နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လားရှိုး-မူဆယ်သွားပြည်ထောင်စုလမ်းမကြီး
၁၂ မိုင်ကုန်းဆင်းတွင် ဒီဇင်ဘာ ၁၉ ရက်၊ နံနက်ပိုင်းက နွားများတင်ဆောင်လာသောယာဉ်က ကုန်တင်ယာဉ်ကို
နောက်ပြန်တိုက်မိရာ ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ
သိရှိရသည်။
.
.
မန္တလေးဘက်မှ မူဆယ်ဘက်သို့ နွားများတင်ဆောင်လာသော ၁၂ ဘီးယာဉ်သည်
နောက်ပြန်လိမ့်ပြီး လမ်း ဘေးတွင် ရပ်နားထားသော ကုန်တင်တွဲကားအား တိုက်မိရာမှ ကားခေါင်းခန်းတွင်
အိပ်နေသည့် ယာဉ်မောင်း သေဆုံးခဲ့ရကြောင်း သိရသည်။
“တွဲကားက လမ်းဘေးမှာချပြီး အိပ်နေတာ။ နွားကားက ကုန်းတက်ကနေ နောက်ပြန်လိမ့်လာပြီးတော့
တွဲကား ကို ဝင်တိုက်မိတာ။ တစ်ဦးသေဆုံးပြီးတော့ ၆ ဦးဒဏ်ရာရရှိခဲ့တာတွေကို ပရဟိတအသင်းကားတွေနဲ့
ဆေးရုံကို ပို့ပေးခဲ့တာပါ”ဟု လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ ကိုစိုင်းဝသုန်က
ပြောသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် နွားတင်ယာဉ်ပေါ်မှ နွားထိန်း
၆ ဦးအနက် နွားထိန်း ၁ ဦး၏ ဒဏ်ရာများမှာ စိုးရိမ်ရသဖြင့်
လားရှိုးမြို့မှ မန္တလေးဆေးရုံသို့ လူမှုကူညီရေးယာဉ်ဖြင့် ပို့ဆောင်ပေးနေကြောင်း သိရသည်။
.
“၁၂ ဘီးနွားကားက ၁၂ မိုင်ကုန်းတက်ကို တက်တယ်။ အဲ့မှာ မိုးရွာထားလို့၊
ချောလို့ မတက်နိုင်ဘဲ နောက်ပြန် ပြန်လိမ့်လာပြီးတော့ လမ်းဘေးရပ်ထားတဲ့ တွဲကားကို ဝင်တိုက်တယ်။
တွဲကားယာဉ်မောင်း သေဆုံးတယ်” ဟု လားရှိုးယာဉ်ထိန်းရုံးမှ ရဲအုပ် တင်စိုးလင်းက ပြောသည်။
.
ယာဉ်အားမဆင်မခြင်မောင်းနှင်ခြင်းကြောင့် လူ ၆ ဦးဒဏ်ရာရကာ လူ ၁
ဦးသေဆုံးခဲ့ရသဖြင့် ၁၂ ဘီး နွားတင် ယာဉ်မောင်းအား လားရှိုးမြို့မ ရဲစခန်းက ယာဉ်(ပ)၃၈/၂၀၁၈၊
ပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄(က)တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan