တောင်ကြီးမြို့ စဝ်စံထွန်းဈေး အဆင့်မြှင့်တင်တည်ဆောက်ခြင်းကို ဈေးသူ/သားများ ၏ ထောက်ခံမှု ရရှိမှသာ ဆောက်လုပ်ခွင့် ပြုမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, December 27, 2018

တောင်ကြီးမြို့ စဝ်စံထွန်းဈေး အဆင့်မြှင့်တင်တည်ဆောက်ခြင်းကို ဈေးသူ/သားများ ၏ ထောက်ခံမှု ရရှိမှသာ ဆောက်လုပ်ခွင့် ပြုမည်


စိုင်းရာဇာ၊ ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ စဝ်စံထွန်းရပ် ကွက်ရှိ စဝ်စံထွန်းဈေး အဆင့်မြှင့်တင် တည်ဆောက်နိုင်ရန် အတွက် တင်ပြ လာမှုအပေါ် လုပ်ငန်းတင်ဒါ ကြေညာ ပြီး လက်ရှိဈေးသူ/ဈေးသားများ၏ ထောက်ခံမှု ရရှိမှသာ ဆောက်လုပ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
.
.
စဝ်စံထွန်းဈေး အဆင့်မြှင့်တင် တည်ဆောက်ရေး စီမံကိန်း လုပ်ငန်း ရှင်းလင်းပြသခြင်းကို ဒီဇင်ဘာ ၁၉ ရက်၊ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရှမ်းပြည်နယ်အ စိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
''ဒီဈေးကို အဆင့်မြှင့်တင်ဖို့ အရင်ဦးဆုံး EIO ခေါ်ရမယ်။ ဖိတ်ခေါ် လိုက်တဲ့အခါမှာ ကုမ္ပဏီတွေ တက်လာမယ်။ ဒါမှလည်း ပွင့်လင်းမြင်သာမှု ရှိမယ်။ တက်လာတဲ့ ကုမ္ပဏီတွေကနေ ဒီဇိုင်းတွေ၊ သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုတွေအတွက် ဘယ်လို အာမခံထားတယ်။ နောက် ဈေးသူ/ ဈေးသားတွေရဲ့ မူလနေရာအတွက် ဘယ်လိုလျာထားတယ်။ မနစ်နာအောင် ဘယ်လိုလုပ်ထားတယ်။ ပျံကျဈေးသည်တွေကိုလည်း ဘယ်လို ဆောင်ရွက်ပေးပါမယ်။ အဲဒီမှာ အပြိုင် အဆိုင်တွေ တင်လာကြမယ်။ အဓိကကတော့ ဈေးသူ/ဈေးသားတွေ မနစ်နာဖို့ အရေးကြီးတာပေါ့။ ဒါကိုလည်း ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြသွားမှာပါ''ဟု ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင် က ပြောသည်။
.
အဆိုပါ တည်ဆောက်ရေးလုပ် ငန်း ရှင်းလင်းပွဲတွင် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဈေးကို အထပ်ပေါင်းများစွာ ပါဝင်သည့် Shopping Mall နှင့် ဟိုတယ်များ၊ အသုံးပြုမည့် မြေဧရိယာ အကျယ်အဝန်း၊ ယာဉ်ပါကင်၊ ကား အဝင်/အထွက် လမ်းကြောင်း၊ လူအဝင်/အထွက်လမ်းကြောင်းနှင့် ဈေးဆိုင်ခန်းများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေဝင်/လေထွက ဆိုင်ရာများ၊ မိလ္လာကန်နှင့် သန့်စင်ခန်းများ၊ ထည့်သွင်းတည်ဆောက်မည့် တိုင်းတာ စစ်ဆေးထားသော လုပ်ငန်းစီမံ ကိန်း အသေးစိတ်များကို ရှင်းလင်းပြ သခဲ့ကြောင်း သိရသည်။
.
''ဈေးကို အဆင့်မြှင့်တင်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဈေးသည်တွေအတွက် ဘယ်လို မျိုး နေရာတွေ ပေးမလဲ။ ဘယ်လောက်အခန်း အကျယ်အဝန်း ပေးမလဲ။ နောက် အခန်းနေရာ ရတယ်ပဲထားတော့။ အခု City Square လိုမျိုး ဈေးသည်တွေကို နေရာပေးတဲ့ ပုံစံတော့ မကြိုက်ဘူး။ ဘာလို့လဲဆို  ပထမထပ်မှာ ဈေးသည်တွေပေးထားတယ်။ လှေကားရဲ့အောက်မှာ ပေးထားတာဖြစ်တယ်။ လူတွေကလာရင် အောက်ကို မဝင်ဘူး။ အပေါ်ကိုပဲ တက်သွားကြတယ်။ အခုလည်း အဲဒီလိုပေးမယ်ဆိုရင် ဈေးဝယ်မယ့်သူ ရှိ မှာမဟုတ်ဘူး။ ဈေးကြီးအသစ်ဆောက်ရင် တခြားပိုက်ဆံရှိတဲ့ သူတွေက ဝယ်ကြမယ်။ အခုရှိနေတဲ့ ဈေးဆိုင်ခန်း ပိုင်ရှင်တွေ ကတော့ အခန်းတော့ ရနိုင်ပါတယ်။ ဒါပေမဲ့ ပျံကျ ဈေးသည်တွေ အတွက်ဘယ်လိုလုပ် ပေးမှာလဲ။ ဥပမာ သူတို့က တစ်ခန်း ကို ဈေးနှုန်းသတ်မှတ်ပြီး ရောင်းရင် ပျံကျဈေးသည်တွေက ဝယ်နိုင်မယ် မထင်ဘူး။ မရှိလို့ ပျံကျဈေး ရောင်း နေရတာ။ အဲတော့ ပျံကျဈေးသည် တွေအတွက် နေရာတစ်ခု ရအောင် လုပ်ပေးမှ အဆင်ပြေမှာ။ မလုပ်ပေး ရင် ရောင်းစရာ နေရာတောင် ပျောက် သွားနိုင်တယ်''ဟု လက်ရှိစဝ်စံထွန်း ဈေးအတွင်း ဈေးရောင်းချနေသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စဝ်စံထွန်းဈေး တည်ဆောက်မည့် စီမံကိန်းကို ဥပဒေနှင့်အညီ ဆောင် ရွက်နိုင်ရန်အတွက် ပထမဦးစွာ EOI ခေါ်ယူခြင်းဖြင့် စတင်လုပ်ဆောင်ရ မည်ဖြစ်ပြီး လက်ရှိဒေသခံ ဈေးသူ/ ဈေးသားများ၏ သဘောတူညီချက်၊ မြို့ခံပြည်သူလူထုများ၏ သဘော ထားများနှင့် မြို့ခံပညာရှင်များ၏ အ မြင်များကိုလည်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် အစိုးရသက်တမ်းက လည်း စဝ်စံထွန်းဈေး အဆင့်မြှင့်တင် နိုင်ရန်အတွက် အစိုးရအဖွဲ့ထံသို့ လာရောက်တင်ပြရာ ဈေးကော်မတီ နှင့် ဈေးသူ/ဈေးသားမှ ကန့်ကွက်ခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment