တာချီလိတ်တွင် ဆိုင်ကယ်ခိုးယူသွားသော လူငယ် ၂ ဦးအား ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, December 22, 2018

တာချီလိတ်တွင် ဆိုင်ကယ်ခိုးယူသွားသော လူငယ် ၂ ဦးအား ဖမ်းဆီးရမိ



မိုင်းမော (တြိဂံနယ်မြေ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၃) ဈေးအနီးရှိ ရွှေနဂါး (၈၈) နှစ်ထပ်လိုင်းခန်းငှား၌ ခိုးယူသွားသော ဆိုင်ကယ်ကို ဒီဇင်ဘာ ၂ဝ ရက်နေ့ ညနေ ၇ နာရီခန့်က တရားခံ ၂ ဦး နှင့်အတူ  ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
.
.
''ဆိုင်ကယ်က ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၃ နာရီက အခိုးခံရတာပါ။ နေအိမ်လိုင်းခန်းက လူတွေအိပ်မောကျချိန် ဆိုင်ကယ်ဇက်သော့ ဖျက်ဆီးပြီး ခိုးယူသွားတယ်။ တစ်ဦးက ဝမ်မိုင်၊ နောက်တစ်ဦးက ဆန်ဆိုင်းမှာ မိတာပါ။ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ကွင်းဆက်တွေကို ဆက်လက်စစ်ဆေးနေပါတယ်။ ခိုးမှုတွေ ထပ်ပေါ်လာရင် ပေါ်လာနိုင်သေးတယ်''ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်း ရဲအုပ် ကိုကိုဦးက ပြောသည်။
.
တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၃) ဈေးအနီးရှိ ရွှေနဂါး(၈၈)နှစ်ထပ်လိုင်းခန်းနေ မယာမီးသဲသည် ဒီဇင်ဘာ ၁ဝ ရက်ည ၇ နာရီတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းအတွင်းရှိ အာခါနှစ်သစ်ကူး ပွဲတော်သို့ သွားရောက်လည် ပတ်ခဲ့ပြီး နေအိမ်လိုင်းခန်းသို့ ပြန်လာပြီး Honda Wave-110 ဆိုင်ကယ်အား လိုင်ခန်းငှား လှေကားအောက်တွင် ဇက်သော့ခတ်လျှက် ထားခဲ့ရာမှ ဒီဇင်ဘာ ၁၁ ရက် နံနက်တွင် ဆိုင်ကယ်မှာ ပျောက်ဆုံးနေသည်ပို တွေ့ရှိသဖြင့် စုံစမ်းဖော်ထုတ်အရေးယူပေးရန် မယာမီးသဲက လာရောက်တိုင်တန်းရာ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကိုကိုဦး နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့ပေါ်အတွင်း လိုက်လံသတင်းစုံစမ်းဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၂ဝ ရက်ည ၇ နာရီခန့်တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်နေ မောင်ဝ နှင့် ဝမ်မိုင်ရပ်ကွက်နေ ထူးထူးတို့အား ခိုးယူသွားသည့် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ဆိုင်ကယ်နှင့်ဖမ်းဆီးရမိသူ ဆန်ဆိုင်း(ခ)ရပ်ကွက်နေ မောင်ဝနှင့် ဝမ်မိုင်ရပ်ကွက်နေ ထူးထူးတို့ ၂ ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan