ရေကောင်းရေသန့် ဟူသည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, December 31, 2018

ရေကောင်းရေသန့် ဟူသည်



ကျော်လှ (ကျိုင်းတုံမြေ)
.
Photo - Internet
.
စင်္ကြာဝဠာအတွင်း၌ နေကို လှည့်ပတ်သွား နေသော ဂြိုဟ်ကြီးကိုးလုံးရှိရာတွင် ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာဂြိုဟ်အား အပြာရောင်ကမ္ဘာ (Blue Planet)ဟု ကင်ပွန်းတပ် ခေါ်ဆိုကြ သည်။ အဘယ်ကြောင့်ဆိုသော် အခြားသော ဂြိုဟ်များတို့တွင် ရေများမရှိသလောက် ရှားပါးသော်လည်း ကမ္ဘာဂြိုလ်၌မူကား ကမ္ဘာကြီး၏ လေးပုံသုံးပုံ ပမာဏအား အပြာရောင်ရေထုများဖြင့် လွှမ်းမိုးထားသဖြင့် အပြာရောင် ကမ္ဘာဟူ ၍ တင်စားသုံးနှုန်း ခေါ်ဝေါ်ကြခြင်းပင် ဖြစ်ပေ သည်။ သက်ရှိများ အသက်ရှင် ရပ်တည်နေထိုင် ရန်အတွက် မရှိမဖြစ် လိုအပ်သော မြေထု၊လေ ထု၊ ရေထုဟူသော အရာသုံးမျိုးထဲမှ ကျွန်ုပ်တို့ အတွက် မရှိမဖြစ် အရေးပါအရာရောက်လှသော ရေထုအကြောင်းကို ဆန်းစစ်လေ့လာကြည့်ကြ ပါစို့။
.
ကျွန်ုပ်တို့ကမ္ဘာမြေကြီး တစ်ခုလုံးသည် ဧ ရိယာစတုရန်းမိုင်ပေါင်း ၁၉၇ သန်းရှိသည့်အနက် ကုန်းမြေထုပမာဏမှ ဧရိယာစတုရန်းမိုင် ၅၇ သန်းမျှသာ ရှိပြီး ကျန်ဧရိယာစတုရန်းမိုင် ပေါင်း ၁၄ဝ သန်းမှာ ပင်လယ်သမုဒ္ဒရာကြီးများ ပါဝင်နေသော ရေထုပမာဏပင် ဖြစ်ပေသည်။ ထို့ကြောင့် ကမ္ဘာကြီး၏ ၂၉ ရာခိုင်နှုန်းသည် ကုန်းမြေအဖြစ် တည်ရှိနေပြီး ကျန် ၇၁ ရာခိုင် နှုန်းမှာ ပင်လယ်သမုဒ္ဒရာ ရေထုကြီးအဖြစ်ဖြင့် တည်ရှိနေပေသည်။ ဤအခြေအနေကြောင့်ပင် ဂြိုဟ်တုများ၏ ဓာတ်ပုံမှတ်တမ်းများအရ ကျွန်ုပ် တို့ကမ္ဘာကြီးအား ရေထုကြီးက လွှမ်းမိုးတည်ရှိ နေသော အပြာရောင်ကမ္ဘာအဖြစ် မြင်တွေ့နေရ ခြင်းပင်တည်း။
.
ဤသို့ ကြီးမားကျယ်ပြန့်သော ပမာဏဖြင့် နေရာယူထားသော ဤကမ္ဘာ့ရေထုကြီးသည် ကမ္ဘာ့သက်ရှိ လူသားနဲ့ ဝန်းကျင်တို့အား မည် သည့် အကျိုးတရားများတို့အား ထောက်ကူ ဆောင်ကျဉ်းပေးနေသည်ကို ဆက်၍ဆန်းစစ် ကြည့်ကြပါဦးစို့။ ဤတွင် ကျွန်ုပ်တို့ ကမ္ဘာမြေ ရှိ ရေထုကြီးအား လေ့လာမည်ဆိုပါက အပိုင်း နှစ်ပိုင်းဖြင့် ခွဲခြမ်း၍ လေ့လာကြရပေတော့မည်။ ဤသည်မှာကား ပင်လယ်သမုဒ္ဒရာကြီးများ ပါ ဝင်သော ရေငန်ပိုင်းနှင့် ကုန်းတွင်းပိုင်းရှိ မြစ် ချောင်းအင်းအိုင်နှင့် မြေအောက်ရေများ ပါဝင် သော ရေချိုပိုင်းဟူ၍ ဖြစ်ပေသည်။ ဤတွင်ဤ ကမ္ဘာ့ရေထု ပမာဏ၏ (၉၇ ဒသမ ၂) ရာခိုင် နှုန်းမှာ ရေငန် (Salt Water)ပိုင်းဖြစ်ပြီး ကျန် (၂ ဒသမ ၈)ရာခိုင်နှုန်းသာလျှင် ရေချို (Fresh Water)ပိုင်း ဖြစ်ပေသည်။
.
ပင်လယ်သမုဒ္ဒရာကြီးများ ပါဝင်နေသော ရေငန်ပိုင်းသည် သက်ရှိလူသားများအတွက် ငါး ပုစွန်၊ ဂဏန်း စသည့်ရေထွက် စားသောက် ကုန်ပစ္စည်း အမျိုးမျိုးတို့အားလည်းကောင်း၊ ဆားထုတ်လုပ်ခြင်း၌ လည်းကောင်း၊ ပင်လယ် သမုဒ္ဒရာ ရေအောက်ရေနံ၊ သဘာဝဓာတ်ငွေ့စ သည့် သဘာဝသယံဇာတများ ထုတ်ယူရာ၌ လည်းကောင်း၊ ပင်လယ်ကူး သဘောင်္ကြီးများဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ လည်းကောင်း၊ ကမ္ဘာလှည့် ခရီးသည်များ အပန်းဖြေလည်ပတ် သွားလာကြရာ၌ လည်းကောင်း၊ မိုးလေဝသနှင့် ရာသီဥတုအား ပြုပြင်သက်ရောက် ထိန်းသိမ်း ပေးရာ၌ လည်းကောင်း၊ ရေအောက် သဘာဝ မျိုးစိပ်များအား ထိန်းသိမ်းစောင့်ရှောက်ပေးရာ၌ လည်းကောင်း စသည်ဖြင့် အတိုင်းအဆမရှိ ကျယ်ပြန့်များပြားလှစွာသော ကောင်းကျိုးတရား များတို့အား ဆောင်ကျဉ်းပေးနေလျက်ရှိနေပေ သည်။
.
ကမ္ဘာ့တိုက်ကြီးများ၏ ကုန်းတွင်းပိုင်းတွင် ရှိနေကြသော မြစ်ချောင်းအင်းအိုင်များနှင့် မြေ အောက်ရေများမှ ထွက်ရှိသော ရေချို (Fresh Water) များတို့ကိုမူကား ကျွန်ုပ်တို့ သက်ရှိလူ သားများ သောက်ရေနှင့် သုံးရေအဖြစ်ဖြင့်လည်း ကောင်း၊ စိုက်ပျိုးမွေးမြူရေး၌ လည်းကောင်း စက်မှုလုပ်ငန်းများတို့၌ လည်းကောင်း မရှိမဖြစ် နေ့စဉ်နှင့်အမျှ အသုံးပြုနေကြရပေသည်။ ဤ သို့ အသုံးပြုနေရသော ရေချိုများအား မြစ် ချောင်းများ၊ ရေလှောင်ကန်ကြီးများ ဆည်မြောင်း တာတမံကြီးများ၊ မြေအောက်ရေတွင်းများ အ ပြင် ခေတ်မီရေသန့်စက်များ တို့အား အသုံးပြု လျက်ပင် ထုတ်ယူသုံးစွဲကြလျက် ရှိနေပေ သည်။
.
''ထမင်းအသက် ၇ ရက်၊ ရေအသက် တစ်မနက်''ဟူသည့် ပမာစကားရပ်အတိုင်း ကျွန်ုပ်တို့ သက်ရှိလူသားများ ကျန်းမာအသက် ရှည် ရပ်တည်နိုင်ဖို့ရာ ၎င်းအထွေထွေ သုံးရေ များထက် သောက်ရေကဏ္ဍက အထူးအရေးပါ လှ၏။ ဖော်ပြပါ ကမ္ဘာ့ရေချိုထု ပမာဏ၏ (ဝ ဒသမ ၆ ) ရာခိုင်နှုန်းကသာလျှင် လူတို့သောက် သုံးသင့်သည့် ရေ (Dirinkable water) ဖြစ် ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ ရေသယံဇာတထိန်း သိမ်းရေး အဖွဲ့မှ ထုတ်ပြန်ကြေညာထား ပေရာ ဤသောက်သုံးရေ ပမာဏမှာ ကမ္ဘာကြီး၏ သန်း ခုနှစ်ထောင်မျှရှိသော လူဦးရေများ သောက် သုံးဖို့ရာတွင် အလွန်ပင် နည်းပါးလှသော ပမာဏပင် ဖြစ်ပေသည်။
.
ဤတွင် လက်ရှိလူသားတို့ လုပ်ကိုင်အသုံးချနေသော အမျိုးမျိုးသော ဓာတုစွန့်ပစ်ပစ္စည်း များတို့ကြောင့် ဤသောက်သုံးနိုင်သော ရေထုပမာဏ တဖြည်းဖြည်း ယုတ်လျော့ကျဆင်းလာ ရကာ (၂ဝ၂၅) ခုနှစ်တွင် ကမ္ဘာ့လူဦးရေ၏ သုံး ပုံနှစ်ပုံမျှတို့သည် ရေကောင်းရေသန့် ရရှိသုံးစွဲ မှု အခြေအနေမျိုးမှ မလွဲမသွေ လွဲချော်ရင်ဆိုင် ကြရတော့မည် ဖြစ်ကြောင်းကိုပါ အဆိုပါကုလ သမဂ္ဂ အဖွဲ့ကြီးမှ စာရင်းပြုစု ထုတ်ပြန်ကြေညာ ထားပေသည်။
.
ကျွန်ုပ်တို့ သောက်သုံးနေသော ရေများအား ကမ္ဘာ့မြေပြင်ပေါ်၌ စီးဆင်းနေကြသော မြစ် ချောင်းရေအိုင်များ (Surface Water) မြေ အောက်ရေများ (Ground Water)နှင့် သဘာဝ မိုးရေ (Rain Waater)တို့မှ ရရှိကြပြီး မြစ်ချောင်း ရေများမှာ ပိုးမွှားများနှင့် ဓာတုအဆိပ်အတောက်များ ပါရှိနေတတ်၍ သောက်သုံးရန် မသင့်တော်ပေ။ မြေအောက်ရေမှာ သဘာဝနည်းအရ သန့်စင်နေ၍ သောက်သုံးရန် သင့်လျော် ပြီး မိုးရေမှာ သောက်သုံးရန် အသင့်တော်ဆုံး ရေပင် ဖြစ်ပါသည်။ ယခုအခါတွင်ကား အဆိုပါ ရေချိုများအား အဆိပ်အတောက်နှင့် ပိုးမွှားများ အားလုံး ကင်းစင်ရလေအောင် ခေတ်မီရေသန့် စက်ကြီးများအား အသုံးပြုလျက် ထုတ်ယူအသုံး ပြုလျက်ရှိနေကြပေပြီ။
.
