ပိတ်ထားသည့် ကျင်စန်းကျော့ဂိတ် ပြန်လည်ဖွင့်လှစ်ပေးရန် သစ်သီးဝလံ ကုန်စည်ဒိုင်များ တောင်းဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, December 29, 2018

ပိတ်ထားသည့် ကျင်စန်းကျော့ဂိတ် ပြန်လည်ဖွင့်လှစ်ပေးရန် သစ်သီးဝလံ ကုန်စည်ဒိုင်များ တောင်းဆို



.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၇ ရက် ကစတင်၍ ကုန်ကားများဝင်ထွက်သွားလာမှု ပိတ်ခဲ့သည့် ကျင်စန်းကျော့ဂိတ်အား မြန်မာနိုင်ငံမှ ဖရဲ၊ သခွားစိုက်တောင်သူများ နစ်နာဆုံးရှုံးမှု လျော့နည်းစေရန် အတွက် အမြန်ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို  ဒီဇင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းက မူဆယ်မြို့၊ သစ်သီး ဝလံကုန်စည်ဒိုင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
“ဝမ်တိန်မှာ ၂၇ ရက်က သွားညှိတဲ့အခါမှာ ဝမ်တိန်ဒုတိယမြို့တော်ဝန်က ပန်ဆိုင်းကြူကုတ်ဘက်ကို ဆောက်လုပ်ဆဲ မုခ်ဦးငြမ်းတွေဖျက်ပြီး ဆောင်ရွက်ပေးခဲ့ပေမဲ့ အဲဒီလမ်းက ကျဉ်းတော့ ၂၈ ရက်မှာ ကားစီးရေ ၁၅၆ စီးပဲ ဝမ်တိန်ကွင်းရောက်တယ်။ ဒီမှာ ပထမ အစီး ၅၀၀ နီးပါးအပြင် ၁၀၅ မိုင်ကွင်းမှာ အစီးရေ ၁၀၀၀ နီးပါး ရှိနေတာဖြစ်တော့ အချိန်နဲ့အမျှ ဖရဲသီးတွေက ပျက်စီးလာနေပါတယ်၊ ဒီနှုန်းနဲ့ဆိုရင် အားလုံးပျက်စီး ဒုက္ခရောက်မှာ ကျိန်းသေနေလို့ ဖရဲစိုက်တောင်သူတွေ ကြီးမားစွာခံရမယ့်အပေါ် ပြန်လည်သုံးသပ်ပြီး ပန်ဆိုင်းအပြင် လက်ရှိကျင်စန်းကျော့ဂိတ်ကိုပါ ပြန်လည်ဖွင့်လှစ်ပေးနိုင်ဖို့ တင်ပြရခြင်းဖြစ်ပါတယ်”ဟု မူဆယ်သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဌ ဦးစိုင်းမြင့်ဗိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိအခြေအနေတွင် ၁၀၅ မိုင်ဖရဲကွင်း၌ သစ်သီးကားများရောင်းချနိုင်မှုမရှိဘဲ မူလက မူဆယ်-ကျင်စန်းကျော့ ဂိတ်အကြား ပိတ်ဆို့ကျန်နေသည့် ဖရဲသခွားကားများကိုသာ ပန်ဆိုင်းဖက်သို့သွားရောက်စေနိုင်ခဲ့ကြောင်း၊ ၁၀၅ မိုင်-ပန်ဆိုင်းလမ်းမှာ လီဒိုလမ်းမ၏ မြန်မာပြည်ဖျားပိုင်းဖြစ်သည့်အပြင် လမ်းဧရိယာကျဉ်းမြောင်းခြင်းကြောင့် ကားပိတ်ဆို့မှု မရှိစေရန် ဆောင်ရွက်နေကြရကြောင်း၊ ရက်ကြာလာသည်နှင့်အမျှ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ သစ်သီးပွဲရုံများ၊စိုက်ပျိုးရေးသုံးပစ္စည်းရောင်းချသူများ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ဆက်နွယ်သူများ၊ ထုတ်ပိုးစက်ရုံများနစ်နာဆုံးရူံးကြမည်ဖြစ်သည့်အတွက် မြန်မာဘက်မှပိတ်ထားသည့် ကျင်စန်းကျော့ဂိတ်အား ပြန်လည်ဖွင့်ပေးနိုင်ပါရန်တင်ပြရခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြား ခဲ့သည်။
.
“ဒီနေ့ ၁၂ နာရီ အထိ ကား ၇၀ လောက်ပဲရောက်တယ်။ ကားတစ်စီးမှာပါတဲ့ ၁၇ တန်မှာ ၁၀ တန်က ပျက်တယ်။ ကျန်တဲ့ ၇ တန်က အရည်အသွေးကျသွားလို့ ကားခတောင်မရတော့ဘူးလို့ သိရတယ်။ အခုပဲ ၄/၅ရက်ရှိနေပြီ။ ဆုံးရှုံးမှုအကျိုးဆက်က  အမေရိကန်ဒေါ်လာ ၁၀ သန်းလောက်ရှိနိုင်ပြီ။ ပန်ဆိုင်းဘက်က ၁၅ မိုင်ဝေးပြီး လုံခြုံရေးအရလည်း မကောင်းဘူး။ မနေ့ညက ငွေတောင်းခံရတယ် ပြောလို့ အသက်ထက်ဘာမှအရေးကြီးဘူး ပေးနိုင်တာပေးလိုက်လို့ ကားသမားတွေကို မှာထားရတယ်။ နယ်စပ်ကုန်သွယ်ရေး၊ ညွှန်ကြားရေးမှူး က ကျင်စန်းကျော့ဂိတ်ယာယီပိတ်လိုက်တယ်လို့ ဆိုလာပြီးနောက်ပိုင်း အားလုံး ဒုက္ခရောက်ကုန်ကြတော့တာပါပဲ။ အခုလဲ ပြည်ထောင်စုအဆင့်အထိ ကျင်စန်းကျော့ဂိတ်အမြန်ပွင့်ရေး တင်ပြ နေပါတယ်၊”ဟု အရှေ့မြောက်တံခါး အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီမှအရာရှိချုပ် ဦးအောင်ကျော်မိုးကဆိုသည်။
.
အဆိုပါ ကျင်းစန်းကျော့ဂိတ် ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ဒီဇင်ဘာ၂၈ ရက်က မူဆယ် ၁၀၅ မိုင်၊ ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူးထံသို့ တင်ပြစာ ပေးပို့ထားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မူဆယ်ခရိုင်အုပ်ချုပ် ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်းနှင့် မြန်မာနိုင်ငံ သစ်သီးဝလံစိုက်ပျိုးထုပ်လုပ် ရောင်းချသူများအသင်းများသို့ မိတ္တူပေးပို့ထားကြောင်း သိရှိရသည်။
.
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် မူဆယ်သစ်သီးဝလံဒိုင်ဥက္ကဌဦးစိုင်းမြင့်ဗို၊ ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးစိုင်းခင်မောင် ဦးအောင်သိုက်ဦးတို့မှ ဦးဆောင် ဆွေးနွေးခဲ့ပြီး သတင်းမီဒီယာများအပါအဝင် တက်ရောက်သူ ၁၅၀ ဦးခန့်ရှိကြောင်း သိရသည်။
.