မူဆယ်ဆေးရုံတွင်ဆွံ့အနားမကြား မွေးမိခင်ထံမှ ကလေးငယ် ခိုးယူခံရမှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, December 24, 2018

မူဆယ်ဆေးရုံတွင်ဆွံ့အနားမကြား မွေးမိခင်ထံမှ ကလေးငယ် ခိုးယူခံရမှု ဖြစ်ပွား



မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကလေးမီးဖွားခဲ့သည့် ဆွံ့အနားမကြားမိခင်ထံမှ ကလေးငယ်အား ဒီဇင်ဘာလ ၂၂ ရက်၊ မွန်းလွဲပိုင်းက ခိုးယူခံရမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် ပြန်လည်ရှိနိုင်ရေးနှင့် တရားခံများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
“ပထမကလေးတုန်းကလဲ ဒီလိုပဲ ဘယ်သူယူသွားမှန်းမသိဘူးဆိုပြီး ပျောက်သွားခဲ့ဖူးလို့ သေချာဂရိုက်စိုက်ခဲ့ပါတယ်။ မွေးပြီးတစ်ပတ် ဆေးရုံဆင်းခွင့်ရတာနဲ့ ၁၀၅ မိုင် သီလရှင်ကျောင်းကို မွေးဖို့ သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။ အခွင့်မရဘဲ သွားပို့တယ်ဆိုပြီး ဆေးရုံကပြောလို့ ပြန်ခေါ်လာပြီး ထားတဲ့အချိန်မှာပဲ ကလေးကို CCTV တွေ၊ ဘေးက လူနာစောင့်တွေပါ ရှိတဲ့အချိန်မှာ လာခေါ်သွားခံခဲ့ရတာပါ။ မနေ့က ကျယ်ဂေါင်ထဲမှာ နှစ်နိုင်ငံတာဝန်ရှိသူတွေနဲ့ လိုက်စုံစမ်းရှာဖွေပေမဲ့ မတွေ့ရတော့ပါဘူး။ ဆေးရုံကတော့ အမှုဖွင့်ပါတယ်” ဟု မူဆယ်မြို့၊ ဂရုဏာလူမှုကူညီရေး အသင်းတာဝန်ခံ ဦးသောင်းထွန်းက ပြောသည်။
.
မူဆယ်ဆင်ဖြူဈေးအနီး လမ်းဘေးတွင် ဘူးခွံ၊ ပုလင်းခွံများ ကောက်ရောင်းပြီး တစ်ခါတစ်ရံ တောင်းရမ်းစား သောက်နေသည့် ဆွံ့အနားမကြား အသက် (၃၇) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ပြီးခဲ့သည့် တစ်ပတ်ခန့်က မူဆယ်ဆေးရုံ၌ မိန်းကလေးတစ်ဦး မီးဖွားပြီးခဲ့ရာ အဆိုပါအမျိုးသမီးမှာ ယခင်ပထမကလေး မွေးဖွားစဉ်ကလေး ကလေးပျောက်ဆုံးမှုဖြစ်ပွားခဲ့ဖူးကြောင်း သိထားသဖြင့် ထပ်မံမဖြစ်ပွားစေရေးအတွက် ဆေးရုံ၊ လူမှုဝန်ထမ်းဌာနတို့နှင့် တိုင်ပင်ကာ မူဆယ် ၁၀၅ မိုင်ရှိ သီလရှင်ကျောင်းသို့ သွားရောက်ပို့ဆောင်ခဲ့သော်လည်း ဆေးရုံမှ ခွင့်ပြုချက်မရဟုပြောသဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် ဆေးရုံရှိ မွေးလူနာဆောင်သို့ အမျိုးသမီး ၂ ဦး ရောက်ရှိလာကာ ကလေးအား ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါအမျိုးသမီးများမှာ ကလေးမိခင်နှင့် အမျိုးတော်စပ်ပြီး ကလေးကိုတောင်းယူနေသူများဟု သိရသော်လည်း လာရောက်ယူစဉ် မိခင်မှာအိပ်ပျော်နေပြီး ဆရာမက ယူခိုင်းခြင်းဖြစ်သည်ဟုပြောပြီး ယူသွားသည်ဟု ဘေးလူနာ များမှပြောကြားကြကြောင်းနှင့် နောက်ဆုံးအခြေအနေအရ မူဆယ်တစ်ဘက်ကမ်း တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက် ရောက်ရှိသွားပြီဟု သိရသဖြင့် တရုတ်နိုင်ငံ CID နှင့် မြန်မာလူကုန်ကူးတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင် များနှင့် မူဆယ်ဆေးရုံတို့မှ လိုက်လံစုံစမ်းရှာဖွေသော်လည်း မတွေ့ရှိရသေးကြောင်း မူဆယ်ဆေးရုံ ဝန်ထမ်းတစ်ဦး ထံမှ သိရသည်။
.
“ရဲစခန်းမှာ ဆေးရုံက တရားလိုလုပ်ပြီး အမှုဖွင့်ပါတယ်။ အမှုမှန်ပေါ်စေချင်ပါတယ်၊ ကလေးကိုလည်း ဆေးရုံဆင်းခွင့်ရလို့သီလရှင်ကျောင်းကိုသွားပို့တာပါ၊ ဒီလိုဖြစ်မှာစိုးလို့ သေချာလုပ်ဆောင်နေတဲ့အထဲက ခုလိုဖြစ်ရတာ ဘယ်လိုမှလက်မခံနိုင်ပါဘူး၊ လုံခြုံစိတ်ချရအောင်လုပ်နေတာတောင် လွဲ ချော်မှုဖြစ်ရတာ လုံးဝစိတ်မကောင်းပါဘူး၊ မိခင်ဖြစ်သူကလည်း အသဲရောင်အသားဝါ ဘီပိုးရှိနေတာကလွဲပြီး ရူးနေတာ မဟုတ်ပါဘူး၊ ဆွံ့အနားမကြားတာဘဲရှိတာပါ၊ သိပ်သနားစရာကောင်းပါတယ်`ဟု ဆေးရုံဝန်ထမ်းက ပြောသည်။
.
မိခင်ဖြစ်သူမှာ လက်ရှိတွင် မူဆယ်ဆေးရုံ၊ သားဖွားဆောင်အတွင်း ရှိနေဆဲဖြစ်ပြီး ၎င်း၏ညီမဝမ်းကွဲဖြစ်သူမှ လာရောက် စောင့်ရှောက်နေသည်ဟု သိရသည်။ မိခင်ဖြစ်သူအား ဆေးရုံမှ ၁၀၅ မိုင် သီလရှင် ကျောင်းသို့ ပို့ဆောင်သွားရန်ရှိကြောင်း လူမှုအဖွဲ့အစည်းများထံက သိရသည်။

No comments:

Post a Comment