ကျွန်ုပ်တို့ သောက်သုံးသင့်သော ရေကောင်း ရေသန့်သည် အရောင်အဆင်း၊အနံ့၊အရသာတို့ ကင်းရှင်းရမည် ဖြစ်သည့်အပြင် ပိုးမွှားများ၊ ဓာတုအဆိပ်အတောက်များ၊ ပြဒါး၊ ခဲ၊ အာ ဆင်းနစ်တို့ကဲ့သို့ သတ္တုဓာတ် ပါဝင်မှုများ အထူး ကင်းရှင်းရန် လိုအပ်လှပေ၏။ ဤကဲ့ သို့သော ရေကောင်းရေသန့်များတို့အား ရရှိ နိုင်ရေးအတွက် (၁) အနည်ထိုင်အောင် အဆင့်ဆင့် စစ်ဆေးခြင်း (၂) ကြိုချက်ခြင်း (၃)ရော ဂါပိုးမွှားကင်း စင်အောင် ကလိုရင်းကဲ့သို့ ပိုး သတ်ဆေးများအား စနစ်တကျ အသုံးပြုခြင်း (၄) ခေတ်မီရေသန့်စက်ကြီးများဖြင့် ထုတ်ယူ ခြင်း စသည့်နည်းလမ်းကောင်းများဖြင့် အသုံး ပြုကာ ထုတ်ယူနိုင်ကြပေသည်။ အကယ်၍သာ ကျွန်ုပ်တို့သည် မသန့်ရှင်းသောရေကို သောက် သုံးမိပါက ဝမ်းရောဂါအမျိုးမျိုး၊ အရေပြားရော ဂါအမျိုးမျိုး၊ အသည်းရောင် အသားဝါရောဂါ များအပြင် ဓာတုအဆိပ်အတောက်များ ပါဝင် နေသော ရေတို့အား ကာလတာရှည်စွာသောက် သုံးနိုင်ခြင်းသည် ကျွန်ုပ်တို့၏ ကျန်းမာရေးအ တွက် အလွန်အရေးပါ အရာရောက်သောမဟာ လာဘ်ကြီးတစ်ပါးပင်တည်း။
.
ကျွန်ုပ်တို့ လူသားများအား ပထဝီ၊ အာပေါ၊ ဝါယော၊ တေဇောဟူသော ဓာတ်ကြီးလေးပါး ဖြင့် ဖွဲ့စည်းထားပေရာ ဤခန္ဓာကိုယ် တစ်ခုလုံး ၏ (၈ဝ)ရာခိုင်နှုန်းကိုလည်း ဤအာပေါဟူသော ရေဓာတ်ဖြင့် ဖွဲ့စည်းတည်ဆောက် ထားခြင်းပင် ဖြစ်ပေရာ သက်ရှိလူသားများတို့သည် သန့်စင် သော ရေပမာဏအား မိမိတို့ခန္ဓာကိုယ် လိုအပ် ချက်နှင့်အညီ နေ့စဉ်မှန်မှန် သောက်သုံးပေးကြ မှသာလျှင် ကျွန်ုပ်တို့၏ ကျန်းမာရေးအားတစ် ဖက်တစ်လမ်းဆီမှ အထောက်အကူ ပြုပေးမည် မှာ အသေအချာပင် ဖြစ်ပါ၏။ ဤသည်ကြောင့် ပင် သောက်သုံးရေ တစ်ခွက်၏ အရေးပါအရာ ရောက်ကြောင်းကို မြန်မာ့ရှေးပညာရှိ စကားပုံ များရှိခဲ့သလို အင်္ဂလိပ်ပညာရှိ အဆိုတစ်ရပ်၌ လည်း “You can live without love but you can not live water''(သင်သည် အချစ်မ ရှိဘဲ နေနိုင်မည်ဖြစ်သော်လည်း ရေမရှိဘဲနဲ့ တော့ နေနိုင်မည် မဟုတ်ပါ)ဟူ၍ တင်စားဖွဲ့ဆို ထားသည်ကို တွေ့ရှိရပေသည်။
.
