တောင်ကြီးမြို့၏ လူကြိုက်အများဆုံးဆုအား လွတ်လပ်ရေးနေ့တွင် ပေးအပ်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, December 30, 2018

တောင်ကြီးမြို့၏ လူကြိုက်အများဆုံးဆုအား လွတ်လပ်ရေးနေ့တွင် ပေးအပ်မည်


ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ပရဟိတအဖွဲ့များနှင့် မြို့/သူမြို့သားများက ပေးအပ်ချီးမြှင့်သော ၂၀၁၈ ခုနှစ်အတွက် တောင်ကြီးမြို့၏ လူကြိုက်အများဆုံးဆုကို ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် (၇၁) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီဆု ပေးအပ်ချီးမြှင့်ဖို့အတွက် မြို့သူ/မြို့သားတွေရဲ့ သဘောထားဆန္ဒလည်း ပါတယ်။ ပေးအပ်တာကတော့ မြို့သူ/မြို့သားတွေ အများပြည်သူတွေရဲ့ အလှူငွေတွေနဲ့ ကျွန်မတို့တွေက ပေးအပ်ချီးမြှင့်တာပါ။ မနှစ်တုန်းကလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဂုဏ်ပြုဒိုင်းတော့ မပါခဲ့ပါဘူး။ ဒီနှစ်တော့ ဂုဏ်ပြုဒိုင်းဆုပါမယ်” ဟု တောင်ကြီးမြို့ အခြေစိုက် ရှင်သန်မြေအစိမ်းရောင်ကွန်ရက်မှ ဒေါ်ချယ်ရီကျော်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။


အဆိုပါဆုအား တောင်ကြီးမြို့သူ/မြို့သားများနှင့် မြို့ပေါ်ရှိ ပရဟိတအဖွဲ့များက ဆုရွေးချယ်ပေးအပ်ရေး ကော်မတီ ဖွဲ့စည်း၍ ရွေးချယ်ပေးအပ်ခြင်းဖြစ်ပြီး ဆုရရှိသူအား ကြိုတင်ကြေညာမည် မဟုတ်ဘဲ ဆုပေးပွဲ အခမ်းအနား ရောက်မှသာ ကြေညာမည်ဖြစ်ကြောင်းနှင့် ဆုချီးမြှင့်ရန်အတွက် ကျန်းမာရေးဌာနနှင့် ပညာရေးဌာနမှ ဝန်ထမ်းများအား ရွေးချယ်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
“အခုလို ပေးအပ်တာတော့ ကောင်းပါတယ်။ ကျန်တဲ့သူတွေအတွက်လည်း အတုယူစရာဖြစ်သလို မြို့ရဲ့ ကျက်သရေကိုလည်း တိုးတက်စေတာပေါ့။ နှစ်စဉ်နှစ်တိုင်း ပေးအပ်နိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့။ မြို့သူ/ မြို့သားတွေကလည်း ဒီအစီအစဉ်ကို သဘောကျ နှစ်ခြိုက်ကြပါတယ်'' တောင်ကြီးဒေသခံတစ်ဦးဖြစ်သူ ဦးချမ်းငြိမ်းက ပြောကြားခဲ့သည်။
အဆိုပါဆု ရရှိသူများအား ဂုဏ်ပြုဒိုင်းဆု၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အများပြည်သူ ထည့်ဝင်လှူဒါန်းထားသည့် အလှူငွေများကို ဆုကြေးငွေအဖြစ် ပေးအပ်မည်ဖြစ်ပြီး အလှူငွေ ရရှိမှုအပေါ် မူတည်၍ ဆုကြေးငွေ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့တွင် ယခုကဲ့သို့ ဂုဏ်ပြုဆုများ ပေးအပ်ခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး ယခင်နှစ်ကလည်း တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုနှင့် အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲတပ်ကြပ် စောမေလျမ်တို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ဖူးကြောင်း သိရသည်။