ရွှေပုံပေါ်ထိုင်သူများ ရွှေစိတ်လေး မွေးကြပါ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, December 29, 2018

ရွှေပုံပေါ်ထိုင်သူများ ရွှေစိတ်လေး မွေးကြပါ



အောင်ဆန်းဝင်း
.
.
ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိက စီးပွားရေးကုမ္ပဏီတစ်ခုက ဗီယက်နမ်နိုင်ငံလုပ် စမတ်ဖုန်းအသစ်တစ်မျိုး ထုတ်လုပ်မယ်လို့ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗီယက်နမ်စမတ်ဖုန်းဈေးကွက်ကို ဆမ်ဆောင်း၊ အိုပို၊ အက်ပဲ အစရှိတဲ့ အမှတ်တံဆိပ်တွေ လွှမ်းခြုံထားပါ တယ်။ တခြားထင်ရှားလူသိများတဲ့ စမတ်ဖုန်း အမျိုးအစားတွေလည်း ဗီယက်နမ်ပြည်သူတွေ လက်ဝယ်မှာ အသုံးပြုနေကြပါတယ်။ ဒီလို နာမည်ကြီးအမှတ်တံဆိပ်တွေကို ယှဉ်ပြိုင်ရမယ့် ပြည်တွင်းစမတ်ဖုန်းဟာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ လက်ရှိ မြန်မာအပါအဝင် ကမ္ဘာ့ဈေးကွက်အတော်များများ အသုံးပြုနေတဲ့ ကိုရီးယားအမှတ်တံဆိပ်ဆမ်ဆောင်းဖုန်းတွေ ဟာ ဗီယက်နမ်နိုင်ငံမှာထုတ်လုပ်တပ်ဆင်ပြီး ကမ္ဘာအရပ်ရပ်ကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။
.
နည်းပညာလောကမှာ ရှေ့တန်းရောက်နေတဲ့ အမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဈေးကွက် ဝေစုထက်နာမည် တစ်လုံးလူသိအောင်တောင် မနည်းကြိုးစားရမယ့် အနေအထားပါ။ ဗီယက်နမ်စီးပွားရေးလုပ် ငန်းစုကတော့ စိန်ခေါ်မှုတွေနဲ့အတူ ခရီးဆက်ဖို့ အဆင်သင့်ဖြစ်နေတာကို တွေ့ရပါတယ်။ အ ခက်အခဲ ဘယ်လောက်ရှိပါစေ ရင်ဆိုင်ဖြေရှင်း သွားမယ်လို့ ပြောပါတယ်။ ဒေသတွင်း အာဆီယံနိုင်ငံဖြစ်တဲ့ ဗီယက်နမ်ရဲ့ စီးပွားရေးတိုးတက်မှုအပေါင်း လက္ခဏာဆောင်လာတာ အံ့မခန်းလို့ ဆိုရမှာပါ။ ဒီဘက်နှစ်ပိုင်းအတွင်း အတော် ကြီး သိသာထင်ရှားလာတာတွေ့နေရပါတယ်။ ခိုင်မာတောင့်တင်းတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ဝင်ရောက်ခြင်းက လည်း တောက်မယ့်မီး ခဲကို ဓာတ်ဆီလောင်းပေးလိုက်တဲ့ အတိုင်းပါ။ ဗီယက်နမ်နိုင်ငံဟာ ဒီအခြေအနေကို လွယ် လွယ်ကူကူ ရခဲ့တာတော့ မဟုတ်ပါဘူး။
.
၁၉၅၅ ကနေ ၁၉၇၅ အထိ တောင်မြောက် ဗီယက်နမ်ပြည်တွင်းစစ်ဖြစ်ပါတယ်။ တောင်ဗီယက်နမ်ဘက်က အမေရိကန်နိုင်ငံဝင်ရောက် တိုက်ခိုက်ပါတယ်။ မြောက်ဗီယက်နမ်တွေ ဘက်က ရုရှား၊ တရုတ်နိုင်ငံတို့ ကျောထောက်  နောက်ခံပြုပေးပါတယ်။ နှစ်ပေါင်း ၂ဝ ကြာ တိုက်ခိုက်တဲ့ တောင်မြောက် ဗီယက်နမ်စစ် ကြီးက ၁၉၇၅ တောင်ဗီယက်နမ် မြို့တော် ဆိုင်ဂုံကို မြောက်ဗီယက်နမ် ဗီယက်ကောင်း တပ်တွေ သိမ်းတဲ့အချိန်မှာ ပြီးဆုံးသွားပါတယ်။ စစ်ကြီးပြီးတာနဲ့ ဗီယက်နမ်ခေါင်း ဆောင်တွေဟာ တောင်မြောက်နှစ်ခြမ်းကွဲနေတဲ့ နိုင်ငံကို တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် လုပ်ပါတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ မြောက်ဗီယက်နမ်က စစ်နိုင်လို့ ငါတို့ပိုယူမယ် ပိုလုပ် မယ်မပြောသလို ရှုံးနိမ့်သွားတဲ့ တောင်ဗီ ယက်နမ်ဘက်ကိုလည်း နှိမ်ချခွဲခြား ဆက် ဆံခဲ့ခြင်း မရှိပါဘူး။
.
