အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ တိုးမြှင့်ပေးခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူများ ကြိုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, December 28, 2018

အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ တိုးမြှင့်ပေးခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူများ ကြိုဆို



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဌာနရုံးမှ ဒီဇင်ဘာလ ၁၉ ရက်စွဲပါ စာဖြင့် အငြိမ်းစား ပင်စင်လစာ ခံစားခွင့်အား ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ တိုးမြှင့်ခံစားခွင့်ပြုကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက် ယင်းကြေညာချက်နှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများမှ ကြိုဆိုလျက် ရှိကြောင်း သိရသည်။
.
.
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဒီဇင်ဘာလ ၁၃ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် အစည်း အဝေး အမှတ်စဉ် (၂၂/ ၂ဝ၁၈)အရ အငြိမ်းစားဝန်ထမ်းများ စားဝတ်နေရေး သက်သာချောင်ချိရေး အတွက် ပင်စင်လစာ တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ပင်စင်လစာများတိုး မြှင့်သတ်မှတ်ပေးရာတွင် ၂ဝ၁၈ ခု နှစ်၊ ဧပြီလ ၁ ရက် မတိုင်မီက အငြိမ်းစား ယူခဲ့သည့် ပင်စင်စားများ၏ ပင်စင်ခံစားခွင့်ကို လက်ရှိတာဝန်ထမ်း ဆောင်နေသည့် ဝန်ထမ်းများ အငြိမ်း စားယူပါက ရရှိမည့် ပင်စင်လစာအတိုင်း တိုးမြှင့်ခံစားခွင့် ပြုလိုက်သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
.
''ဝမ်းသာတာပေါ့ဗျာ။ ၂ဝ၁၈ ခု နှစ်၊ ဧပြီလမှာ လက်ရှိတာဝန်ထမ်း ဆောင်နေတဲ့ ဝန်ထမ်းတွေကို လစာ ၂ဝ ရာခိုင်နှုန်း တိုးပေးလိုက်ကတည်းက မုဒိတာပွားခဲ့ရတာပါ။ ကျွန်တော်တို့ အငြိမ်းစားတွေကိုလည်း တိုးပေးမှာလို့ မျှော်လင့်ခဲ့ပါတယ်။ ပင်စင်စားတွေအတွက် ထိုက်သင့်တဲ့ ပင်စင်လစာ တိုးပေးလိုက်တဲ့ အကြီးအကဲတွေ ကို အထူးကျေးဇူးတင်ပါတယ်''ဟု ကျိုင်းတုံမြို့နေ အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောသည်။
.
အလားတူ တောင်ကြီးမြို့နေ အငြိမ်းစား ဝန်ထမ်းဦးသောင်းမှလည်း ''အခုလို ပင်စင်လစာတွေ တိုးပေးလိုက်တော့ ဝမ်းသာရပါတယ်။ ပင်စင်စားဆိုတာက ဒီပင်စင်လစာလေးမှ မရှိရင် ဘာမှကို လုပ်ကိုင်စားစရာ မရှိပါဘူး။ ပင်စင် လစာ တိုးပေးတယ် ဆိုပေမယ့် ကုန်ဈေးနှုန်းတွေ ထပ်မတက်ဖို့တော့ မျှော်လင့်ရမှာပါပဲ။ အခုလို တိုးမြှင့်ပေးတဲ့ အတွက် ဝမ်းသာ ကြိုဆိုပါတယ်''ဟု ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တိုးမြှင့်ခံစားခွင့် ပြုပေးမည့် ပင်စင်လစာအား အငြိမ်းစားယူခဲ့သည့် နောက်ဆုံးရာထူးချိန် နှုန်းလစာနှင့် ကိုက်ညီသည့် ၂ဝ၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာ အ မှတ် (၃ဝ/၂ဝ၁၈)အရ သတ်မှတ် သည့် လစာနှုန်းထားများအပေါ်တွင် အခြေပြု၍ ပင်စင်နည်းဥပဒေနှင့်အညီ တွက်ချက်သတ်မှတ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment