မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊
အောင်ပန်းမြို့ အရှေ့ဘက်၊ ဇင်ယော်ဆီပန့်ဆိုင် အနီးတွင် ဒီဇင်ဘာလ ၂၈ ရက်၊ ညနေက မော်တော်ဆိုင်ကယ်အား
ဆီဖြည့်ပြီး ဆီဆိုင်မှ အထွက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းပေါ်၌ မောင်းနှင်နေသည့် ၆
ဘီးယာဉ်အား ၀င်တိုက်သဖြင့် ဆိုင်ကယ်မောင်းသူအား အောင်ပန်းဆေးရုံမှတဆင့် တောင်ကြီး စ၀်စံထွန်းဆေးရုံသို့
တင်ပို့ကုသရာမှ သေဆုံးသွားကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းမှ သိရသည်။
.
“ ဆိုင်ကယ်သမားက
လမ်းပေါ်ကို အရမ်းထွက်လာတော့ လမ်းပေါ်က ကားနဲ့ တိုက်မိပြီး ခေါင်းထိသွားတာ၊ အောင်ပန်း
ဆေးရုံကနေ တဆင့် တောင်ကြီးကို အသင်းကားနဲ့ ပို့ပေးခဲ့ပါတယ်။ ဆရာဝန်တွေကတော့ အခြေအနေ
မကောင်းဘူးလို့ စမ်းသပ်ပြီးပြောခဲ့တာ ကုသပြီးနောက် ဒီမနက် ၆ နာရီခွဲမှာ ဆုံးသွားပြီလို့
သတင်းရပါတယ်။” ဟု အောင်ပန်းနာရေးကူညီမှုအသင်း နာယက ဦးစိုးနိုင်(ပန်းချယ်ရီ)မှ ကမ္ဘောဇတိုင်းသို့
ပြောကြားသည်။
.
အောင်ပန်းမြို့၊
ကမ်းပါးနီကျေးရွာအုပ်စု၊ သရက်ပုကျေးရွာနေ ဦးအောင်ကြွင်း၊ ၃၉ နှစ်သည် မိုင်တိုင်အမှတ်
၈၄/၂-၃ ကြား ဇင်ယော်ဆီပန့်တွင် ဆီဖြည့်ပြီးနောက် ကားလမ်းမပေါ်သို့ ကန့်လန့်ဖြတ် တက်ရောက်မောင်းနှင်စဉ်
ပြည်ထောင်စု လမ်းမပေါ်၌ အနောက်မှ အရှေ့သို့ လမ်းမှန်မောင်းနှင်နေသည့် မော်တော်ယာဉ်၏
ဝဲဘက်ခြမ်းသို့ ၀င်တိုက်မိကာ ဦးခေါင်းနောက်စေ့ ယာဘက် ပေါက်ပြဲ၊ နှာခေါင်းသွေး ထွက်ကာ
သတိမရသဖြင့် ဆေးရုံတင်ပို့ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
.
“ စဖြစ်ကတည်းက
သတိမရဘူး၊ အရက်နံ့ ရတယ်၊ သူ့အရှိန်သူ မထိန်းနိုင်ဘဲ မှားတာဖြစ်လို့ အမှုက သူ့ကိုပဲ
စွဲရပါတယ်။ အဓိကတော့ ဆိုင်ကယ်စီး ဦးထုပ် မဆောင်းတာပဲ၊ ဦးထုပ်မပါတော့ လမ်းနဲ့ ရိုက်တာနဲ့
သေတာ များတယ်၊ ဈေးနေ့တိုင်း ပညာပေးနေပေမယ့် ရွာဖက်က လူတွေက လိုက်နာမှု အားနည်းတယ်၊
လမ်းတွေကလည်း ကောင်းလာတော့ ဇွတ်မောင်းကြတာ၊ သတိထားကြဖို့ လိုပါတယ်” ဟု အောင်ပန်းမြို့၊
အမှတ်(၁၁၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲအုပ် ကျော်ကျော်ဝင်းက ပြောသည်။
.
အဆိုပါ ဖြစ်စဉ်မှ ဆိုင်ကယ်ကို အရှိန်မထိန်းနိုင်ဘဲ မော်တော်ယာဉ်ကို ၀င်ရောက်တိုက်မိကာ မိမိကိုယ်ကို သေစေလောက်အောင် ဖြစ်ပွားစေသည့် ဆိုင်ကယ်ယာဉ်မောင်း ဦးအောင်ကြွင်းအား အောင်ပန်းနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၃၈/၂၀၁၈၊ ၂၉၇/၃၃၈ ဖြင့် အမှုဖွင့်လှစ်ထားရာမှ သေဆုံးသွားသဖြင့် ပုဒ်မ ၃၀၄-က သို့ ပြောင်းလဲ ဖွင့်လှစ်ထားကြောင်း အောင်ပန်းနယ်မြေရဲစခန်းမှ သိရသည်။
No comments:
Post a Comment