သဘောထားမတိုက်ဆိုင်လို့ စစ်ကိုတိုက်ခဲ့ ကြတယ်။ စစ်ပွဲပြီးဆုံးတာနဲ့ တောင်မြောက် စစ်အကြောင်း လုံးဝ ပြောဆိုခြင်း မရှိဘဲ နိုင်ငံ တိုးတက်ရေးသာ ဝိုင်းဝန်းလက်တွဲကြိုးစားကြပါ တယ်။ အဲဒီမှာ ဘာကို မြင်ရလည်း ဆိုတော့ တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားတဲ့ ဗီယက် နမ် နိုင်ငံ ခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်၊ မြောက်ဗီယက်နမ် ကောင်းတွေရဲ့ စိတ်ဓာတ်ပါ။ စစ်အတွင်း အမေရိကန်ရဲ့ ရက်ရက်စက်စက် တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ အသေ အကျေတိုက် ပွဲကြီးတွေ ဆင်နွှဲခဲ့တယ်။ ဒါပေမဲ့ ပေါင်းစည်းခြင်း ကို နိုင်ငံနဲ့လူမျိုးအတွက် ထိထိရောက်ရောက် အသုံးချရမယ့်အချိန် ရောက်တော့ ဗီယက်နမ် ခေါင်းဆောင်တွေ စစ်အကြောင်းကို ခေါင်းထဲ က ဆွဲထုတ်လိုက် ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုး တက်ဖို့အတွက် ရန်သူတော်ဟောင်း အမေရိ ကန်နိုင်ငံအကူအညီကို ရယူခဲ့တဲ့အတွက် အခုလို အချိန်တိုအတွင်း ပြောင်းလဲလာနိုင်ခဲ့တာဖြစ်ပါ တယ်။
.
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ တည်ငြိမ်မှုနဲ့ ပြည်သူအတွက် အမှန်တကယ်လုပ်ကိုင်ဆောင် ရွက်မယ့် စိတ်ဓာတ်ကောင်း ပိုင်ရှင်ခေါင်းဆောင်တွေ လိုအပ်ပါတယ်။ နောက်တစ်ချက်က နိုင်ငံ ခြားစီးပွားရေးရင်းနှီးမြှုပ်နှံမှု ဗီယက်နမ်ဟာ ဒီအချက်အားလုံးနဲ့တစ်ပြိုင်တည်း ထူထောင်နိုင်ဖို့ သုညကနေ ခုန်ထလာနိုင်ခဲ့တာပါ။ စစ်ကြီးပြီး ဆုံးချိန်မှာ တောင်ကတစ်မျိုး မြောက်ကတစ်ခြမ်း ထင်တိုင်းရမ်းနေသေးရင် အခုလို စီးပွားရေးကျားပေါက် တစ်ကောင် အသွင်ပြောင်းနိုင်စရာ အကြောင်းမမြင်ပါဘူး။ အတိတ်ရဲ့ အရိပ် က ဖက်တွယ်ထားကောင်းတဲ့အရာ မဟုတ်မှန်း ဗီယက်နမ်ခေါင်းဆောင်တွေ ခွဲခြားနိုင်စွမ်းရှိတာ လည်း အားသာချက် တစ်ခုလို့ ဆိုရမှာပါ။ နိုင်တဲ့လူ သွားဆိုတဲ့ စိတ်ဓာတ်နဲ့သာ ခရီးဆက်ခဲ့ ရင် ဗီယက်နမ်ဟာ စစ်တလင်းမှာပဲ ကျန်နေ လိမ့်မယ် ထင်ပါတယ်။
.
