သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများကြောင့် ကျေးရွာသား ၃၀၀ ဝန်းကျင် တိမ်းရှောင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, December 26, 2018

သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများကြောင့် ကျေးရွာသား ၃၀၀ ဝန်းကျင် တိမ်းရှောင်

နောင် (မြစ်မခ)
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ကျေးရွာသား ၃၀၀ ဝန်းကျင်မှာ ဒီဇင်ဘာ ၂၅ ရက်တွင် နားမခေါ်ဘုန်းကြီးကျောင်းသို့ ရှောင်တိမ်းလာပြီး ခိုလှုံ နေကြရကြောင်း တိုက်ပွဲရှောင်များကို ကူညီပေးနေသူများထံမှ သိရှိရသည်။
နားမခေါ်ကျေးရွာအုပ်စု၊ တုံကျိုင်းကျေးရွာအတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါရွာနှင့် အနီးရှိ ဟိုနားကျေးရွာမှ ရွာသား ၃၀၀ ဝန်းကျင်မှာ ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်း ဖြစ်သည်။
“ဒီဇင်ဘာ ၂၄ ရက်၊ မနက်ပိုင်းမှာ တုံကျိုင်းရွာမှာ နှစ်ဖွဲ့တိုက်ပွဲဖြစ်လို့ တုံကျိုင်းရွာသားတွေက ရွာပြင်ကို ထွက် လာကြတဲ့သူက ထွက်လာတယ်။ အခြားရွာက ရွာသားတွေလည်းပါတယ်။’’ဟု ဒီးယားရိမ်းဂျား(နမ့်လန်)လူမှုကူ ညီရေးအသင်းမှ ကိုညီညီဇော်က ပြောသည်။


အဆိုပါကျေးရွာများတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ထွက်ပြေးလာသူများ ရှိသကဲ့သို့  ကတုတ်ကျင်းများ အတွင်း ခိုလှုံနေသော ရွာသားများ ကျန်ရှိနေသေးကြောင်း သိရသည်။
“ဦးလေးတို့ကတော့ အရင်ဆုံး ထွက်ပြေးလာခဲ့တာ ကျည်ဆံတွေက ဟိုနေရာထိ၊ ဒီနေရာ ထိတာတွေရှိတယ်။ လူတော့ ဘာမှဖြစ်တာ မတွေ့ဘူး။ ရွာမှာ လူတွေကျန်နေသေးတယ်။’’ဟု တိမ်းရှောင်လာသူ တုံကျိုင်းရွာနေ ဦးဖိုးလုံက ပြောသည်။
အဆိုပါ ရွာသားများအား ဒီးယားရိမ်းဂျား(နမ့်လန်)၊ နယ်စည်းမခြားပရဟိတ(သီပေါ)၊ မြတ်မွန်စေတနာ(သီပေါ) တို့က လူမှုကူညီရေးအသင်းကားများဖြင့် နားမခေါ်ကျေးရွာ ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment