာ ရှမ်းလူမျိုး လို့ ဖော်ပြထားပေမဲ့ ရှမ်းလိုမတတ်ဘူး၊ ထိုင်းစကားပဲပြောတယ်။ ဒါကို ပွဲစားတစ်ဦးဦးက မသမာတဲ့နည်းနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ဖို့အတွက် လိမ်လည်ပြုလုပ်ကိုင် ဆောင်ထားလို့ ထပ်ဆင့်အရေးယူထားပါတယ်''ဟု တာချီလိတ်မြို့နယ် လဝကမှူး ဦးစိုင်းခမ်းခေါင်က ပြောသည်။
.
ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသားသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ တရားဝင် ဝင်ရောက်ခွင့် အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ မယ်ဆိုင်ရေ ချောင်းအား ဖြတ်ကူးကာ တရားမဝင် ဝင်ရောက်နေထိုင် ခဲ့သဖြင့် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှု ကြီးကြပ်ရေး(လတ်တလောပြဌာန်းချက်များ)အက်ဥပဒေအား ကျူးလွန် ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဆက်လက် အရေးယူဆောင်ရွက်ခြင်းဖြစ်သည်။
.
နိုင်ငံသားစိစစ်ရေးကတ်ပြားအား မသမာသောနည်းဖြင့် သုံးစွဲရန် တရားမဝင်လိမ်လည်ပြုလုပ်ကိုင်ဆောင်ပြီး လိုင်စင်မဲ့ မော်တော်ယာဉ်ဖြင့် ဖမ်းဆီးရမိသူ အိုက်ရှဲန်(ခ) အာဖိပိုနို(ခ)တော့နလုံပိုတစ်(ခ)ကျရမ်းဝတ် ချနရန်းချိုင်းဖတ်(ခ)အစ်ခရူ၊ အမှတ်(၃၂၂/ခ)၊ ချယ်ရီလမ်း၊ တော်ကော့(တွင်း)ရွာ၊ ဝိန်းကျောက်၊ တာချီလိတ်မြို့နေထိုင်သူ ထိုင်း နိုင်ငံသားအား တာချီလိတ်မြို့မရဲစခန်းက(ပ) ၄၆ဝ/၂ဝ၁၈၊ ၁၉၄၇ ခုနှစ်၊ လဝကအက် ဥပဒေပုဒ်မ ၁၃(၁)ဖြင့်လည်းကောင်း၊ (ပ)၄၆၁/ ၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂ဝ /၄၆၈ ဖြင့် လည်းကောင်း အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.