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ် ခုဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံတွင်းပြည်သူတွေ အောက်ကျနောက်ကျ ကျန် နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးစကနေ ဦးနေဝင်းအာဏာ မသိမ်းခင် ကြားကာလကို မြန်မာနိုင်ငံရွှေရောင်တောက်ပ ရွှေရောင်လွှမ်းတဲ့အချိန်ကာလလို့ လူကြီးသူမများ ပြောကြပါတယ်။ တစ်ဦးကောင်း အာဏာ သိမ်းချိန်ကစပြီး အာဏာရှင်အဆင့်ဆင့် လက်အောက်မှာ မြန်မာ ပြည်သူတွေ ခွက်မဆွဲရရုံ တမယ်(တချို့လည်းဆွဲရပါတယ်)ဆင်းရဲတွင်း နက်ခဲ့တာ ဒီနေ့ ဒီအချိန်ထိ။ အာဏာရှင် စနစ် တွန်းလှန်ပြီး တရားမျှတတဲ့ ဒီမိုကရေစီလမ်း ကြောင်းပေါ် လျှောက်ပြန်တော့ တည်ငြိမ်အေး ချမ်းမှု မရှိတာ ကြောင့် ခရီးကရှေ့မရောက်နိုင်။ အဲဒီအကျိုးဆက်ကို နက်နက်နဲနဲ လက်တွေ့ ကျကျခံစားရတာ ဆင်းရဲတွင်းထဲက အောက်ခြေ ပြည်သူတွေပါ။
.
နှစ်ပေါင်း ၇ဝ ကျော် ညီနောင်ချင်း ခင်းတဲ့ စစ်ကိုကြည့်ပြီး အရပ်ထဲ လူတစ်ယောက်ကပြောတယ်။ အခုဆို ပြည်သူတွေဘဝက လေရှုရတာ တောင် ခပ်ခက်ခက်ရယ်တဲ့။ အကြောင်းရင်း မေးကြည့်တော့ နေ့တိုင်းဟိုနား တဂျိမ်းဂျိမ်း ဒီနား တအုံးအုံးချနေတော့ လေထဲမှာ ယမ်းငွေ့ပြယ် တဲ့နေ့မရှိဘူး။ အရပ်လေးပါးယမ်းငွေ့ကြားမှာ အသက်ရှုမှားနေတာ အားလုံးအသိ။ ကိုယ်က ဖြောင့်ဖြောင့်တန်းတန်းရှုမယ်ကြံလိုက် တစ်နေ ရာက ချလိုက် ဆိုတော့ အလိုလိုအသက်ရှုကြပ် နေကြတာတဲ့။ သူပြောတဲ့အတိုင်းဆို စားဝတ် နေရေးအကျပ်ဘေးဆိုက်နေတဲ့ ပြည်သူတွေခမျာ သဘာဝတရားကြီးက ပေးထားတဲ့လေကိုတောင် ပြည့်ပြည့်ဝဝရှူခွင့်မရဘူး ပြောရမလားဘဲ။ နောက်ဆုံးအစာပိတ်ပြောသွားတာလေး တစ်ခုရှိပါသေးတယ်။ ရွှေပုံကြီးရှိနေလည်း ရွှေပုံနားရွှေပုံပေါ်ထိုင်ခွင့်ရတဲ့ လူတွေ ရွှေစိတ်ပျောက် နေသရွေ့ အလကားရွှေသူခိုးတွေတဲ့။
.
ထားတော့။ ရှေးဟောင်းတွေ အစဖော်ရင် အနွမ်းတွေချည်းဖြစ်လို့ စိတ်ချမ်းသာစရာတစ် ကွက်မှ ထွက်လာမှာ မဟုတ်ပါဘူး။ (ခုလည်း တစ်ကွက်မှ မရှိသေးပါဘူး)။ ဗီယက်နမ်နိုင်ငံ ပုဂ္ဂလိကပိုင် စီးပွားရေးကုမ္ပဏီကြီးက သူတို့နိုင်ငံ အမှတ်တံဆိပ်နဲ့ ခေတ်ပေါ်စမတ်ဖုန်းထုတ်မယ့် သတင်းဖတ်ပြီး မြန်မာ့ရပ်ဝန်းက စီးပွားရေး လုပ်ငန်း တွေဘက် စောင်းကြည့်မိတယ်။ မိတ်အင်မြန်မာတံဆိပ်နဲ့ ကုန်ချောပစ္စည်းအဖြစ် နိုင် ငံတကာကို တင်ပို့ကာ သွားကြားထိုးတံတစ် ထုတ်တောင် မတွေ့ရပါဘူး။ သံသတ္တုအသုံးပြု  လုပ်ရတဲ့ အပ်တိုတစ်ချောင်း ထုတ်ကုန်တင်ပို့ နိုင်ဖို့ဆိုတာ ဝေးပါလေရောလား။ အဲဒီတော့ မြန်မာနိုင်ငံအတွင်းမှာ သွားကြားထိုးတံတစ် ထုတ်၊ အပ်တိုတစ်ချောင်း ဖြစ်မြောက်အောင် လုပ်နိုင်တဲ့၊ ရင်းနှီးမြှုပ်နှံမယ့်၊ နိုင်ငံတကာကို ထိုးဖောက်ချင်စိတ်ရှိတဲ့ စီးပွားရေးကုမ္ပဏီကြီး တွေ မရှိတာလား စဉ်းစားစရာဖြစ်လာပါတယ်။
.
