မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား၌ သံဃာတော်အပါး ၅ဝဝ အား ဆွမ်းဆန်စိမ်းလောင်းလှူမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, December 30, 2018

မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား၌ သံဃာတော်အပါး ၅ဝဝ အား ဆွမ်းဆန်စိမ်းလောင်းလှူမည်



မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတား၌ တာချီလိတ်မြို့နယ်မှ သံဃာတော်အပါး ၃ဝဝ နှင့် ထိုင်းနိုင်ငံမှ ပင့်သံဃာအပါး ၂ဝဝ တို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကို ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၅ နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။
.
.
“ခရိုင်နဲ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစီအစဉ်နဲ့ အာရုံဆွမ်းကပ်ပြီး အမှတ်(၁)ချစ်ကြည်ရေးတံတားအနီး လမ်းဆုံ၊ အဝိုင်းပတ်မှာ ဆွမ်းဆန်စိမ်း လောင်း လှူမှာပါ၊ စုစုပေါင်း မြန်မာ-ထိုင်းသံဃာတော်အပါး ၅ဝဝ ပင့်ဖိတ်ထားပါတယ်။ မည်သူမဆို လာရောက် ကုသိုလ်ပြုနိုင်ဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်'' ဟု မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
ယင်းသို့ ဆွမ်းမလောင်းမီ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီနှစ်ဆန်း ၁ ရက်နေ့ နံနက် ၅ နာရီတွင် စုပေါင်းရုံးဝန်းအတွင်းရှိ ဓမ္မရုံသစ်ကြီးတွင် မြန်မာနိုင်ငံဖက်မှ ပင့်သံဃာ ၃ဝဝ ပါးအား ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့၏ အစီအစဉ်ဖြင့် အာရုံဆွမ်းကပ်လှူခြင်း၊ နံနက် ၆ နာရီခွဲတွင် မြန်မာနိုင်ငံမှ ပင့်သံဃာများသည် အမှတ်(၁)ချစ်ကြည်ရေး တံတားသို့ သွားရောက်လျက် ထိုင်းနိုင်ငံဖက်မှ ပင့်ဖိတ်ထားသော ပင့်သံဃာ ၂ဝဝ ပါးနှင့် ပူးပေါင်းကာ အမှတ်(၁)ချစ်ကြည်ရေးတံတားအနီး လမ်းဆုံး အဝိုင်းအား ပတ်လျက် ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ အလှူခံခြင်းကို ဆောင်ရွက်ကြမည်ဟု သိရသည်။
.
ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် အဆိုပါ မြန်မာ-ထိုင်းနှစ်နိုင်ငံ သံဃာအပါး ၅ဝဝ ဆွမ်းဆန်စိမ်း စုပေါင်းလောင်လှူပွဲတွင် ပါဝင်လှူးဒါန်း ကုသိုလ်ပြုနိုင်ပါ ရန် နိဗ္ဗာန်အကျိုးမျှော်လျှက် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
.