ကမ္ဘာမြေပေါ်မှ သက်ရှိလူသားများသောက် သုံးနိုင်ရေးအတွက် သဘာဝအလျောက် ထုတ် လုပ်ထွက်ရှိပေးနေရှာသည့် ရေကောင်းရေသန့် အရည်အသွေး ပမာဏတို့ တဖြည်းဖြည်း ယုတ် လျော့ကျဆင်းလာရသည့် အကြောင်းရင်းခံရပ် များတို့မှာကား ရာသီဥတု ပြောင်းလဲလာခြင်း (Climate change)၊ သစ်တောများ ပြုန်းတီး လာခြင်း (Deforestation)၊ အိုဇုန်းလွှာပါးလွှာ လာခြင်း (Ozone depletion)၊တို့အပြင် စက် မှုကဏ္ဍများမှ စွန့်ပစ်ပစ္စည်းများနှင့် လူသားတို့ အသုံးပြု စွန့်ပစ်လိုက်သော ပလပ်စတစ်ပစ္စည်း များ ရေထုထဲသို့ ရောက်ရှိသွားခြင်း စသည့်အ ကြောင်းရပ်များဖြင့် ဆက်နွယ်လျက်ရှိနေပေ သည်။ ဤသည်မျှပင်မကသေး အချို့သောစက် မှုနိုင်ငံကြီးများတို့တွင် စက်လည်အားများမှထွက် ရှိလာသော မီးခိုးငွေ့များကြောင့် လေထုညစ် ညမ်းမှု (Air Pollution) ဖြစ်ပွားရကာ ၄င်း လေထုပါ တိမ်တိုက်များမှ ရွာချလိုက်သော မိုး ရေသည်လည်း သဘာဝမိုးရေ (Rain Water) အစား အက်ဆစ်ပါမိုးရေ (Acid Rain)အဖြစ် ရွာချပေးနေသည့် သာဓကများလည်း ရှိပါသေး ၏။
.
ဤအကြောင်းရပ်တို့အား ထောက်ရှုလျက် ကျွန်ုပ်တို့ ကမ္ဘာမြေ၏ ကောင်းမွန်သော သဘာ ဝရေထုကြီးအား ဆက်လက်ထိန်းသိမ်းထားနိုင် ရေးအတွက် ¤င်းနှင့်အတူ ယှဉ်တွဲဖြစ်ပျက်ပေး နေသော ကမ္ဘာ့မြေထုနှင့် လေထုတို့ကိုပါညစ် ညမ်းမှု မရှိစေရအောင် ကျွန်ုပ်တို့ကမ္ဘာသူ ကမ္ဘာ သားများတို့က ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းသွား ကြရမည်ဖြစ်ကြောင်းကို ကမ္ဘာ့ကုလသမဂ္ဂမြေ ကမ္ဘာ့ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ကြီးမှ ကမ္ဘာသူ ကမ္ဘာသားများတို့အား အတိအလင်း သိပေးထုတ်ပြန် ကြေညာပေးထားပေ၏။
.
ဤသည်ကြောင့်ပင် ကမ္ဘာတစ်လွှားနှင့်တ ကွ ကျွန်ုပ်တို့ မြန်မာပြည်သူ ပြည်သားများတို့ ၏ သက်ရှိလူသားများအားလုံး ကျန်းမာပျော်ရွှင် စွာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် မရှိမ ဖြစ် အရေးပါ အရာရောက်လှသော ဤသန့်ရှင်း သော သောက်သုံးရေကို ယုံကြည်စိတ်ချစွာ ရ ရှိနိုင်ကြစေဖို့ရာ ကျွန်ုပ်တို့ ကမ္ဘာမြေဆီမှ သ ဘာဝကျစွာ တည်ရှိထုတ်လွှတ်ပေးနေရှာသော ဤရေထုကြီးအား အစဉ်ထာဝရ သန့်ရှင်းစင် ကြယ်နေရအောင် ကျွန်ုပ်တို့လူသားတစ်ရပ်လုံး တို့က အလေးအနက်ထား၍ ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်သွားကြရမည် ဖြစ်ပါကြောင်း တင်ပြ အပ်ပါသည်။
.
(ကျွန်ုပ်တို့ သက်ရှိလူသားများအားလုံး သန့် ရှင်းသော ရေကောင်းရေသန့်အား အသုံးပြု နိုင်ကြလျက် ကျန်းမာပျော်ရွှင်သောဘဝများတို့ ကို ရယူပိုင်ဆိုင်နိုင်ကြပါစေ)။
.