ဘီယာတွေ ဆုရတာ၊ အရက်တွေ ကမ္ဘာ့ အဆင့်မီတာ၊ သဘာဝဓာတ်ငွေ့ ပို့တာ၊ သစ်အ လုံးလိုက် တောပျောက်အောင်ခုတ်ရောင်းတာ၊ ကျောက်စိမ်းတုံးတွေ တောင်ဖြိုရောင်းချတာ၊ လက်ပံချိုင့်ဝှမ်းစပယ်ချိုင့်ဝှမ်း ကြေးစင်ချိုင့်ဝှမ်း ဖြစ်အောင်လုပ်တာ၊ မြေဆီမြေသြဇာအပျက်ခံ ပြီး တစ်ရှူးငှက်ပျော ကိုယ့်နိုင်ငံထဲ အစိုက်ခံ တာတွေက အခြေခံပြည်သူအတွက် ဘယ်အကွက်မှ အကျိုးမပြုပါဘူး။ ဒါတွေလုပ်ဖို့ ဘယ် အဖွဲ့နဲ့မှ ငြိမ်းချမ်းရေး အကြောင်းပြောစရာ မလို သလို၊ ဟိုအဖွဲ့တွေ အာရုံလာပြီး နောက်တာ လည်း ထူးဆန်းပေစွ ဆိုရမှာပါ။ အောက်ခြေ ပြည်သူအကျိုးပြု အလုပ် လုပ်ရမယ့်အချိန်ဆိုရင် သာ ငြိမ်းချမ်းမှု မရှိလို့ဆိုတာကြီး ရှေ့တန်း ရောက်လာပါတယ်။ မိမိကိုယ်ကို ခေါင်းဆောင် လို့ ခံယူထားသူတိုင်း နိုင်ငံနဲ့ အောက်ခြေတိုင်း ရင်းသား ၁၃၅ မျိုးအတွက် ဗီယက်နမ်လို စိတ် ဓာတ်ကောင်းတွေ မွေးဖို့ လိုအပ်ပါတယ်။
.
စင်ကာပူအကြောင်း မပြောကြပါနဲ့။ ရွှေပုံ ပေါ်ထိုင် ရွှေစိတ်ပျောက်နေတဲ့ လူတွေကို ကြည့် ပြီး စင်ကာပူက တဟားဟားအော်ရီပါလိမ့်မယ်။ ဝါးရင်းတုတ်ကြီး ကိုင်ပြီး ထိုင်းနိုင်ငံအကြောင်း မပြောပါနဲ့။ ဘန်ကောက်မြို့ကြီးက ဖင်လှန်ပြ သွားပါလိမ့်မယ်။ မလေးရှားနိုင်ငံအကြောင်း မ ပြောပါနဲ့။ ရွှေလူငယ်တွေ အလုပ်အကိုင်ရှားပါး သွားပါဦးမယ်။ အင်ဒိုနီးရှားနိုင်ငံအကြောင်း မ ပြောပါနဲ့။ ဘာလီကမ်းခြေက ငပလီနဲ့ချောင်း သာကို လှောင်ရယ်လိမ့်မယ်။ အားလုံးသော ခေါင်းဆောင်တွေ စေတနာမှန်ရင် မြန်မာပြည် သူကလည်း အာဆီယံကို လှန်ကော့ပြလို့ ရပါ တယ်။ (ရင်ဘတ်ပြောတာ)ဒေသတွင်းဘယ်နိုင်ငံ မှာမှ မရှိတဲ့ ရေခဲတောင် မြန်မာနိုင်ငံ တစ်ခု တည်းမှာပဲ ရှိတယ်။ နိုင်ငံတကာ ငွေကြေးတွေ လိုသလောက် သဲ့ယူလို့ ရနိုင်တယ်။ ကိုယ့်ရွာ မှာ ခြေစွမ်းပြအဆင့်ရှိတဲ့ လူတွေနဲ့ အိမ်ကြက် ခြင်း မျက်နှာပြောင် တိုက်ခွပ်နေသရွေ့တော့ အာဆီယံမှာ မြန်မာဆိုတဲ့ အဆင့်အတန်း ညှိုးနွမ်းနေဦးမှာ ဖြစ်ပါတယ်။
.

No comments:

Post a Comment